ကိုသစ်မင်း ဆုံးပြီးတဲ့- အသက်က ၅၈ နှစ်သာ ရှိသေးတာ။ နေမယ်ဆိုရင် နေပျော်သေးတဲ့ အရွယ်ပါ။
ငယ်ငယ် တုန်းကတော့ အသက် ၆၀ ၀န်းကျင် များဟာ အဘိုးကြီးတွေလို့ တွေးခဲ့ပေမယ့် ကိုယ်တိုင် ၆၀ ကျော်လာတဲ့ အခါ မှာတော့ ဒီအရွယ်မှာ နေမယ်ဆိုရင် နေလို့ ရသေးတယ်လို့ တွေးတတ် လာခဲ့ပါပြီ။ ဒါကြောင့် ၆၀ မပြည့်သေးတဲ့ ကိုသစ်မင်းကို နှမြောမိတယ်။ သူ့ သီချင်းတွေကို ကြားယောင်မိတယ်။ ကိုသစ်မင်းက အမျိုးသား သီချင်းတွေနဲ့ အောင်မြင် ခဲ့သလို အမျိုးသမီး သီချင်း တွေနဲ့လည်း ပေါက်ခဲ့တဲ့ တေးရေး ဆရာတစ်ဦးပါ။ ကိုသစ်မင်းနဲ့ ကျွန်တော် အပြင်မှာ အကြိမ်ကြိမ် တွေ့ကြ၊ ဆုံကြ စကား ပြောဖြစ်ခဲ့ကြပေမယ့် ဆောင်းပါး ရေးဖို့ အတွက်တော့ တစ်ကြိမ်သာ ဆုံဖူးပါတယ်။ တစ်ကြိမ် ဆုံပေမယ့် သူ့ဘ၀ ဇာတ်ကြောင်းကို ခြုံငုံမိအောင် မေးဖြစ် ရေးဖြစ်ခဲ့ပါတယ်။ ၁၉၉၅ ခုနှစ်က ထုတ်ခဲ့တဲ့ အလင်္ကာ ဂီတ ဂျာနယ်မှာ ဖြစ်ပါတယ်။ သူ့ကို သတိရသော အားဖြင့်၊ ဒီဘက်ခေတ် စာဖတ် ပရိသတ်များ ကို သူ့အကြောင်း ပြောချင်တာကြောင့် အဲဒီ ဆောင်းပါးကို ပြန်လည် ဖော်ပြပေး လိုက်ပါတယ်။
အလင်္ကာ ဂျာနယ်ထွက်ဖို့ လုံးပန်း နေစဉ် ကာလကတည်းက နေမျိုးညွန့်နဲ့ ပန့်တို့က လစဉ်ပင်တိုင် ရေးပေးပါလို့ တောင်းခံခဲ့ကြပေမယ့် ကျွန်တော့်ဘက်က မအားလပ်မှုတွေကြောင့် အလင်္ကာ အမှတ် ၁ မှာ တေးရေး ၀င်းမင်းထွေး ကြေးစား စကားပြောခြင်း ခေါင်းစဉ် တစ်ပုဒ်သာ ရေးပေး ဖြစ်ခဲ့ပါတယ်။ ဒီလ အတွက် စီစဉ်ကြတော့ နေမျိုးညွန့်က ကိုသစ်မင်းနဲ့ အင်တာဗျူး လုပ်ပေးပါလို့ တောင်းဆိုလာတယ်။ တစ်လမ်းတည်း မှာ ရှိနေကြပြီး အချိန်ပြည့် နီးပါး မျက်နှာချင်းဆိုင် ရှိနေတော့ ဒီကလေးတွေကို အားနာလာပြီ။ ဒါကြောင့် ကိုယ့်အလုပ် ခဏ ချထားပြီး ကိုသစ်မင်းနဲ့ အင်တာ ဗျူးလုပ်ပေးရပါတယ်။ ကျွန်တော့် မအားလပ်မှုကို နားလည်စွာနဲ့ မဂ္ဂဇင်း တိုက်အထိ လိုက်လာပြီး စကားပြောခွင့် ပေးတဲ့ ကိုသစ်မင်းကို အထူးကျေးဇူး တင်ပါကြောင်း မှတ်တမ်း တင်ပါရစေ။
ကိုသစ်မင်းကို ကျွန်တော် သတိ ထားမိတာက တေးမြုံငှက်က စတာ ပေါ့လေ။ တကယ် ရေးလာတာတော့ အဲဒီထက် စောမယ် ထင်ပါတယ်။ ဒါကြောင့် ဘယ်က စရေးဖြစ်တယ် ဆိုတာလေးက စပြီး ပြောပေး စေချင်ပါတယ်။
ပထမတော့ အပျော် သဘောပေါ့။ တက္ကသိုလ် ထွန်းနောင်ရဲ့ ရည်းစား လိုချင်တယ် လိုမျိုး သီချင်းတွေကို ကြိုက်တော့ Ventures တီးလုံးတွေကို စာသား သွင်းပြီးတော့ အပျော် ဆိုကြတာ။ တီး ၀ိုင်းတွေကလည်း ဒီသီချင်းလေးတွေ ကို သဘော ကျကြတော့ ကျွန်တော့်ကို တေးရေးဆရာလို့ သတ်မှတ် ထားကြတယ်။ တီးဝိုင်းဆိုတာက အဲဒီတုန်းက နာမည် ကြီးနေတဲ့ Playboy တို့ E. Machine တို့တော့ မဟုတ်ပါဘူး။ ယောက်လမ်းထဲက သူငယ်ချင်းတွေ အပျော်တမ်း စုတီးကြတဲ့ “ဆိုက်ကာ ဒဲလစ်”၀ိုင်းရှိတယ်။ သူတို့က စိန်သစ် ဒုတိယ စီးရီး တီးမယ် စီစဉ်ကြတော့ ကျွန်တော့်ကို သီချင်းရေး ဆရာအဖြစ် သတ်မှတ်ပြီး လာရေးခိုင်းကြတယ်။ စိန်သစ်ကလည်း ကျွန်တော် ရေးတာတွေ သဘောကျတော့ ရေးဖြစ် သွားခဲ့ တာပါပဲ။
