ပြောလည်း ပြောချင်တယ် ပြောလည်း မပြောရဲဘူး
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ ▄▄
®®®®®®®®®®®®®®®®®®®®®®®®®® ®®
လျှပ်တပြက် မုဒိတာ
ဆူဒိုနင်
အထင်ကြီးစရာ စရိုက်
မနက်စာ စားတဲ့အချိန်က အလွဲ။ စားမိတဲ့ အစာကလည်း အလွဲ။ ဂျပန် တိုဟူးနဲ့ ပဲပင်ပေါက်သုတ်ကို မွန်းတည့် ၁၂ နာရီလောက်မှာ စားဖြစ်သွား တာ။ ဘာဆန်၊ ဘာဂျုံမှ မပါတော့ အဆာပြေတယ် ဆိုရုံလေးရယ်။ အဲတော့ ညနေ ၄ နာရီသာသာလောက်မှာ တအားဆာလာတယ်။ ဒါနဲ့ တည်းနေတဲ့ ဟိုတယ်ရဲ့ မျက်နှာချင်းဆိုင် လမ်းတစ်ဖက်မှာရှိတဲ့ လမ်းဘေး ဆိုင်လေးကို သွားလိုက်ပါတယ်။
ထမင်းနဲ့ ဟင်း မှာပြီးတဲ့အခါ ဘီယာ တစ်လုံးပါ တွဲမှာလိုက်ပါတယ်။ စားပွဲ ထိုးလေးက ဘီယာရောင်းလို့ မရသေးပါဘူးတဲ့။ ငါးနာရီထိုးမှ ရောင်းခွင့် ရှိပါသတဲ့။ ကျွန်တော် အံ့အား သင့်သွားတယ်။ သူက ဆက် ရှင်းပြနေပြန် တယ်။ မနက်ပိုင်း ၁၁ နာရီက နေ့ခင်း ၂ နာရီအထိ ရောင်းခွင ရှိတယ်။ ညနေ ၅ နာရီက ည ၁၂ နာရီအထိ ရောင်းခွင့် ရှိတယ်။ နေ့ခင်း ၂ နာရီက ညနေ ၅ နာရီအတွင်း မရောင်းရဘူးလို့ သတ်မှတ် ထားပါသတဲ့။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ တစ်နေ့က ကြုံရတာပါ။ တစ်ဆိုင်လုံးက ဝန်ထမ်း အားလုံးက မြန်မာပြည်က ကလေးတွေမို့ မြန်မာလို ပြောပြ ရှင်းပြနိုင်တာပါ။ ကျွန်တော်က ဘန်ကောက် ရောက်တိုင်း ဈေးသက်သာတဲ့ အဲဒီ့ ဟိုတယ်မှာသာ တည်းခို ဖြစ်သလို အဲဒီ့ဆိုင်လေးမှာ စက်ကျတတ်စမြဲမို့ ဝန်ထမ်းလေးတွေနဲ့ ရင်းနှီးနေပါပြီ။
ဒါနဲ့ အအေး တစ်ပုလင်းသာ မှာလိုက်ပြီး စိတ်ထဲမှာ သဘောတွေ ကျနေပါ တယ်။
စည်းကမ်း လိုက်နာတတ်ကြပုံကို သဘောကျမိတာပါ။
မနှစ်တနှစ်က ဇင်းမယ်မှာလည်း အလားတူ ကြုံဖူးပါတယ်။ ဘီယာကိစ္စပါပဲ။ အဲတုန်းကတော့ လမ်းဘေးဆိုင် မဟုတ်ဘဲ ဇင်းမယ် ညဈေးဘေးက စားသောက် ဆိုင်တန်းမှာ ဖြစ်ပါတယ်။ ဘီယာမှာလိုက်ပါတယ် ။ ရောက်လာ ပါတယ်။ သောက်ခါစမှာ ဆိုင်ရှင်လို့ ယူဆရသူက အပြေးအလွှား ရောက်လာ ပါတယ်။ ကနေ့ အခါကြီးရက်ကြီးမို့ ဘီယာ ရောင်းခွင့် မရှိတဲ့အကြောင်း၊ စားပွဲထိုးလေးက သတိလစ်ပြီး သည်ဘီယာကို ချပေးလိုက်တာ ဖြစ်ကြောင်း ၊ သောက်လက်စကိုတော့ ဆက်သောက်လိုက် နိုင်ပါကြောင်း၊ ဒါပေ မယ့် နောက်ထပ်တော့ ထပ်မှာလို့ မရတော့မယ့် အကြောင်း၊ သည်အ တွက် တောင်းပန်ပါကြောင်း၊ အခု သောက်လက်စ ဘီယာ အတွက် လည်း ငွေပေးစရာ မလိုပါ ကြောင်း ကျကျနန ရှင်းပြ ပြောဆို ပါတော့တယ်။
အဲတုန်းကလည်း သူတို့ရဲ့ စည်းကမ်း လိုက်နာတတ်မှုကို သဘော ကျနေခဲ့ဖူး ပါတယ်။ နီးစပ်သူတွေကို မေးကြည့်မိတယ်။ အဲလို နေ့မျိုးတွေမှာ မှောင် ခို ရောင်းတာရော မရှိဘူးလား ဆိုတော့ ရှိပါတယ်တဲ့။ ဒါပေမယ့် အများ အပြားတော့ မဟုတ်ဘူးလို့ ဆိုပါတယ်။
စည်းကမ်းအစ မူကြိုကဆိုပဲ
သည်တစ်ခေါက် ဘန်ကောက်ကို ရောက်တော့ ထိုင်းမှာ နှစ် ၃၀ ကျော် ကြာ နေထိုင်နေတဲ့ အတန်းဖော် ငယ်သူငယ်ချင်းရယ်၊ ထိုင်းမှာနေတာ ၁၅ နှစ်ရှိပြီဖြစ်တဲ့ စာအုပ်မျက်နှာစာက တစ်ဆင့် သိကျွမ်း ခင်မင်လာတဲ့ ဇနီးမောင်နှံ မိသားစုရယ်ကို တွေ့ခွင့်ကြုံခဲ့ရပါတယ်။ အဲတော့လည်း သူတို့ပြောပြတဲ့ ထိုင်းလူထု စည်းကမ်း လိုက်နာကြပုံ အကြောင်းတွေ ကိုလည်း ကြားရပြန်ပါတယ်။
မိတ်ဆွေ ဇနီးမောင်နှံက ထိုင်းမှာပဲ ရေစက်ဆုံကြတဲ့ မြန်မာဇနီးမောင်နှံပါ။ ကလေး သုံးယောက်ကိုလည်း ထိုင်းမှာပဲ မွေးပြီး ထိုင်းမှာပဲ ကျောင်းထား ပါတယ်။ ထိုင်းတို့ရဲ့ စည်းကမ်း လိုက်နာတတ်တဲ့ စရိုက်ကလေးတွေကို သူတို့နဲ့ စကား စပ်မိသွားတော့ ကလေးအမေက ပြောပါတယ်။ သူ့ကလေးတွေကို ထိုင်းကျောင်းမှာပဲ ထားတာမို့ ကလေးတွေ မူကြို အရွယ် ကတည်းက အရုပ်ကလေးတွေ၊ အရောင်လေးတွေနဲ့ ဘယ်ဟာ လုပ်သင့် တယ်၊ ဘယ်ဟာ မလုပ်သင့်ဘူး ဆိုတာကို ရွေးချယ် ပိုင်းဖြတ်ခိုင်းရင်းက စည်းကမ်းရဲ့ သဘောကို သွန်သင်ပါတယ်တဲ့။
