၁)
အရင်ဆုံးပြောချင်တာ (၂)ခုရှိပါတယ်
ခု ဆက်ပြောမယ့် စာဖတ်ခြင်းနဲ့ပတ်သက်တဲ့အမြင်တွေဟာ ကျွန်တော့်ကိုယ်ပိုင်သက်သက်ဆိုတာထက် လေးစားရတဲ့ စာရေးဆရာများ၊ စာဖတ်သူများဆီက သိရသမျှအတွေးအမြင်တွေနဲ့ ပေါင်းစပ်ထားခြင်းသာ ဖြစ်တယ်ဆိုတာရယ်
စာ လို့ပြောလိုက်တိုင်းမှာ ပရော်ဖက်ရှင်နယ်တစ်ယောက် ဖတ်ကိုဖတ်ရမယ့် ကိုယ်အလုပ်နဲ့ သက်ဆိုင်တဲ့ စာတွေကို ဆိုလိုတာမဟုတ်ဘူး၊ ဥပမာ ဆရာဝန်တွေ ဖတ်တဲ့ ဆေးစာအုပ်ကို ဆိုလိုတာမဟုတ်ဘဲ တခြားပြင်ပစာအုပ်များကိုသာ ရည်ရွယ်တယ်ဆိုတာပါပဲ။
၂)
ပထမဆုံး မေးခွန်းက စာဖတ်သူတိုင်း အောင်မြင်သလား။
တချို့တွေရှိပါတယ်၊ လက်ထဲမှာ ကြည့်လိုက်တိုင်း စာအုပ်တစ်အုပ် ကိုင်ထားတယ်၊ စကားပြောကြည့်ရင် ဗဟုသုတကြွယ်တယ်၊ ဒါပေမယ့် လက်တွေ့အလုပ်မှာတော့ ဘာမှအလုပ်မဖြစ်တာကို တွေ့ရမှာပါ။
ဒါဖြင့် မဖတ်ရင်ရော
တကယ်တော့ စာအုပ်စာပေတွေ ရှိနေခြင်းကြောင့် နောက်လူတွေဟာ ရှေ့လူတွေဆီက အမှားတွေ၊ သင်ခန်းစာတွေကို သိခွင့်ရခဲ့ကြတယ်၊ လက်ဆင့်ကမ်းနိုင်ခဲ့ကြတယ်၊ အမှားတစ်ခုကို ကိုယ်တိုင်မှားဖူးမှ သိမယ်ဆိုတာထက် မမှားဖူးဘဲနဲ့လည်း စာအုပ်တွေကတစ်ဆင့် သင်ခန်းစာယူနိုင်ခဲ့ကြတယ်။
စာဖတ်ရုံသက်သက်နဲ့တော့ နယ်ပယ်တစ်ခုမှာ ပရိုတစ်ယောက်အဖြစ် ရပ်တည်လို့ မရပါဘူး။ ပရော်ဖက်ရှင်နယ်လို့ ပြောပြီဆိုရင် Specialized knowledge & skill အထူးတတ်မြောက်ကျွမ်းကျင်မှုတွေ ရှိရတယ်၊ အဲဒီလိုရှိနေအောင်လည်း လေ့ကျင့်သင်ကြားရတယ်။ ဒါပေမယ့် အဲ့ဒီလို ပရိုဖြစ်တာချင်း တူလာပြီဆိုရင်တော့ စာပိုဖတ်တဲ့သူက ခေါင်းတစ်လုံးသာနေလိမ့်မယ်။ စီမံခန့်ခွဲတဲ့ရာထူးမျိုး (Managerial role) အတွက်ဆိုလည်း စာပိုဖတ်တဲ့လူက တစ်ပန်းသာလိမ့်မယ်။ သမ္မတချင်းတူတာတောင် စာပိုဖတ်တဲ့သမ္မတက ပိုအောင်မြင်တတ်တယ်။ ဒါကြောင့် စာဖတ်ခြင်းဟာ ကိုယ့်ကို တစ်စုံတစ်ယောက် ဖြစ်လာအောင်တော့ လုပ်မပေးနိုင်ဘူး။ ဒါပေမယ့် ကိုယ့်အောင်မြင်မှုကိုတော့ တစ်ဆင့်တက်လာစေလိမ့်မယ်။
