ပြည်ပမှာ လစာ ဒေါ်လာ နှစ်ထောင်ကျော်နဲ့  အလုပ်လုပ်နေတဲ့ ငယ်သူငယ်ချင်းက ဝန်ထမ်း မလုပ်ချင်တော့ကြောင်း၊ ပြန်လာပြီး စီးပွားရေး လုပ်ချင်တဲ့ အကြောင်း၊ သူ့ မှာ အလုပ်အတွက် အိုင်ဒီယာ ရှိကြောင်း၊ လုပ်နိုင်တဲ့ အရည်အချင်း လည်း ရှိကြောင်း ပြောပြတယ်။
ကိုယ်လည်း သူကို အိုင်ဒီယာ ရှိရင် လာလုပ်သင့်တယ်၊ တိုင်းပြည် စီးပွားရေး အတက်မှာ ရောပါသွားနိုင်တယ်၊ ပြည်ပ အတွေ့ အကြုံနဲ့  အမြင်ရှိသူ တွေဆို ပိုပြီး အခွင့်အလမ်း ရှိတယ်လို့  ပြောပြတယ်။ ခက်တာက သူမှာ အကြောက်တရား ရှိနေတယ်။
မြန်မာပြည်မှာ နေရာ ငှားခတွေ အရမ်း ဈေးကြီးတယ်။ အစိုးရက SME တွေကို လုံခြုံအောင် ကာကွယ် မပေးနိုင်ဘူး။ ဘဏ် ချေးငွေ အတိုးနှုန်း မြင့်တယ်။ မြန်မာတွေက လစာသာ လိုချင်တယ်။ အရည်အချင်း မရှိဘူး။ ဒီတော့ မြတ်ဖို့  မလွယ်ဘူး။ ရှုံးသွားရင် ဘယ်လို လုပ်မလဲမေးတယ်။
နားခါးမယ့် အမှန်တရားပဲ ပြောပြရတယ်။ "လုပ်တဲ့သူ အများစုလည်း ဒီလိုပဲ စလုပ်တုန်း ရှုံးတာပဲ၊ မင်းလည်း စလုပ်ခြင်းတော့ ရှုံးဖို့ များတယ်၊ အဲဒါကို သင်ခန်းစာယူ၊ နောက်မဆုတ်ဘဲ ဆက်ကြိုးစားရင် တနေ့  အောင်မြင်နိုင်တာပဲ” လို့ ပြောပြတယ်။ ဒါပေမယ့် သူက အဲဒီ ရှုံးမယ့် ဒဏ်ကို မခံနိုင်ဘူး။
လက်ရှိ လုပ်နေတဲ့ အလုပ်က "လကုန်ရင် ကျိန်းသေ လစာ ရတယ်။ လုံခြုံမှု ရှိတယ်။ စီးပွားရေးက မြတ်ချင်မှ မြတ်မယ်၊ ရှုံးချင်ရှုံးမယ်၊ စိတ်မချ ရတဲ့ဘဝ" လို့  ဆိုတယ်။ မှန်ပါတယ်။ လုပ်ငန်းရှင် ဆိုတာ လုပ်ငန်းအတွက် မြင်သာတဲ့ ဆုံးရှုံးမှု တွေကို အတတ်နိုင်ဆုံး ကြိုတင်ကာကွယ်ပြီး မမြင်သာလိုက်တဲ့ ဆုံးရှုံးမှု တွေကိုတော့ လက်ခံ ရင်ဆိုင် လိုက်ရတာပါပဲ။ ဘဝမှာ ကိုယ်လိုချင်တာ ကိုယ်ရွေးရပါတယ်။ တစ်ခု လိုချင်ရင် တစ်ခု စွန့် လွတ်ရတယ်။ တကယ် စီးပွားရေး လုပ်ချင်တဲ့ လူတိုင်းဟာ ကိုယ့် ကြမ္မာ ကိုယ်ဖန်တီးရတဲ့ ဘဝကို လုံခြုံသလို ရှိနေတဲ့ ဘဝထက် ပိုမြတ်နိုးလို့  စွန့် စားကြည့်တာပါပဲ။