သူတို့ သမီးအကြီးလေးက စာအုပ်ကြီး သမားပါတဲ့။ ကျောင်းက သင်လာတဲ့ စည်းကမ်းတွေနဲ့ သူက တိုင်းတာ တတ်ပါသတဲ့။ ဟုတ်မယ်... ကျွန်တော် စီးကရက် ထုတ်သောက်တော့ ကလေးက ကျွန်တော့်ကို ကြည့်တဲ့ မျက်လုံးက ရာဇဝတ်သားကို ကြည့်သလို မျက်လုံးမျိုးနဲ့ ဖြစ်နေတာ အခုမှ ရှင်းသွားတော့ တယ်။
မျက်မြင်
ဘယ်ဟုတ်ဦးမလဲ၊ သည်တစ်ခေါက် ဘန်ကောက် ရောက်တော့ ရန်ကုန်က ငယ်သူငယ်ချင်းနဲ့လည်း ချိန်းပြီး သောက်ဖြစ် လိုက်သေးတယ် ခင်ဗျ။ အဲဒီ့ သူငယ်ချင်းက ထိုင်းမှာ နှစ်ရှည်လများ နေထိုင်ခဲ့ဖူးသူပါ။ ကနေ့ အခါ မှာတော့ ရန်ကုန်မှာပဲ ပြန်အခြေချ နေပေမယ့် ထိုင်းမှာလည်း အိမ်ခန်းကြီး တစ်ခန်းရှိတဲ့ အပြင် ဘန်ကောက်နဲ့ ရန်ကုန်ကို ဥဒဟို ကူးသန်းနေပါတယ်။ ထိုင်းစကားလည်း တတ်တယ်ပေါ့။
သူနဲ့ချိန်းတော့ သူက ကျွန်တော်ရှိရာ ဟိုတယ်ကို လာတာမို့ ကျွန်တော် စားနေကျ လမ်းဘေး ဆိုင်လေးမှာပဲ အမြည်း ဖွယ်ဖွယ်ရာရာ မှာတဲ့ ပြီး နှစ်ယောက်သား လေပစ်ကြပါတယ်။ သူ့ကိစ္စ ဝိစ္စဗာဟီရကြောင့် ကျွန်တော်တို့ စထိုင်ဖြစ်ချိန်က အတော်တောင် ညဥ့်နက်နေပါပြီ။ ၈ နာရီခွဲလောက်မှ စဖြစ်ကြတာပါ။ ဒါ့ကြောင့် ဆိုင်ပိတ်ချိန် ည ၁၀ နာရီအထိ ကျွန်တော်တို့ ဝိုင်း မသိမ်းတတ် နိုင်သေးပါဘူး။
ဆိုင်ဝန်ထမ်းလေးတွေက သူတို့ ဆိုင်ပိတ်မှာ ဖြစ်တဲ့အကြောင်း၊ ကျွန်တော် တို့ ကြိုက်သလောက် ဆက်ထိုင် နိုင်ကြောင်း၊ ပြီးရင် သည်တိုင်းသာ ထား ခဲ့နိုင်ကြောင်း ပြောပါတယ်။
အဲဒီ့နောက်မှာတော့ သူတို့ ဆိုင်သိမ်း မြင်ကွင်းကို မြင်ရပြန်တယ်။ အဲဒါကတော့ ဆိုင်ပရဝုဏ်ကိုရော၊ ဆိုင်နဲ့ ဆက်စပ်နေတဲ့ စည်ပင်သာယာ နယ်နိမိတ်ထဲက လမ်းကိုပါ ကျကျနန ဆေးကြော သန့်စင်တော့တာကိုပါ။ တံမြက်စည်း တစ်ချောင်းနဲ့ ရေတွေနဲ့ လမ်းကိုပါ တိုက်ချွတ် သန့်ရှင်းနေတာ မျက်ဝါးထင်ထင် မြင်လိုက်ရပါတယ်။
လူငယ်လေးတွေက စာအစမှာ ဆိုခဲ့တဲ့အတိုင်း မြန်မာနိုင်ငံသား လူငယ်လေးတွေပါ။ သူတို့က အဲဒီ့နိုင်ငံရဲ့ စည်းကမ်းအတိုင်း မညည်း မငြူ ပေါ့ပေါ့ပါးပါး လုပ်ကိုင်နေတာ တွေ့လိုက်ရတော့ ရောမရောက် ရင် ရောမသားလို ဖြစ်သွား တာကလားလို့ တွေးမိလိုက် ရပါသေးတယ်။