အဲဒီတုန်းက တစ်ခွေခေတ် မဟုတ်သေးဘူး။ တစ်ခြမ်းပဲ ထုတ်တဲ့ခေတ်။ ဒါပေမဲ့ စိန်သစ် အခွေက တစ်ခွေလုံးလို လို ဖြစ်သွားတယ်။ အဲဒီအထဲမှာ ထူးထူးခြားခြား မင်းမင်းလတ်က တစ်ပုဒ်ပါတယ်။ ဇော်မင်းလေးတို့၊ လေးလေး နွယ်တို့လည်း ပါတယ်။ ရောပေါင်းကြီး ဖြစ်သွားတယ်။ ၁၆ ပုဒ်လောက် အထိ ပါတယ်။ ဇော်မင်းလေးက သူ့ဘာသာ သူရေးတာ ဆိုတော့ ကျွန်တော် ရေးတာ ၁၄ ပုဒ်ပါတယ်။ အဲဒါ ပထမဆုံးရေး ဖြစ်တဲ့ သီချင်းတွေပဲ။
Recording လုပ်တော့ကော။
အေ၀မ်းဦးစံ စတူဒီယိုမှာ လုပ်ကြတယ်။ ၀ိုင်းက ဆိုက်ကာဒဲလစ်၊ ထုတ်တဲ့ဆိုင်က Top of the Pop ဆိုတဲ့ ဆိုင် သေးသေးလေးပါပဲ။
အဲဒီတုန်းက ကြော်ငြာ ဘယ်လို လုပ်သလဲ မသိဘူး။
စိန်သစ်တေးများနှင့် ဆိုပြီး အောက်မှာပါတဲ့ သူတွေ နာမည် ရေးထည့်တယ်။ တကယ်တော့ အဲဒီ အချိန်မှာ မင်းမင်းလတ်က နာမည် ကြီးနေပြီ။
အဲဒါ ဘယ်လိုကြောင့်လဲ။
ဒီလိုဗျ။ ဒီအခွေမှာ စိန်သစ်က ၉ ပုဒ်ပါတော့ အပုဒ်ရေ များတဲ့သူကို အပေါ်က တပ်လိုက်တာပဲ။ စိန်သစ်ပထမ စီးရီးက ဂစ်တာတစ်လက်၊ အရက်က တစ်စည်၊ မိန်းမလှလေးက တစ်ယောက်၊ အဲဒီ သီချင်းကလည်း နာမည် ကြီးနေပြီ။ အဲဒီ သီချင်းက “ဇော် ၀င်း” ရေးခဲ့တာ။ ဇော်ဝင်း ဆိုတာက နောက်တော့ စောဘွဲ့မှူး ဖြစ်လာတဲ့ သူလေ။ အမှန်က ဂစ်တာ တစ်လက်က လမ်းဘေး သီချင်းပါ။ အဲဒီ အခွေထဲမှာ ပါတဲ့ ချောချောတို့ လမ်းထဲတို့ ဘာတို့ကမှ ဇော်ဝင်း ရေးတာ။ သူကိုယ်တိုင်ပဲ တီးတယ်။ အဲဒါ ပြီးတော့မှ ဒုတိယ စီးရီးကို ကျွန်တော် ရေးတာ။
ဒုတိယ စီးရီးက ကိုသစ်မင်းတစ် ယောက်တည်းရေးတဲ့ သဘော ဖြစ်သွား တာပေါ့။
ဟုတ်တယ်။ အဲဒီသဘော ဖြစ်သွားတယ်။
စိန်သစ် မတိုင်ခင်ကတည်းက မင်းမင်းလတ်က နာမည် ကြီးနေပြီးသား ဖြစ်လျက်နဲ့ ဘာဖြစ်လို့ ဒီအခွေမှာ တစ်ပုဒ်တည်း ၀င်ပါတာလဲ ကိုသစ်မင်း။
အမှန်ကတော့ နှစ်ပုဒ် ဆိုခိုင်းတာဗျ။ တစ်ပုဒ်ပဲ ဆိုဖြစ်သွားတာ။ အဲဒီတုန်းက စနစ်ကလည်း ၈ ပုဒ်၊ ၉ ပုဒ်ပဲ ထုတ်တဲ့ စနစ်ပေါ့။ အဲဒီမှာ အားလုံး ရောပါသွားအောင် ဆိုခိုင်းခဲ့တာ ဖြစ်မယ် ထင်တယ်။ တစ်ခါတည်း နှစ်ခြမ်းသွင်းမယ့် သဘောမျိုး သွင်းခဲ့ကြတာပဲ။ တစ်ကြိမ် ထုတ်ရင် တစ်ခြမ်း ထုတ်ရမှာကို တစ်ခါတည်း တစ်ခွေလုံး ထုတ်ပစ်လိုက်တာ။ သဘောကတော့ စိန်သစ် တစ်ခြမ်းထုတ်မယ်။ မင်းမင်းလတ်၊ ဇော်မင်းလေး၊ လေးလေးနွယ်တို့က တစ်ခြမ်းထုတ်မယ် ဆိုတဲ့ သဘောနဲ့ စီစဉ်ခဲ့ကြတာပဲ။ မင်းမင်းလတ်ကလည်း ခင်မင်မှုနဲ့ ၀င်ဆိုခဲ့တာ ဖြစ်မယ်။ မင်းမင်းလတ် အတွက် နှစ်ပုဒ် ရေးပေးခဲ့တာ။ တစ် ပုဒ်က စိုးပိုင် ထွက်လာတဲ့ အခွေထဲမှာ ပါနေလို့ ဖြုတ်ပစ်ခဲ့တာ။It's not for you ကို ကျွန်တော်က မာယာချစ်မိုး ဆိုပြီး ရေးပေးခဲ့တယ်။ နောက်ပိုင်း ထုတ်တဲ့ မင်းမင်းလတ် ဆိုတဲ့ စာအုပ် မှာတောင် ဖော်ပြခဲ့ပါသေးတယ်။
အဲဒါ ဘယ်နှခုနှစ်လောက် ရှိပြီလဲ။
၁၉၇၂။
၇၂ ဆိုတော့ Reel ခေတ်ပေါ့။
ဟုတ်တယ်။ ဒါပေမဲ့ ကက်ဆက် ကလေးတွေလည်း ပေါ်နေပြီ။
ကိုသစ်မင်း အဲဒီ သီချင်းတွေ မရေး ခင်တုန်းက ကဗျာတွေ ရေးသေးတာဆို။
ဟုတ်ကဲ့၊ ကျွန်တော် ကဗျာရေးတယ်။ ကျောင်းသား ဘ၀ကတည်းက ရေးခဲ့တာပါ။
ကဗျာကနေ သီချင်းကို စိတ်ဝင် စားလာတယ်ပေါ့။
၇၀ မှာ ကိုထွန်းနောင်ရဲ့ ရည်းစား လိုချင်တယ်တို့၊ ခေါက်ထီးတို့၊ ဆရာမ လေးတို့ ပေါ်လာချိန်မှာ ကျွန်တော် အရမ်းကြိုက်တော့ သီချင်းကို စိတ်ဝင်စား လာခဲ့တာပါပဲ။ အဲဒီလို သီချင်းတွေ လိုက်ရေးချင်တယ်။ နောက် ကိုစိမ်းသူက မင်းမင်းလတ် သီချင်း ရေးလိုက်တော့ ပိုကြိုက်လာတာ။ မင်းမင်းလတ် သီချင်း တွေကျတော့ တိုးတက်ပြောင်းလဲ လာတယ်။ အမှန်တော့ ကျွန်တော်သီချင်း ရေးဖြစ်တာ ကိုစိမ်းသူကြောင့် ဆိုရင် ပိုမှန်လိမ့်မယ်။ သူရေးတဲ့ သီချင်းတွေက သပ်သပ်ရပ်ရပ် ရှိတယ်၊ ပိုပြီး Modern ဖြစ်တယ်။ ဒါကြောင့် ပိုကြိုက်လာတယ်။ အဲဒီတုန်းက သီချင်းတွေ နားထောင် ရတာလည်း ရေဒီယို သီချင်းတွေ ပဲရှိသေးတာကိုး။ Ventures တီးလုံး ဆိုတာက မြန်မာ တီးဝိုင်းသမားတွေက တီးတတ်တယ်။ သူတို့က ဒေါင်ဒေါင်-ဒေါင်ဒေါင် တီးတာကို ကျွန်တော်က စာသား လိုက်သွင်းတာပဲ။ ဒါလည်း အပျော် ဆိုပါတော့။ အဲဒီကနေ ကျွန်တော် သီချင်းရေးဖြစ်တယ်။ ဘာညာ ဖြစ်သွားတာကို။
အဲဒီတုန်းက တေးရေးခ ဘယ်လောက် ရသလဲ။
တစ်ပုဒ် အစိတ်က စရတယ်။
၇၂ ခုနှစ်က အစိတ်ဆိုတာ မနည်းပါဘူး။
ဟုတ်တယ်၊ တော်တော်လေး သုံးရတယ်။
အဲဒီနောက် ကိုသစ်မင်း ဘယ်သူ့ အတွက် ဆက်ရေးဖြစ်လဲ။
ကျွန်တော် စိန်သစ်နဲ့ပဲ တော်တော် များများ ရေးဖြစ်တယ်၊ အခွေတွေ မအောင်မြင်ဘူးပေါ့ဗျာ။ ၇၂၊ ၇၃ နှစ်နှစ်လုံး စိန်သစ် အတွက်ပဲ ရေးဖြစ်ခဲ့တယ်။ သူများတွေ အတွက် မရေးဖြစ်ခဲ့ပါဘူး။ ၇၄ ကျမှ စိုးပိုင်အတွက် အချစ်ည ရန်ခုန်သံက စရေးဖြစ်တယ်။ Famalia မိသားစု တေးသံသွင်းကနေ ထုတ်တာ။ အဲဒီတုန်းက ကုလား သီချင်းတွေ များတယ်။ ကုလား သီချင်းတွေ စတွေ့တယ်။ ကီရိုးနားတို့ ဘာတို့ပေါ့။
အချစ်ည ရင်ခုန်သံက မောင်သစ်မင်း ဖြစ်စေခဲ့တာပဲပေါ့။
ဟုတ်တယ်၊ သူက အဓိက ကျပါတယ်။
ကိုစိုးပိုင် အတွက် တော်တော်များများ ရေးခဲ့တယ်နော်။
အဲဒီကနေ စပြီး ကိုစိုးပိုင်နဲ့ တောက်လျှောက် တွဲတာပဲ။ အဲဒီတုန်းက ကျွန်တော်နဲ့ ကိုစိမ်းသူတို့၊ ကိုလေးလွင်တို့ သီချင်းရေး ဆရာသက်သက် မဟုတ်ပါဘူး။ စိန်သစ်ဆီကနေ ကိုစိုးပိုင်ဆီ ရောက်တော့လည်း သူတို့နှစ်ယောက် အတွက်ပဲ ရေးဖြစ်တယ်။ ကျွန်တော်က တမင် လက်ခံပြီး ရေးနေတာ မဟုတ်ဘူး။ အပျော်တမ်း ရေးနေတာပဲ ဖြစ်တယ်။ အပျော်တမ်း ဆိုပေမယ့် နာမည်တော့ တော်တော် ရနေပြီ။ အပျော် ရေးနေတာ ဆိုတော့ သီချင်း ရေးခကလည်း သူငယ်ချင်းတွေနဲ့ စားလိုက် သောက်လိုက်ကြနဲ့ ကုန်တာပါပဲ။ အဲဒီတုန်းက ပန်းစံပယ် လက်ဖက်ရည် ဆိုင်က ပေါက်စီက တော်တော် ကောင်းတာကိုး။
ကိုစိုးပိုင် အတွက် ပထမ ရေးပေးနေတာ ဦးကျော့မှူး ရှိတယ် မဟုတ်လား။
ဟုတ်တယ်၊ စိုးပိုင် ဒုတိယ စီးရီးနဲ့ တတိယ စီးရီးက ဦးကျော့မှူး၊ ပထမ စီးရီးက ကိုလှစိုး၊ စတုတ္ထစီးရီးမှာ ဦးကျော့မှူးနဲ့ နေဇော်အောင်၊ ကျွန်တော်က ပဉ္စမ စီးရီးဖြစ်မယ် ထင်တယ်။
အဲဒီကနေ တောက်လျှောက် ကိုစိုးပိုင် အတွက် ရေးဖြစ်တာပေါ့။
ဟုတ်တယ်၊ တောက်လျှောက်ပဲ။
အဲဒီလို ရေးနေရာကနေ ကိုသစ်မင်း ငြိမ်သွားသေးတယ်နော်။
