ရန်ဝင်း
(တောင်တံခါး)
ဇွန် ၁၄၊
၂၀၀၉
“ ပွင့်ဦး
ကြွေမှဖြင့်ကွယ် မပန်စေချင်ရက်တော့တယ် ”
ဂီတစာဆို ဂီတနက်သန်
ကိုစောညိန်းသည် ဘဝမုန်တိုင်းကြားက ချစ်ပန်းပွင့်ဦး ဖြစ်ခဲ့လေသည်။
ဂီတနက်သန် ကိုစောညိန်းသည် အသက် ၂၇
နှစ် နှင့် ၇လ အရွယ် ငယ်ရွယ် နုပျိုစဉ်မှာပင် ကွယ်လွန်ခဲ့လေသည်။
ဂီတနက်သန် ကိုစောညိန်း ကွယ်လွန်ခဲ့သည်မှာ ယနေ့အချိန်တွင် နှစ်ပေါင်း
ခြောက်ဆယ်သို့ နီးခဲ့လေပြီ။
တိုတောင်း၍ မုန်တိုင်းထန်လှသော
သူ့ဘဝခရီးအတွင်းတွင် ဂီတနက်သန် ကိုစောညိန်းသည် မြန်မာသံ ဟန်သစ် တခုကို
ဖန်တီးခဲ့လေသည်။ ရှေးယခင်က မရှိခဲ့ဖူးသေးသော မြန်မာသံ မြန်မာဟန်
သီချင်းများသည် တေးချစ်သူများ၏ ရင်ဝယ် ထာဝရ ခိုနားနေပေတော့မည်။
ဂီတနက်သန် ကိုစောညိန်း၏ သီချင်းများသည် မြန်မာ့ဂီတသမိုင်းတွင်
မှတ်တိုင်များ အဖြစ် အမြဲတမ်း ထာဝရ တည်နေပေတော့မည်။
“ ပွင့်ဦး ကြွေမှဖြင့်ကွယ်
မပန်စေချင်ရက်တော့တယ် ” ဟု သူ့သီချင်း ‘ပွင့်ဦး’ တွင် ရေးခဲ့သော ဂီတနက်သန်
ကိုစောညိန်း သည် သူကိုယ်တိုင် သူ့နာမည် အတိုင်း
စောစောငြိမ်းခဲ့လေသော၊ အကြွေစောခဲ့လေသော ‘ပွင့်ဦး’ တပွင့် ဖြစ်လေသည်။
ကိုစောညိန်းက သူ့အချစ်ပန်း
‘ပွင့်ဦး’ ပွင့်ခဲ့ရသူကို
‘ခင် ’ဟု
ရည်ညွှန်းခဲ့လေသည်။
“စပယ် စပယ် စပယ် ပန်းနှယ်
သင်းရနံ့ကြူ ဖြူဖြူဖွေးရယ် မွှေးမွှေးလေး ပေးချင်အောင်ကွယ် မူယာ
စုံကြွယ် ညာ ဘယ် သွဲ့သွဲ့ နွဲ့ကာသာ ယိမ်းဖယ်” ‘စပယ်’ ဟုလည်း
တင်စားခဲ့သည်။
“ ချစ်ကန္တာရ အဏ္ဏဝါ
ရေပြင်ပင်လယ် ဘယ်ဝယ်မျှော်မှန်း ကမ်းရိပ် မမြင်တဲ့ ရေကြောဝယ် မျောလို့နေတဲ့
လှေကလေးနှယ် ”
‘ချစ်ကန္တာရ’
အတွင်းတွင်
သူအား
ထားရစ်ခဲ့ပြီး၊
“ ချစ်ရေး ခင်ရေး
လိုက်လေဝေးတယ် စိန် ခေါ်ပါလို့ ပြေးလေသလားကွယ် ” ရေမြေအဏ္ဏဝါ ကမ္ဘာမြေခြားရာသို့
‘စိန်’ ခေါ်၍ ပြေးလေသော
မူနိုင်လွန်းခဲ့သူ သူ့အချစ်ပန်း ‘ပွင့်ဦး’ ‘ခင်’သည် သူ့သီချင်း
‘သစ္စာ’ မှ သစ္စာခင်
ဖြစ်သည်။
“ သစ္စာ ‘သစ္စာခင်’ ရယ် မေ့ကို ချစ်ချင်လေသမျှ
လောကရဲ့ ပရိယာယ် မာယာ အသွယ်သွယ် ဆန်းကြယ်စွာ သူလှည့်စား၍