စည်းကမ်းဆိုတာ ဘာမှ မဟုတ်ပါဘူးတဲ့
မျက်ဝါးထင်ထင် မမြင်ခင်ကတည်းက သည်အချက်ကို သတိထားမိပါတယ်။ ကျွန်တော် ဘန်ကောက်ကို စရောက်ဖူးတာ ၂၀၀၃ ခုနှစ်မှပါ။ အဲတုန်းက ကျွန်တော် တည်းခိုခဲ့တဲ့ နေရာက ပတ်ပုန်းလို့ခေါ်တဲ့ ညဘက် အပျော်ရှာသူ များ အုန်းအုန်းထခဲ့ဖူးရာ နေရာတဝိုက်မှာပါ။ အဲတုန်းကတည်းက လမ်းဘေး က စားသောက်ဆိုင်တွေကို သတိထား မိခဲ့ဖူးပါတယ်။
တစ်ညခင်းမှာ အပြင်ထွက် လမ်းလျှောက်တော့ တစ်နေကုန် ညှော်နံ့ တထောင်းထောင်းနဲ့ ရောင်းလို့ကောင်း နေခဲ့တဲ့ လမ်းဘေး ဆိုင်ပေါင်းစုံ ရှိခဲ့ရာ လူသွားစင်္ကြံဟာ နေ့ခင်းတုန်းက စားသောက်ဆိုင်တွေ သည်စင်္ကြံပေါ်မှာ ရှိနေခဲ့ကြဖူးတဲ့ အရိပ် အရောင်တောင် လုံးဝမရှိတော့ဘဲ သန့်ရှင်း နေတာကို တွေ့ခဲ့ရပါတယ်။ အဲဒီ့ကတည်းက အမှတ် ထင်ထင် ဖြစ်ခဲ့ရဖူးပါတယ်။
အခုနောက်ပိုင်း ကျွန်တော် တည်းနေကျ ဟိုတယ်ကလည်း ဖြစ်တာမို့ မနက်လင်းကတည်းက ဆိုင်တွေ တင်းကြမ်းနဲ့ပါ။ ဟိုတယ် တံခါးဝက ထွက်လိုက်တာနဲ့ ဆိုင်ပေါင်းစုံကို တန်းစီပြီး တွေ့ရပါတယ်။ ဒါပေသည့် ညဘက် လူခြေ တိတ်ချိန်မှာတော့ အဲဒီ့ဆိုင်တွေ ခင်းသွားခဲ့ရာ လူသွား စင်္ကြံဟာ အမှိုက်တစ်စ၊ အစားအသောက်က ကျတဲ့ အစွန်းအထင်း တစ်ကွက် မှတောင် မရှိဘဲ သန့်ရှင်း နေတာကို တွေ့ရပါတယ်။
အစကတော့ ဘန်ကောက် စည်ပင်က တာဝန်ယူပြီး သန့်ရှင်းရေး လုပ်တယ် မှတ်ခဲ့မိသေးတယ်။ အခုမှ ဈေးသည် တစ်ဦးချင်းစီရဲ့ အသိစိတ်ဓာတ်၊ စည်းကမ်း သေဝပ်မှု၊ တာဝန်သိမှု၊ စနစ်ကျမှုတွေကို ပြက်ပြက် ထင်ထင် မြင်လာ မိရပါတော့တယ်။
တစ်ဆက်တည်းမှာ ရန်ကုန်မြို့မှာ လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကမှ ဖွင့်လှစ် လိုက်တဲ့ ပြည်တွင်း အခွန်များ ဦးစီးဌာနရဲ့ အခွန်ထမ်းကြီးများ ဆိုင်ရာရုံးရဲ့ အတွင်းနံရံ မြင်သာတဲ့ နေရာတွေမှာ ကပ်ထားတဲ့ အင်္ဂလိပ် ဘာသာနဲ့ စာတန်းတွေကို မြင်ယောင် မိသွားရပြန်ပါသေးတယ်။ စာသားရဲ့ အဓိပ္ပာယ် ကတော့ စည်းကမ်း ဆိုတာ ဘာမှ မဟုတ်ပါဘူး၊ ကိုယ့်တာဝန် ကိုယ်ယူ တာ လေးပါပဲလို့ ပြန်ဆိုနိုင်မယ် ထင်ပါရဲ့။