အဲဒါက ဒီလိုဗျ၊ ကျွန်တော်က အလုပ်နှစ်ခု လုပ်သလို ဖြစ်နေတာ။ ကျွန်တော်က စာပေ လောကထဲမှာလည်း သွားလာနေတော့ ကဗျာလည်းရေး ဘာလဲ ရေးပေါ့ဗျာ။ ၀တ္ထုလည်း ကျွန်တော်က စမ်းရေးချင်တာကိုး။ ၇၂ ထဲမှာပဲ လျှို့ဝှက်သည်းဖို မဂ္ဂဇင်းထဲမှာ ကျွန်တော့် ၀တ္ထုတို တစ်ပုဒ် ပါလာတယ်။ နောက် လျှို့ဝှက်သည်းဖို မဂ္ဂဇင်းက ဘာကြောင့်လဲ မသိဘူး ပိတ်သွားတယ်။ အဲဒီတိုက်မှာ ကျွန်တော့်ဝတ္ထု ရွေးထားတာ သုံးလေးပုဒ် ရှိတယ်။ ၀တ္ထုရှည် စဆုံးတောင် ရွေးထားတာ ရှိတယ်။ လျှို့ဝှက်သည်းဖို မဂ္ဂဇင်းက သူတို့ဆီမှာ ပါတဲ့ စာရေးဆရာ သုံးလေးယောက်ရဲ့ ၀တ္ထုတိုလေးတွေ စုပေါင်းပြီး စာအုပ် ထုတ်တဲ့ အစီအစဉ် ရှိတယ်။ ကိုသက် နောင်က လုပ်ပေးတာ။ ဦးခင်ကျော်က ထုတ်တာပေါ့။ ကျွန်တော်က အဲဒီမှာလည်း ၀တ္ထု ရေးနေတယ်။ တစ်ဖက်မှာလည်း သီချင်း ရေးနေတယ်။
တစ်ခါ မောင်နှင်းဆွေက မိုးဆန်း ပန်းစာပေတိုက် ထောင်တော့ ကျွန်တော့်ကို လုံးချင်းနှစ်အုပ် ထုတ်ပေးတယ်။ အရှေ့နေထွက် အနောက်နေ၀င်နဲ့ မပြောကောင်းတဲ့ အကြောင်း ကလေးတစ်ခု နှစ်အုပ်ပါ။ အပျော်ဖတ် လျှို့ဝှက် သည်းဖိုတွေပါပဲ။ ၁၉၇၅ ခုနှစ်မှာ စာစရေးတော့ သီချင်း ဘက်မှာ ဟသွားတယ်။ သက်တင်စာပေက ဖက်ထားစမ်းပါ အချစ်ရယ် နဲ့ နောက်နှစ်အုပ်ကတော့ ကျွန်တော့်ဘာသာ ကျွန်တော် လုပ်တာ။ ငရဲ၌သစ်ငုတ် ဖြစ်စေနဲ့ တေးမြုံငှက်။ အဲဒီတောက်လျှောက် ကျွန်တော်က စာရေးနေတော့ သီချင်း ရေးတာ ကျဲသွားတယ်။ မရေးဖူးတော့ မဟုတ်ဘူး၊ ကျွန်တော် ရေးတယ်၊ ဟိုမှာနှစ်ပုဒ်၊ ဒီမှာ တစ်ပုဒ်နဲ့ မထင်ရှားဘူးပေါ့။
ကိုသစ်မင်း လုံးချင်း ဘယ်နှအုပ် ထုတ်ခဲ့လဲ။
ငါးအုပ်။ ၇၅ ကနေ ၇၇ ထိပေါ့။ တေးမြုံငှက်က နောက်ဆုံးပဲ။ အဲဒီကနေ ၀တ္ထုရေးတာ ရပ်ပြီး သီချင်း ရေးတဲ့ဘက် ပြန်လှည့်လာတယ်။ လှည့်လာတယ် ဆိုတာကလည်း စန္ဒရားနဲ့ ပတ်သက်တာ ကျွန်တော် တော်တော် သိချင်လို့ ပန်တျာကျောင်းမှာ ညကျောင်း သွားတက်တာ။ အဲဒီမှာ တစ်ခါ သီချင်းရေး တာ ပြတ်သွားပြန်ရော။ ၈၁ လောက်မှ အမြန်ယာဉ်၊ အနီးဆုံး လူတို့နဲ့ ပြန်ဝင်လာခဲ့တာ။ အဲဒီကနေ တောက်လျှောက် ပါပဲ။ အမြန်ယာဉ် ရေးတော့ ကိုဝင်းငြိမ်းနဲ့ တွေ့ဖြစ်နေပြီပဲ။
အယ်(လ)ခွန်းရီအတွက် ရေးခဲ့ သေးတယ်နော်။
ဟုတ်တယ်၊ အယ်(လ)ခွန်းရီ အတွက်။ သူအပ်တာလေးတွေလည်း ရေးဖြစ်တယ်။ နောက် ကလီယိုပါထရာတို့ ဘာတို့လဲ ရေးဖြစ်တာပဲ။
ကိုကျော်ဟိန်းနဲ့ ဆုံဖြစ်တာကကော။
ယင်းမာ တေးသံသွင်းကြောင့် ဆုံဖြစ်တာပါ။ အဲဒီတုန်းက ယင်းမာတင် ဆက်မှုဆိုပြီး ၁ တို့၊ ၂ တို့ လုပ်နေတဲ့ အချိန်။ မီမီဝင်းဖေ တို့က အေးသီခိုင်တို့၊ ပန်းအိစံတို့ နာမည်နဲ့ ဆိုနေကြတဲ့ အချိန်။ သူတို့အတွက် ရေးပေးရင်းနဲ့ ဆုံဖြစ်တာပါ။ ကိုကျော်ဟိန်းက ယင်းမာ တင်ဆက်မှု ၂ မှာ ၀င်မဆိုခင် တစ်ကိုယ် တော်လေလွင်ြ့ခင်း စီးရီး ထွက်ပြီးပြီ။ သူက နောက်တစ်ခွေ လုပ်ချင်နေတဲ့ အချိန် ၂ မှာ သူဝင်ဆိုတော့ ကျွန်တော့် စာသားတွေ သဘောကျတယ်။ သဘောကျတော့ ပထမပိုင်း စီးရီး အစီအစဉ် မရှိသေးဘဲ ရုပ်ရှင် သီချင်းတွေ ကျွန်တော့်ကို ရေးခိုင်းတယ်။ ကျွန်တော် ရေးပေးလိုက်တော့ နောက်ပိုင်းမှာ အဲဒီ အထဲကဟာတွေ ယူတာပေါ့။ စင်ပေါ် ကသီချင်းများ ဆိုပြီးဖြစ်တဲ့ အချိန်မှာ ရုပ်ရှင် သီချင်းတွေက များတယ်။ တစ်ဝက်လောက် အသစ် ထပ်ရေးရတယ်။