၃)
စာဖတ်သူတိုင်း မအောင်မြင်ပေမယ့် အောင်မြင်သူတိုင်းကတော့ စာဖတ်ကြတယ်၊ ဒါဖြင့် ဘာကွာခြားသွားတာလဲ။
အဖြေကတော့ ‘စာကိုဘယ်လိုဖတ်လဲ’ ဆိုတာပါပဲ။
ဆရာလင်္ကာရည်ကျော် ဆိုရင် တော်တော်များများ သိကြပါတယ်။ ဆရာက ဆရာဝန်ဘ၀မှာရော စာရေးဆရာဘ၀မှာပါ အောင်မြင်မှုတွေ တသီကြီးရထားသူပါ။ အဲဒီလိုဆရာဟာ ငယ်ငယ်တုန်းကတော့ ညံ့တဲ့အထဲတောင် ပါခဲ့ဖူးတယ်ဆိုရင် အံ့သြမိကြမှာပါ။ အဲဒီလိုအနေအထားကနေ ခုလိုအောင်မြင်မှုတွေ ရလာအောင် ဘယ်အရာကများ ပြောင်းလဲပေးလိုက်သလဲ။
ဆရာကတော့ ရေးထားပါတယ်။ ‘Appreciation’ ကြောင့်ပါ။ လေးစားအားကျရတဲ့သူတွေရဲ့ အရည်အချင်းတွေကို နှစ်သက်လက်ခံတတ်တာ၊ အတုယူတတ်တာ လို့ ဆရာကတော့ ဘာသာပြန်ပါတယ်။ ဥပမာပေးပါ့မယ်။ ဆရာက ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်ရဲ့ စာတွေကို အင်မတန်စွဲလမ်းနှစ်သက်ပါတယ်။ ဆရာကြီးရဲ့ ဇာတ်ကောင်တွေက သူဌေးကြီးတွေ မဟုတ်ဘူး၊ အများစုက တက္ကသိုလ်ကဆရာဖြစ်ရင်ဖြစ်၊ ဒါမှမဟုတ် ဆရာဝန်၊ ဒါမှမဟုတ် စာရေးဆရာတွေချည်း ဖြစ်နေတတ်တယ်။ အဲဒီမှာတင် ဒီဘ၀(၃)မျိုးကိုရရေး ဆိုတဲ့ ရည်မှန်းချက်က ဆရာ့ရဲ့ငယ်ဘ၀ကတည်းက သန္ဓေတည်လာခဲ့တယ်။ ရည်မှန်းခဲ့တဲ့အတိုင်းလည်း တကယ်ဖြစ်လာခဲ့တယ်။
ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်ရဲ့ စာအုပ်တွေကို ဖတ်ဖူးသူတွေအများကြီးပါ။ ဒါပေမယ့် အများစုက ဖတ်တဲ့အဆင့်မှာတင် ရပ်လိုက်တယ်၊ ဆရာကတော့ ဖတ်ရုံတင်မဟုတ်ဘဲ အဲဒီဇာတ်ကောင်တွေဆီက အကျင့်စရိုက်တွေကိုပါ ရယူလိုက်နိုင်တယ်။ ဒီအခါ ဆရာကြီးရဲ့စာအုပ်တွေဟာ ဆရာ့ဘ၀အတွက် အင်မတန်အကျိုးများတဲ့အရာတွေ ဖြစ်လာခဲ့တယ်။ ဖတ်တာချင်း တူပေမယ့် ရတာချင်း မတူဘူးပေါ့။
ဒါကြောင့် စာဆိုတာ ဖတ်ရုံနဲ့မပြီးဘူး။ အဲဒီစာကနေ ကိုယ်သိလိုက်ရတာတွေကို လက်တွေ့ပြန်အသုံးချနိုင်ဖို့လည်း လိုပါသေးတယ်။ မဟုတ်ရင်တော့ ဖတ်ဖူးတယ်၊ ဖတ်ပြီးပြီဆိုတာပဲ အဖတ်တင်လိမ့်မယ်။