အံ့အားသင့်စရာ
အတန်းဖော် သူငယ်ချင်းက ပြောပြပါတယ်။ အဲဒီ့ မြို့လယ်တဝိုက်က လမ်းဘေး ဈေးသည်တွေဟာ ထိုင်းမာဖီးယားတွေကို ဆက်ကြေး ပေးရပါသ တဲ့။ ဆက်ကြေးများက အာဏာပိုင် အဆင့်ဆင့်ဆီကိုလည်း သူ့ဝေစုနဲ့ သူ ရောက်သွားပါသတဲ့။ နောက်ပြီးတော့ တစ်နေ့တာအတွင်း လမ်းဘေး က နေရာ တစ်နေရာတည်းမှာကို ဈေးသည်က သုံးဦး၊ လေးဦး ရှိတတ်ပါသ တဲ့။ (အဲဒါတော့ ကျွန်တော် တည်းနေကျ ဟိုတယ်နားမှာ သတိ ထားမိနေခဲ့ပါ တယ်။) အဲဒီ့ ဈေးသည် တစ်ဦးချင်းစီကလည်း ဆိုင်ရာ ဆက်ကြေးများကို ပေး ရတယ်လို့ သူငယ်ချင်းက ပြောပြပါတယ်။
တစ်ဆင့်ကြားစကားမို့လို့ သူ့စကား ဘယ်အတိုင်းအတာ အထိ မှန်မမှန်ကို မသိနိုင်ပေမယ့် ထိုင်းနိုင်ငံက မာဖီးယားတွေ အကြောင်း လူပြော သူပြော ကတော့ အတော်များတဲ့ အပြင် ပွင့်လင်း မြင်သာမှု နိုင်ငံတကာ အဖွဲ့အစည်း က ပြုစုတဲ့ ၂၀၁၄ ခုနှစ် အကျင့်ပျက်ခြစားမှု အမြင်များ ညွှန်းကိန်းမှာတော့ စုစုပေါင်း ၁၇၇ နိုင်ငံအနက်မှာ ထိုင်းက အဆင့် ၈၅ မှာ ရှိနေတာ မို့ နှယ်နှယ်တော့ မဟုတ်ဘူးဆိုတာ သိနိုင်ပါတယ်။ (အဆင့် ၁၅၆ မှာတော့ ဇင်ဘာဘွေရယ်၊ ကမ္ဘောဒီးယားရယ်၊ ကျန်တဲ့ တစ်နိုင်ငံရယ် ရှိပါတယ်။ ဘယ်နိုင်ငံလဲ ဆိုတာကိုတော့ စိတ်ဝင်စားသူများ မိမိတို့ဘာသာ ရှာဖွေ ကြည့်ကြပါတော့ ခင်ဗျား)
သူငယ်ချင်းက ဆက်ပြောပါတယ်။ အကျင့်ပျက်တာ၊ လာဘ်ပေး လာဘ် ယူတွေ ရှိနေတာ မှန်ပေမယ့် လူထုအကျိုး ပျက်စီးရာ ပျက်စီးကြောင်းတော့ အဲဒီ့ နိုင်ငံရေးသမားတွေ၊ ပြည်သူ့ ဝန်ထမ်းတွေက လုပ်လေ့ မရှိပါဘူးတဲ့။ ဒါလည်း မျက်မြင်ပါ။ အကျင့်ပျက်ခြစားမှုမှာ နာမည်ကြီးလှတဲ့ ကြားက သူတို့နိုင်ငံ တိုးတက်နေတာ၊ သပ်ရပ်နေတာ၊ စည်းကမ်းရှိနေ၊ စနစ်ကျနေတာတွေကို အတိုင်းသား မြင်နေရပါတယ်။