အချစ်ည ရင်ခုန်သံ ရေးဖြစ်ခဲ့တဲ့ ကာလလောက်က စာသားတွေနဲ့ စင်ပေါ်က သီချင်းများ ရေးဖြစ်ခဲ့တဲ့ ၈၂ လောက်က စာသားတွေ တော်တော် ကွာသွားတာ တွေ့ရတယ်။ ဥပမာ ဧည့်ခန်းဆောင်မှ အသံများ၊ မင်းပေးတဲ့ ရေတစ်ခွက် စသည်ဖြင့်ပေါ့။ အဲဒီ သီချင်းတွေမှာ Philosophy တွေ ပါလာပြီ။ အဲဒီတော့ ကိုသစ်မင်း ကိုယ်တိုင်က အယူအဆတွေ ပြောင်းလဲ ရေးပေးတာလား၊ သို့တည်းမဟုတ် ကျော်ဟိန်းမို့လို့ ဒီသီချင်းတွေကို ရေးပေးတာလား။
အမှန်ကတော့ ရေးချင်တာတွေ အများကြီး ရှိတယ်၊ အမျိုးမျိုး ရှိတယ်၊ ယောက်ျားလေး ဆိုရင်တစ်မျိုး၊ မိန်းကလေး ဆိုရင်လည်း မိန်းကလေးဘက်က ခံစားချက် အပြည့်အ၀နဲ့ပေါ့။ စိုးပိုင်တို့ ကျတော့ Bluse ဆန်ဆန်ပေါ့။ အသံကိုက အလွမ်းဘက် နွယ်နေတယ်။ အနီးဆုံး လူကလည်း အလွမ်းပဲ။ စိုးပိုင် အတွက် ရေးတဲ့ အချိန်နဲ့ ကျော်ဟိန်း အတွက် ရေးတဲ့အချိန် သိပ်မကွာဘူး။ အဲဒီလို ဖြစ်နေတယ်။ အသံမှာလည်း ကျွန်တော်က ခံစားလို့ ရတယ်။ ကျော်ဟိန်းအတွက် ကျတော့ သူရွေးလာတဲ့ သီချင်းတွေနဲ့ အဲဒီလို စာသားတွေ ရေးချင်စိတ် ပေါက်တယ်။ ဘယ်လို ခေါ်မလဲ။ Philosophy ပေါ့။ Philosophy ဆိုရင်လည်း နည်းနည်းတော့ မြင့်ပါတယ်။ တစ်မျိုးပဲပေါ့။ တစ်ခုခု ပါတာမျိုးပေါ့။ Message တစ်ခု ထည့်ပေး နိုင်တာမျိုးပေါ့။ အဲဒါမျိုး ရေးချင်စိတ် ပေါက်လာတယ်။ သူကလည်း အဲဒါမျိုး သဘောကျတယ်။ နှစ်ယောက် ညီညွတ်မှု ရှိသွားတော့ အဲဒီပုံစံ ၀င်သွားတယ်ပေါ့။
ကျော်ဟိန်းက စင်ပေါ်က သီချင်းများ၊ မျက်ရည်ငှက်များ နားစေသတည်း၊ တစ်ကိုယ်တော်လေလွင့်ခြင်း တို့မဆိုခင် ဟိုးရှေ့ရှေ့ပိုင်း Reel ခေတ်တုန်းက Mrs.Brown You’ve a Lovely Daughter ကို ဘာသာပြန်ဆို ထားတာတွေ ဘာတွေ ရှိခဲ့ဖူးတယ်။ ကိုသစ်မင်း နားထောင် ဖြစ်ခဲ့သေးလား။
နားထောင် ဖြစ်ခဲ့ပါတယ်။ ဦးကျော့မှူး ဆီမှာ ဆိုခဲ့တာတွေလည်း နားထောင်ခဲ့တယ်၊ မျက်ရည်ငှက်များ တစ်ကိုယ်တော်ခွေလည်း နားထောင်ခဲ့ပါတယ်။
ရှေ့ပိုင်းခွေတွေမှာ ကျော်ဟိန်းကို စတီရီယို သီချင်းနဲ့ လက်မခံကြသေးဘဲ စင်ပေါ်က သီချင်းများ ကျမှ လက်ခံ သွားကြတာ ဘာကြောင့်လို့ ထင်သလဲ။
ရှေ့ပိုင်းက သီချင်းတွေမှာ ရှင်း ရှင်းပြောရရင် Mood တွေက လျော့တဲ့ နေရာမှာ လျော့ပြီး ပိုတဲ့ နေရာတွေမှာ ပိုနေတယ်။ ဒါကြောင့်ထင်တယ်။ ဒါပေမဲ့ တစ်ကိုယ်တော် လေလွင့်ခြင်းမှာ ကိုဗစ်တာတို့နဲ့ တွေ့သွားတော့ Lesson တွေ ရသွားတယ် ထင်တယ်။ ဒါကြောင့် တစ်ကိုယ်တော်မှာ အောင်မြင်မှု နည်းနည်းရ ခဲ့တယ်။ စင်ပေါ်က သီချင်းများ ဆိုတဲ့ အချိန်မှာ သူတော်တော် တတ်နေပြီ။ သူ့ ဘာသာသူ ကြိုးစားလာပြီ။ Acting လုပ်တဲ့ နေရာမှာ Overacting ရှိသလို သီချင်းမှာလည်း Overmood မဖြစ်ရအောင် လျှော့သင့်တာ လျှော့ဖို့ ကျွန်တော်က အကြံပေးတယ်။ စီးရီး သွင်းချိန်မှာ အနီးကပ် နေပေးပြီးတော့ လိုတာ ပိုတာကို ဆုံးဖြတ်ပေးတယ်။ အဲဒီလို ပံ့ပိုး ပေးလိုက်တာကြောင့် စင်ပေါ်က သီချင်းများ စီးရီး အောင်မြင်သွားတယ်လို့ ထင်ပါတယ်။