ကြွက် ပုံပြင်လေးတစ်ခု သတိရတယ်။ ကြောက်တတ်တဲ့ ကြွက်လေးတစ်ကောင် ရှိတယ်။ သူ ကြောက်တာက ကြောင်။ ကြောင်သံကြားတာနဲ့  စိတ်ဆင်းရဲလာရော။ တနေ့ တော့ ဖန်ဆင်းရှင်ကို ဆုတောင်းသတဲ့။ ကြောင်ဖြစ်ပါရစေ။ ဖန်ဆင်းရှင်လည်း သနားပြီး ဖန်ဆင်းပေးလိုက်တယ်။ ကဲ ကြွက်လေးလည်း ကြောင် ဖြစ်သွားပြီ။
ကြောင် ဖြစ်တော့ ကြောက်စိတ် ထပ်ပေါ်လာတယ်။ ခွေးကို ကြောက်တာ။ ဒါနဲ့  ဖန်ဆင်းရှင် ကို ထပ် ဆုတောင်းတယ်။ ခွေး ဖြစ်ပါရစေတဲ့။ ဖန်ဆင်းရှင်လည်း စီစဉ် ပေးလိုက်တယ်။ ခွေး ဖြစ်သွားပြီ။
ခွေး ဖြစ်တော့ မြေခွေးကို ကြောက်ပြန်သတဲ့။ ဖန်ဆင်းရှင် စိတ်လေလာပြီ။ ကဲ လုပ်ပေးလိုက် ဦးမယ် ဆိုပြီး မြေခွေး ဖြစ်အောင် လုပ်ပေးတယ်။
မြေခွေး ဖြစ်တော့ ဝံပုလွေကို ကြောက်ပြန်ရော။ ဆုတောင်းပြန်ပြီ။ ဝံပုလွေ ဖြစ်ပါရစေ။ ဖန်ဆင်းရှင်လည်း နောက်ဆုံးပဲ ဆိုပြီး ဝံပုလွေ အဖြစ် ပြောင်းပေးလိုက်တယ်။
ဝံပုလွေ ဘဝ ရောက်လို့ မကြာခင် ကျား ကို ကြောက်ပြန်တယ်။ ထပ်ဆုတောင်းတယ်။ ကျား ဖြစ်ပါရစေ။
နောက်နေ့  မနက်ကျတော့ ကျားမဖြစ်ဘဲ သူ ကြွက် ပြန်ဖြစ် နေတယ်။ ဖန်ဆင်းရှင်ကို ငိုယိုပြီး ဘယ်လို ဖြစ် တာလည်း မေးတော့ ဖန်ဆင်းရှင်က ရှင်းပြတယ်။ "မင်းက ခန္ဓာကိုယ်သာ ပြောင်းသွားတယ်။ ကြောက်တတ်တဲ့ နှလုံးသားက လုံးဝ မပြောင်းလဲသွားဘူး။ ငါ မင်းကို ဘာကောင် ဖြစ်အောင် လုပ်လုပ် မင်း ကြောက်နေမှာပဲ။ ဒီတော့ ကြွက်ဘဝပဲ နေပါကွာ၊ မင်းနဲ့ ပိုသင့်တော် ပါတယ်" တဲ့။
ဒီပုံပြင်ထဲကလိုမျိုး လူလည်း ကံကောင်းလို့  အပြင်ပန်း ဘဝ ပြောင်းလဲသွားရင်တောင် နှလုံးသားထဲက အကြောက်တရား မပြောင်းလဲနိုင်ရင် အခက်အခဲ တွေကိုပဲ အာရုံစိုက် မိလိမ့်မယ်၊ အခွင့်အလမ်းကို အာရုံစိုက် မိမှာ မဟုတ်ဘူး။
ဘဝတစ်ခုကို ပြောင်းပစ်တော့မယ် ဆုံးဖြတ်ရင် စိတ်ထဲက အရင်ပြောင်းဖို့  ပိုအရေးကြီးတယ်။ အပြင်ဘက်မှာ အားနည်းနေလည်း အတွင်းထဲက ရဲရင့်တဲ့ နှလုံးသား ရှိရင် ယှဉ်ပြိုင် နိုင်တယ်။