ကျွန်တော်လည်း ထိုင်းစာမဖတ်တတ်တော့ စည်းကမ်း ဟူသည် လူ့တန်ဖိုး တို့၊ စည်းကမ်းရှိမှ တိုးတက်မည်တို့လို စာတန်းတွေ နိုင်ငံအနှံ့၊ မြို့လုံးအနှံ့ ချိတ်ဆွဲထား မထားတော့ မသိပါဘူး။
သို့ပေမယ့် ခေါက်တို ပို့ပေးနေတဲ့ မော်တော် ဆိုင်ကယ် အငှားလိုက်သူတွေ ခရီးသည်ကို ဦးထုပ်ဆောင်းဖို့ မပေးတာမျိုးက လွဲရင် ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာကြတာလည်း မျက်မြင် တွေ့ရပါတယ်။ အထက် မှာ ဖော်ပြခဲ့တဲ့ စည်းကမ်း လိုက်နာမှုများကိုလည်း မျက်ဝါးထင်ထင်မြင်ခဲ့၊ ကိုယ်တွေ့ တွေ့ကြုံခဲ့ရပါတယ်။
သည်နေရာမှာ အထူးတလည် အမှတ်ထင်ထင် ဖြစ်ကျန်ရစ်တာကတော့ စာတန်းတွေနဲ့ နှိုးဆော်တာ မနှိုးဆော်တာ အသာထား၊ ကလေးတွေ မူကြို အရွယ်ကတည်းက စည်းကမ်းစနစ်ကျအောင် စာသင် ကျောင်းတွေကနေ သင်ကြား လေ့ကျင့်ပေးနေတယ် ဆိုတဲ့ အချက်ပါပဲ။ ကလေးအရွယ် ငယ်က တည်းက ကိုယ့်တာဝန် ကိုယ်သိ၊ ကိုယ့်တာဝန် ကိုယ်ယူတတ်အောင် သင်ကြား လေ့ကျင့် ပေးထားနိုင်မှတော့ သူတို့နိုင်ငံရဲ့ ရှေ့ခရီးကလည်း တင့်တယ် နေတော့မယ် ဆိုတာ တွေးမိရင်းက ကြုံခဲ့ ကြားခဲ့တာလေး ကို ပြန်ဖောက်သည် ချလိုက်တာပဲ ဖြစ်ပါတယ်။
ကျွန်တော်တို့သည်လည်းပဲ စည်းကမ်းအစ စာသင်ကျောင်းကဆိုတဲ့ စာတန်းတွေ မြင်ဖူးပါတယ်။ သို့သော် စာတန်း အနေနဲ့သာ ရပ်လို့မနေဘဲ စာသင်သားတွေရဲ့ အသည်းထဲ၊ နှလုံးထဲ၊ အကျင့်စရိုက်တွေထဲ မြဲနေအောင် ကျောင်း သင်္ခန်းစာတွေထဲမှာ ထည့်သွင်း ရေးဆွဲဖို့၊ ဆရာ၊ ဆရာမတွေကိုယ်တိုင်က နမူနာအနေနဲ့ စည်းကမ်းစနစ် ကျနဖို့ လိုအပ်ချိန်ကို ရောက်နေရုံသာမက အဲလို လုပ်သင့်တဲ့အချိန်က နှစ်ပေါင်း ၅၀ မက ကျော်လှပြီ ဖြစ်တဲ့ အကြောင်း ပြောလည်း ပြောချင်၊ ပြောလည်း မပြော ရဲတဲ့ကြားကပဲ ဇွတ်မှိတ်ပြီး ပြောလိုက်ရ ပြန်ပါပြီ။ အားလုံး အတွက် တွေးဆ ဆင်ခြင်စရာ တစ်ခုခုတော့ ရသွားတန်ကောင်းရဲ့လို့ မျှော်လင့်မိရပါတယ် ခင်ဗျား။
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®®®®®®®®®®®®®®®

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။