နောက်ထပ် ကျော်ဟိန်းအတွက် ရေးဖြစ်တာက။
အဓိပ္ပာယ် ရှိသောလူ။
အဲဒီ စီးရီးကတော့ စင်ပေါ်ကလောက် မပေါက်ဘူး ထင်တယ်။
ဟုတ်တယ်။
ဒီအခွေကို MRV ရိုက်သေးတယ်နော်။
ယင်းမာကပဲ ရိုက်တယ်၊ ထွက်မလာ ဖြစ်ဘူး။
ကိုသစ်မင်းက ကဗျာလည်း ရေးခဲ့တဲ့ သူတစ်ယောက် ဖြစ်နေတော့ Copy သီချင်းမှာပဲ ပျော်မွေ့ နေတော့မှာလား၊ Own Tune မရေးတော့ဘူးလား။
ကျွန်တော့် တကယ့် ရည်ရွယ်ချက် ကတော့ Own Tune ပဲ။ ဒါကြောင့် စန္ဒရား အတီးသင်တယ်။ ပြီးတော့ ဂစ်တာ အတီးသင်တယ်။ ဂစ်တာကိုတော့ ကိုရဲ သင်ပေးတာပါ။
ကိုရဲလွင်လား။
ဟုတ်ပါတယ်၊ ကျွန်တော်က သီချင်းသာ ရေးနေတာ ဂစ်တာ တီးတတ်တာ မဟုတ်ဘူး။ စစ်ကိုင်းက ကျွန်တော့် အမျိုးတွေဆီ သွားလည်တော့ ဂစ်တာကြီး ထိုးပေးပြီး အချစ်ည ရင်ခုန်သံ ဆိုခိုင်းတော့ အရှက် ကွဲတာပေါ့။ ဒါနဲ့ ကိုယ့် သီချင်းလောက်တော့ ကိုယ်တီးတတ်အောင် သင်ဦးမှပဲ ဆိုပြီး သင်ရင်းနဲ့ အခြေခံ Chord လေးတွေ တတ်လာတယ်ပေါ့။ ကိုရဲကလည်း သင်ပေးတယ်လေ။ စာအုပ်ထဲမှာလည်း Chord ပုံစံတွေပါတော့ ကိုင်ရင်းကိုင်ရင်းနဲ့ ဂစ်တာတော့ တီးတတ်သွားတယ်။ တစ်ခါ တော့ ကျွန်တော် စိုင်းခမ်းလိတ်နဲ့ စကား ပြောဖြစ်တယ်။ “ခင်ဗျားဗျာ ၃ Chords တတ်လည်း ရေးဗျာ”တဲ့။ သူက အားပေးတယ်။ တချို့ ကျွန်တော့် သီချင်းတွေ ၃ Chords ပဲ ရှိတယ်တဲ့။ ကျွန်တော်က စရေးရတာ ခက်တယ်ဆိုတော့ မဟုတ်ဘူး၊ ရေးသာရေးတဲ့။ သီချင်းမှာ Verse နဲ့ Chords ဒါပဲ အရေးကြီးတယ်တဲ့။ ကျွန်တော့် စိတ်ထဲမှာလည်း Own Tune ကသာ တကယ်ပဲ အစစ်အမှန်လို့ ယုံကြည်တယ်လေ။
ကျွန်တော် မျှော်လင့် တာကလည်း Own Tune ခေတ်ကို မျှော်လင့်တယ်။ ဒါပေမဲ့ လောလောဆယ် မှာတော့ ကော်ပီပဲ ရေပန်းစား နေတော့ ကော်ပီ အသုံး ချနေရတယ်။ Own Tune လည်း ရေးတော့ ရေးဖြစ်ပါတယ်။ ကျော်ဟိန်း အထဲမှာလည်း ကိုရဲတို့နဲ့ တွဲပြီး ကိုခင်မောင်တိုးတို့ ဘယ်သူတို့ အတွက် နှစ်ပုဒ်၊ သုံးပုဒ်စ ရေးဖူးတယ်။ နောက် ခိုင်ထူး တေးမြုံငှက် ကလည်း ကျွန်တော့် စာသားကို ကိုရဲ Tune ထည့် တာပါ။ အဲဒီလိုပဲ ကျွန်တော် အားရတဲ့ စာသားလေးတွေကို ကိုရဲ သံစဉ် ထည့်ပေးတာတွေ ရှိပါတယ်။ ကျွန်တော် ကိုယ်တိုင် သံစဉ် ထည့်တာတွေလည်း ရှိတာပါပဲ။
စိုင်းခမ်းလိတ် ပေးခဲ့တဲ့ တွန်းအားကြောင့် ကျွန်တော် လေ့ကျင့်တဲ့ အနေနဲ့ ရေးထားတဲ့ Own Tune သီချင်းအပုဒ် တစ်ရာကျော်လောက် ရှိပါတယ်။ အဲဒီ အထဲက တချို့ကောင်းနိုး ရာရာတွေ ထုတ်ပေးခဲ့တာလည်း ရှိတယ်။ ကျော် ဟိန်းရဲ့ ထာဝရ ရှင်သန်နေမယ် ထဲမှာ ဆိုရင် ကျွန်တော်ရေးတာ လေးပုဒ်ပါတယ်။ အဲဒါကို ချစ်ကောင်းက အလှည့်မှာ လေလွင့်ငှက်၏ ခြေရာများ ဆိုပြီး ပြန်ဆိုတော့ အောင်မြင်တယ်။ အဲဒီ Own Tune ရေးဖြစ်ပါတယ်။ နည်းတော့ နည်းတယ်ပေါ့။ Own Tune သီးသန့် မဟုတ်ဘူး။ Own Tune ရော Copy ပါ ခွလုပ်နေတာ ဖြစ်နေတယ်။