၁၉၇၆ မှာ စတိပ်ဂျော့နဲ့  ဝေါ့ဇနိယက် တို့ နှစ်ဦးပေါင်းပြီး အရင်းအနှီး ဒေါ်လာ ၁၇၅၀ လောက်နဲ့  Apple ကုမ္ပဏီကို တည်ထောင်တယ်။ အိုင်ဘီအမ် (IBM)ကို ယှဉ်ပြိုင်ဖို့  ဆုံးဖြတ်တယ်။ အိုင်ဘီအမ်ဆိုတာ ၁၉၁၁ ထဲက တည်ထောင်ခဲ့ပြီး အဲချိန်တုန်းက အင်အားအကြီးဆုံး နည်းပညာနဲ့ ကွန်ပြူတာ ကုမ္ပဏီ။ ခေါင်းမာပြီး ရဲရင့်တဲ့ စတိပ်ဂျော့နဲ့  ကွန်ပြူတာ ပါရမီရှင် ဝေါ့ဇနိယက် တို့  နှစ်ဦးဟာ နည်းပါးလှတဲ့ ကနဦး အရင်းအနှီးနဲ့  ဘီလူးကြီး IBM ကို နောက်ကောက်ချ အနိုင်ယူခဲ့ပါတယ်။ စတိပ်ဂျော့ဟာ Apple ကို ဒီနေ့  ကမ္ဘာတန်ဖိုး အကြီးဆုံး ကုမ္ပဏီတစ်ခု ဖြစ်အောင် စွမ်းဆောင်ခဲ့တာ ဥာဏ်ပညာ တစ်ခု တည်းကြောင့် မဟုတ်ဘဲ သတ္တိရှိတဲ့ နှလုံးသား ကြောင့်လည်း ပါပါတယ်။
ကျော်ထင်နော်ရထာ ဟာ နောင်ရိုးတိုက်ပွဲမှာ သူထက် အင်အား ၁၀ ဆ ကြီးတဲ့ ရန်သူနဲ့  ရင်ဆိုင်ရပေမယ့် နှလုံးသားက အကြောက်တရား မရှိဘူး။ အရေးနိမ့်ရင် ပြန်ပြေးရမယ့် ဖောင်တွေပါ ဖျက်ဆီးပစ်တယ်။ “စစ်တို့ ၏ သဘောမှာ အင်အားနည်းသည်၊ များသည် အဓိက မဟုတ်၊ လုပ်ရည် ကြံရည်နဲ့ ရဲစွမ်း သတ္တိသာ အဓိက” လို့  တပ်ထွက် မိန့် ခွန်း ပြောတယ်။ စစ်ကြောင်း သုံးကြောင်းနဲ့  သူကပဲ ဦးအောင် စတိုက်ပြီး အနိုင်ယူ ခဲ့တယ်။
နှစ်ပေါင်း ၅၀ နီးပါး ဘီးတပ်ကုလားထိုင်ပေါ် အပြီးရောက်သွားတဲ့ ရူပဗေဒ ပညာရှင် စတီဖင် ဟော့ကင်း မှာလည်း ကြွက် နှလုံးသား မရှိဘူး။ သာမန်လူ တွေတောင် မကျော်ဖြတ်နိုင်တဲ့ ပညာရပ် ဆိုင်ရာ အကန့် အသတ်တွေကို ကျိုးပျက်နေတဲ့ ခန္ဓာကိုယ်ကြီးနဲ့  သူ ကျော်ဖြတ်ခဲ့တာ အံ့ချီးဖွယ်ရာပါပဲ။
ဒီလိုပြောလို့  ရှေ့ နောက်ချိန်ဆတဲ့ ဥာဏ်ပညာ မပါဘဲ ဇွတ်တိုးလုပ်ပါ၊ အောင်မြင်လိမ့်မယ်လို့  မဆိုလိုပါဘူး။ ဥာဏ်ပညာဟာ အောင်မြင်ဖို့  အရေးအကြီးဆုံး အချက်ထဲမှာ ပါပါတယ်။ ဒါပေမယ့် ချီတုံချတုံ ဖြစ်နေတဲ့ ဆုံးဖြတ်ချက်တွေ ချဖို့ ၊ နယ်ပယ်သစ် တစ်ခုကို ဝင်ဖို့  အခက်ဆုံး ဖြစ်နေတဲ့ ပထမ ခြေလှမ်း စလှမ်းဖို့ တော့ လုံလောက်တဲ့ သတ္တိရှိမှ ရမယ်။
အခက်အခဲတွေ ကျိန်းသေတွေ့ ရမယ့် လောကကို ရင်ဆိုင်ဖို့ အတွက် နှလုံးသားက ရဲရင့်ဖို့  လိုတယ်။ ကြောက်တတ်တဲ့ ကြွက် နှလုံးသားနဲ့ တော့ ဘယ်နေရာမှ အဆင်မပြေပါဘူး။
Credit - ပြည့်ဖြိုးမောင် | Facebook
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။