Time management နဲ့ ပတ်သက်တဲ့ စာအုပ်ဘယ်နှအုပ် ဖတ်ပြီးပြီဆိုတာထက် တကယ်ကို အချိန်စီမံခန့်ခွဲနိုင်ဖို့ ပိုအရေးကြီးပါတယ်။ တက်ကြမ်းစာအုပ်တွေဆိုလည်း ဒီအတိုင်းပါပဲ၊ ဖတ်တာကောင်းပါတယ်၊ ဒါပေမယ့် လိုက်မလုပ်နိုင်ရင်တော့ အလကားပါပဲ။ ကိုယ့်စာအုပ်စင်မှာ တက်ကြမ်းစာအုပ်တွေက စုစုပေါင်းစာအုပ်တွေရဲ့ ဆယ်ရာခိုင်နှုန်းအထက် နေရာယူထားပြီဆိုရင် ကိုယ့်ကိုယ်ကိုယ်ပြန်ဆန်းစစ်ပါတော့၊ ကိုယ်ဟာ စာကို ဖတ်တဲ့အဆင့်မှာပဲ ရပ်နေပါပြီ။
၎)
စာအစုံဖတ်တာ ကောင်းသလား။
အများစုကတော့ ဖြေပါလိမ့်မယ်။ စာအစုံဖတ်၊ ဖတ်ရင်းဖတ်ရင်း အကောင်းအဆိုး ရွေးတတ်လာလိမ့်မတဲ့။ စဉ်းစားတွေးခေါ်နိုင်တဲ့အရွယ် ရောက်ပြီးသား ဆိုရင်တော့ အထိုက်အလျောက် မှန်နိုင်ပေမယ့် ကလေးငယ်တွေအတွက်ကတော့ အင်မတန်လွဲမှားတဲ့ အယူအဆပါ။
လူတစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေး (Personality) ကို ပုံသွင်းပေးတဲ့နေရာမှာ ပတ်ဝန်းကျင်က တော်တော်လေး အရေးပါပါတယ်။ အဲဒီပတ်ဝန်းကျင်ထဲမှာ ကလေးဖတ်တဲ့ စာအုပ်တွေလည်း အပါအ၀င် ဖြစ်ပါတယ်။ တက္ကသိုလ်ပညာဆိုတာ အလကားသက်သက်၊ တကယ့်ပညာဆိုတာ ဘ၀ထဲမှာ ရှာရမှာ၊ ဆင်းရဲဖူးမှ ပညာကိုနားလည်မှာဆိုတဲ့ အဆိပ်သင့်စာအုပ်တွေရဲ့ တလွဲလမ်းပြမှုကြောင့် အချိန်တွေအလဟဿ ကုန်ခဲ့ရတယ်လို့ ဆရာကြီးလယ်တွင်းသားစောချစ်က ပြောခဲ့ဖူးတယ်။ ဒါကြောင့် ကိုယ့်ကလေးတွေကို ဘယ်စာအုပ်ဖတ်ဖတ်ဆိုပြီး လွှတ်ထားပေးလို့ မရဘူး။ လူကောင်းလူမွန်တွေ ဖြစ်လာဖို့ စာကောင်းပေမွန်တွေ သူ့ပတ်ဝန်းကျင်မှာ ရှိနေအောင် ထားပေးထားနိုင်ဖို့ လိုတယ်။
နောက်တစ်ခုက လူတိုင်းလူတိုင်းမှာ တစ်နေ့ကို အချိန်(၂၄)နာရီပဲ ရပါတယ်။ စာအုပ်တွေက သန်းပေါင်းမြောက်များစွာ ရှိနေတာပါ။ ဒါတောင် အွန်လိုင်းဘလော့ဂ်တွေ မပါသေးဘူး။ ကိုယ့်ပရော်ဖက်ရှင်နယ်အတွက်လည်း ရပ်ထားလို့ မရဘူး၊ Lifelong learning လုပ်ရပါဦးမယ်။ ဒီအခါမှာ ရှိသမျှစာအစုံ လျှောက်ဖတ်နေလို့ မဖြစ်ပါဘူး။ ကိုယ်နဲ့ဆိုင်တာပဲ ဦးစားပေး ဖတ်ရပါလိမ့်မယ်။