တေးရေး ဆရာတွေနဲ့ စကားပြောရင် ပြောစရာတွေက တစ်ပုံတစ်ပင်ထွက် လာစမြဲပါပဲ။ ကိုသစ်မင်းနဲ့ စကားပြော လို့ ကောင်းကောင်းနဲ့ ပြောလိုက်ကြတာ အရှိန် မသတ်နိုင်အောင်ပါဘဲ။
ကျွန်တော် လေ့လာမိသလောက် ပြောရရင် တချို့တေးရေးတွေက အမျိုး သမီးတွေ အတွက် ရေးရတာ အားသန်ပြီး တချို့ကတော့လည်း အမျိုးသားတွေ အတွက် ရေးရတာ အားသန်ကြတယ်။ ကိုသစ်မင်းကကော။
ကျွန်တော်ကတော့ နှစ်ခုစလုံး ရေးနေတာပဲ။ လာတဲ့ အဆိုတော်တွေ အပေါ်မှာ တစ်ခုခု ကျွန်တော် လုပ်ပေး ချင်တယ်။ မိန်းကလေး ဆိုရင်လည်း တကယ့် မိန်းကလေး တစ်ယောက် ခံစား ချက်ရအောင် ကြိုးစား ရေးပေးချင်တယ်။ ယောက်ျားလေး ဆိုလို့ ရှိရင်လည်း ယောက်ျားလေး Mood အပြည့် အ၀ရအောင် ရေးပေးချင်တယ်။ ဥပမာ ကျော်ဟိန်းအတွက် စင်ပေါ်က သီချင်းများ ရေးပေးခဲ့တာနဲ့ ဟေမာနေ၀င်း အတွက် ခွင့်လွှတ်နော်၊ ဒီနှစ်ခု ရေးပေးတာချင်း မတူဘူးလေ။ မတူအောင်လည်း ရေးတယ်။ ခွင့်လွှတ်နော် ကို တကယ့် မိန်းကလေး အစစ်တစ်ယောက် ခံစားချက်မျိုးနဲ့ ရေးပေးတယ်။ ကျော်ဟိန်းအတွက် ကျတော့ တစ်မျိုးပေါ့။ အဲဒီတော့ ကျွန်တော်က နှစ်ခုလုံးပဲ ရေးပေးချင်တယ်။ သန်တာကလည်း နှစ်ခုလုံးပဲပေါ့။
အခု ကဗျာ ရေးလာတဲ့ ကလေးတွေ တော်တော်များများ လာကြတယ်။ များသောအားဖြင့် ကဗျာကနေ သီချင်းဘက် ပြောင်းလာတတ်ကြပါတယ်။ အဲဒီတော့ ကဗျာ အခြေခံ ရှိပြီးသား ကလေး တစ်ယောက် အနေနဲ့ သီချင်း ရေးတတ်ဖို့ ဘာတွေများ လေ့လာရမလဲ။
သီချင်း ရေးချင်တယ် ဆိုတာက ကော်ပီလား၊ ကိုယ်ပိုင် သံစဉ်လား။
ကော်ပီပဲ ဆိုကြပါစို့။
ကော်ပီ ရေးချင်တယ်ဆိုရင် ကော်ပီသီချင်းတွေ ကျေအောင် နားထောင် ထားဖို့လိုမယ်။ နားထဲမှာ Notes ယဉ်ပါး နေရမယ်။ နောက် ကိုယ့်ကဗျာအား ရှိတာကို ဒီသီချင်းထဲမှာ ရေးချတဲ့ အခါမှာ သီချင်းဆိုတာ ကဗျာ မဟုတ်တဲ့ အတွက် ကဗျာလို စာလုံးပြွတ်သိပ်ရေး လို့တော့ မရဘူး။ သီချင်းက စာလုံးကျဲတယ်။ ရှင်းရှင်း ပြောရရင် ကဗျာနဲ့ သီချင်းယှဉ်ရင် ကဗျာက အဆင့်မြင့်တယ်လို့ ကျွန်တော် ယုံကြည်တယ်ဗျာ။ သီချင်းစာသား ရေးတဲ့ အခါမှာ စာလုံး ပြွတ်သိပ်သွားရင် သီချင်း ဆိုတာနဲ့ မတူ တော့ဘဲ ကဗျာ ရွတ်တာနဲ့ တူသွားမှာပဲ။
ကိုသစ်မင်း အနေနဲ့ သီချင်း ဆိုချင်လို့ ရေးပေးပါလို့ လာအပ်တဲ့ သူတွေထဲက ငြင်းလိုက်ရတာမျိုးများ ကြုံ ဖူးသလား။
အဲဒါမျိုးတော့ မရှိဘူး။ အဆင် ပြေသလို ရေးပေးလိုက်တာချည်းပါပဲ။
ကိုယ်က ကြိုးစားအားထုတ် ပေးလိုက်တဲ့ သီချင်း တစ်ပုဒ်ကို ၀ါသနာရှင် တစ်ယောက်က ဆိုပြီး မအောင်မြင်ခဲ့ရင် ကိုယ့်ဘက်က နစ်နာတယ်လို့ မထင်ဘူးလား။
ဒါမျိုးတွေကတော့ အများကြီး ကြုံဖူးခဲ့တာပေါ့လေ။ သူ့ဘက်ကလည်း အတတ်နိုင်ဆုံးတော့ ကြိုးစားတာပဲ။ ဒါပေမဲ့ အောင်မြင်တယ်၊ မအောင်မြင်ဘူး ဆိုတာတော့ အသေအချာ ဘယ်ပြော နိုင်ပါ့မလဲ။ အဲဒီလိုမျိုး တိမ်မြုပ်သွားတဲ့ သီချင်းတွေလည်း နောင်မှာ လိုက်ဖက်ညီတဲ့ အဆိုကျော်တွေတော့ ပြန်ဆို ဖြစ်ကြတာပါပဲ။ ဒီတော့ ကျွန်တော်တို့ ဘက်က အနုပညာအားဖြင့် လုံးဝ ဆုံးရှုံး သွားတယ်လို့ မဆိုသာဘဲ အခိုက်အတန့် အားဖြင့် တိမ်မြုပ်တဲ့ သဘောလောက်ပဲ ရှိပါတယ်။
အဆိုကျော် ဖြစ်ဖို့ ၀ါသနာ ပါတဲ့ သူတစ်ယောက်က သီချင်း ရေးပေးပါ လို့လာအပ်ရင် သူ့အသံကို အစမ်း သဘောမျိုး နားထောင်ရုံနဲ့ ပေါက်နိုင် တယ်လို့ တပ်အပ် ပြောနိုင်မလား။
ဒါတော့ ဘယ်ပြောလို့ ရမလဲ၊ ပေါက်တယ်ဆိုတာ ပရိသတ် လက်ခံမှုပေါ် မူတည်တာကိုး။ ကျွန်တော့်ဘက်က ကြိုးစားတယ်၊ သူ့ဘက်ကလည်း ကြိုးစားတယ်။ ဒါပေမဲ့ ပရိသတ်က လက်မခံရင် ဘယ်ဖြစ်လာ နိုင်ပါ့မလဲ။
ဟုတ်ကဲ့၊ တေးရေး တစ်ယောက်က အမျိုးသမီးငယ် တစ်ယောက်အတွက် သီချင်း အပ်ရာမှာ သေချာပေါက် အောင်မြင်မယ်လို့ ပြောလိုက်သံ ကြားရလို့ ကျွန်တော် မေးကြည့်တာပါ။ကိုသစ်မင်း ရုပ်ရှင် သီချင်းရေးတဲ့ အခါမှာကော၊ သီချင်း ၀င်ဆိုရမယ့် အခန်းကို ကြည့်ရေးတာလား။ ဒါမှမဟုတ် ဒါရိုက်တာက အချစ်သီချင်း၊ အလွမ်းသီချင်း၊ စုံတွဲသီချင်း ဒီလို ပြောရုံနဲ့ ရေးပေးတာလား။
တချို့ ဒါရိုက်တာတွေကတော့ ဘယ်နေရာမျိုးမှာ သီချင်း သုံးချင်တယ် ဆိုတာကို ဇာတ်ဝင်ခန်းနဲ့ ပြောပြပါတယ်။ အဲဒါမျိုး ကျတော့ ကျွန်တော်က တိတိကျကျ ရေးရတာပေါ့။ ခုနက ကိုဝင်းငြိမ်း မေးသလို ယေဘုယျသမား တွေကျတော့လည်း သူတို့ လိုချင်တာမျိုးကို ခြုံရေး ပေးလိုက်တာပါပဲ။
ကျေးဇူးပါပဲ ကိုသစ်မင်း။
ကိုသစ်မင်းနဲ့ ကျွန်တော် ပြောဖြစ် ခဲ့တဲ့ စကားစုပါပဲ။
အလင်္ကာ ဂျာနယ်ကို ကျွန်တော် ပံ့ပိုး ပေးပါ့မယ်လို့ ကတိ ပေးထားပေမယ့် ၀တ္တရား မကျေတဲ့ အခါ များစွာ ရှိ ခဲ့ပါတယ်။ တစ်ဖက်က ကျွန်တော့်မှာလည်း အလုပ်တွေ ပိနေလို့ပါ။ နောက် တစ်ကြောင်းက အလင်္ကာကို ဦးစီးနေ ကြတဲ့ နေမျိုးညွန့်နဲ့ ပန့်တို့ လူငယ်လေးတွေ ကိုယ်တိုင် ကြိုးစားစေချင်တဲ့ ဆန္ဒ ကြောင့်လည်း ဖြစ်ပါတယ်။ ကျွန်တော် တို့မှာ စာနယ်ဇင်း အတတ်ပညာ သင်ကြား ပို့ချပေးတဲ့ ကျောင်းရယ်လို့ သီးခြားရှိတာ မဟုတ်ပါဘူး။ ခင်သန်းနု စကားနဲ့ ပြောရရင် ကျွန်တော်တို့ တစ်တွေက ဆလုံများလို ယက်ကန် ယက်ကန် ဖြစ်ရင်းကပဲ ရေကူး တတ်လာကြတာ ပါ။ လူငယ်တွေ ကြိုးစားအားထုတ် လာတဲ့အခါ ကျွန်တော်တို့က ဖေးမရုံ သက်သက်သာ လုပ်ကြရတော့မယ် ပေါ့။ ဒီသဘောနဲ့ လွှတ်ပေးကြည့်တာပါ။
အလင်္ကာမှာ ဂီတ ပရိသတ် ရှိပါတယ်။ နေမျိုးညွန်တို့ ဘက်က ပုံမှန် ကြိုးစား အားထုတ် လာကြမယ်ဆိုရင် အရှိန်အဟုန် ကောင်းလာမှာပါပဲ။ ကိုသစ်မင်းနဲ့ ကျွန်တော် ဆုံခဲ့တာကို အလင်္ကာမှာ နှစ်လ ဖော်ပြခဲ့ပါ တယ်။ အဲဒီတုန်းက ပြောဖြစ် ခဲ့တာတွေ ဟာ သူ့သမိုင်းကြောင်းလည်း ဖြစ်တာကြောင့် ကိုသစ်မင်းဆိုတဲ့ တေးရေး ဆရာ ကွယ်လွန်သွားပြီ ဖြစ်ပေမယ့် သူ့ သီချင်းများနဲ့ ပတ်သက်ပြီး လေ့လာ မှတ်သားလိုသူများ အတွက် အတိုင်း အတာ တစ်စုံတစ်ခု အထိ ဖြည့်စွမ်းပေး နိုင်မယ်လို့ ယုံကြည်ပါတယ်။
ကိုသစ်မင်း ကောင်းရာ သုဂတိ လာပါစေ။

ဝင်းငြိမ်း
(ရွှေအမြုတေ ဩဂုတ်လ ၂၀၁၁)
(ရွှေအမြုတေ ဩဂုတ်လ ၂၀၁၁)
Source...http://shweamyutay.com/index.php?option=com_content&view=article&id=3342:2011-07-28-07-16-13&catid=131:2009-11-02-09-34-28&Itemid=774
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။