ဒါကြောင့်
အထွေထွေဗဟုသုတအတွက် သတင်းမီဒီယာတွေကို လေ့လာပါ။ ခုဆို အမေရိကန်က စီးပွါးရေးပိတ်ဆို့ထားတာကို ဖယ်ရှားလိုက်ပြီ၊ ဒါဟာ အမေရိကန်ရဲ့ နိုင်ငံခြားရေးမူဝါဒ အပြောင်းအလဲဖြစ်လာတာ၊ တစ်နည်းအားဖြင့် တရုတ်ကို ထိန်းချုပ်နိုင်ဖို့အတွက် မြန်မာကို ပိုအာရုံစိုက်လာတာ ဆိုတာလောက်တော့ သိရပါမယ်။ ခေတ်က Globalization ဖြစ်လာလို့ပါ။
နောက်ပြီး ကိုယ့်ပရော်ဖက်ရှင်နယ်ကို အထောက်အကူပြုမယ့်စာ။ ဆရာဝန်တစ်ယောက်အတွက် လူမှုဆက်ဆံနည်းစာအုပ် ဖတ်တာကောင်းပါတယ်၊ မဲဆွယ်စည်းရုံးနည်းတွေကိုတော့ အသေးစိတ် ဖတ်ရှုနေစရာ မလိုပါဘူး။
တချိန်မှာ ကိုယ်ဖြစ်လာချင်တဲ့အရာတစ်ခုအတွက် လိုအပ်မယ့်စာ။ လက်ရှိမှာတော့ ကိုယ်ဟာ စီးပွါးရေးလုပ်ငန်းရှင်၊ တစ်ချိန်မှာ နိုင်ငံရေးလောကထဲ ကူးဖို့ရှိတယ်ဆိုရင် အဟောအပြောစွမ်းရည်တွေ၊ Human Psychology တွေကို လေ့လာထားရမှာ ဖြစ်ပါတယ်။
၅)
ပြောခဲ့ပြီးသမျှကို ပြန်ချုပ်ရရင်တော့
စာဖတ်တာကောင်းပါတယ်။ ပရော်ဖက်ရှင်အလုပ်မှာ သက်ဆိုင်ရာကျွမ်းကျင်မှုချင်း တူလာတဲ့အခါ စာဖတ်ခြင်းက ကိုယ့်ကို ခေါင်းတစ်လုံး သာစေပါလိမ့်မယ်။
စာအစုံဖတ်ဖို့တော့ မဖြစ်နိုင်ပါဘူး။ အဆိပ်သင့်စာပေတွေ ရှိမယ်၊ ကိုယ်နဲ့တိုက်ရိုက်မသက်ဆိုင်တာတွေ ရှိမယ်၊ ဘယ်သူညွှန်းတဲ့စာအုပ်၊ ဘယ်လောက်ကောင်းတဲ့စာအုပ် ဆိုတာထက် ကိုယ့်အလုပ်နဲ့ဆိုင်တာ၊ ကိုယ့်ရည်မှန်းချက်နဲ့ဆိုင်တာကိုပဲ ရွေးဖတ်ပါ။
နောက်ဆုံးကတော့ စာအုပ်ဘယ်နှအုပ် ဖတ်ပြီးပြီဆိုတာထက် စာကိုဘယ်လိုဖတ်သလဲ၊ ဘယ်လောက်ပြန်အသုံးချပြီးပြီလဲ၊ ဒီစာအုပ်တွေကြောင့် ကိုယ့်ဘ၀မှာ ဘာတွေတိုးတက်ပြောင်းလဲသွားပြီလဲ ဆိုတာက ပိုပြီးအရေးကြီးတယ် ဆိုတာပါပဲ။
ဒေါက်တာဖြိုးသီဟ
၁၉.၉.၂၀၁၆
http://drphiothiha.com
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။