ဇရာကား ဝါးမျိုခဲ့ပြီကွယ် နေစိမ့်တဲ့ မေရယ် ကွယ်ပျောက်လို့ ဘယ်ဆီမှာ
ဝေးတယ် သီတာ ရေမြေ ဆုံးပါစေတော့ ရှာရတော့မယ် ‘သစ္စာခင်’ ရယ် မေ တမင်
ပုန်းရက်မှာလားကွယ် ”
ငယ်စဉ်ကတည်းက
ဘဝမုန်တိုင်းထန်ထန်ဝယ် ဘဝကို ကြိုးစား အားထုတ် ရုန်းကန် ရပ်တည်ခဲ့ရသော၊
ချစ်အားငယ်ခဲ့ရသူ ကိုစောညိန်း သည် သူ့မေတ္တာပန်း
အပွင့်အဦးကလေးကို ရင်ဝယ်ပိုက်၍ သူချစ်မိလေသော ‘ခင်’ ၏မေတ္တာကို
မျှော်ကိုးခဲ့ရရှာသည်။
ချစ်ပန်း
ပွင့်ဦးစ အရွယ် ကိုစောညိန်း
“အသည်းလွှာ မြေဝယ်
အမြစ်ဖြာယှက်သွယ် အချစ်ညှာ ခက်ခါနွယ် မာလာပင်နန်း ‘ချစ်ပန်း ပွင့်ဦးစ
အရွယ်’ ချူတော်မူလာနိုး မျှော်ကိုးကာ ပူဗျာပါကြွယ်
ရည်ရွယ် သွယ်ညွှတ်ပျောင်း ကြာလေ ညှာကြွေညောင်းမျှရယ်”
သည်သို့ပင် သည်းညှာ
ကြွေလုလုမျှ ကာလ ကြာမြင့်စွာ စောင့်စားမိခဲ့သည်။
“အရိုင်းစပယ်မို့ ပစ်ပယ်
ပန်တော်မဝင်တယ် ငွေသဇင်ကြူမွှေး သူရွေးပြီ ထင်အားငယ်”
သူ့မေတ္တာ ပွင့်ဦးလွှာမှာ
အရိုင်းစပယ်ပွင့်ကလေးမျှသာ ဖြစ်သောကြောင့် ပစ်ပယ်ခံခဲ့ရပြီး၊
ပန်တော်ဝင် သဇင်ပန်းကို သူ့ချစ်သူက ရွေးချယ်လိုက်လေပြီဟုပင် ထင်ခဲ့မိရှာသည်။
ထိုသို့ မဝံ့မရဲ
စောင့်ရင်းနှင့်ပင် ဒုတိယကမ္ဘာစစ်ကြီးက သူတို့နှစ်ဦးကို
အနေဝေးစေခဲ့ပြန်သည်။
သူ့ချစ်ဦးသူ သစ္စာခင်လေး
ကို ကိုစောညိန်းသည် အသည်းလွှာမြေဝယ် ရေမြေဆုံးတိုင် ရှာဖွေခဲ့ရလေသည်။
“ ရေမြေ ဆုံးစေတော့ကွယ်
ခင်ဖုန်းကိုတော့ တွေ့အောင်ရှာမယ် ရှာတော့မယ် ”
“ တရွေ့ရွေ့ ဝေးပါလို့ ရေမြေ
အဏ္ဏဝါ ကမ္ဘာမြေ ခြားရာဝယ် ထွက်ပြေး ရှောင်ဖယ် ပြေး ရှောင်ဖယ် မောင့်အပေါ်ဝယ်
မူလွန်းနိုင်အားတယ် ကွယ် ”
ထိုအချိန်အတွင်းတွင် သူချစ်ရသူက
အိမ်ထောင်ပြုသွားပြီဟု ကြားလိုက်ရသော ကိုစောညိန်းမှာ မျှော်လင့်ချက်
ကုန်ဆုံးလျက် သူ့မေတ္တာ ပွင့်ဦးလွှာသည်လည်း မြေခ ကြွေလွင့်ရရှာလေပြီ။
“ တွက်ရေသော် ရက်တွေခြား
စောင့်စားရင်းမြေမှာ ကြွေ ကြွေကာ နွမ်းလေပြီကွယ် ငွေချပ်လွှာဆွေး မာလာ မွှေးရနံ့ပြယ်
”
ဘဝကံကြမ္မာကလည်း ဆန်းကြယ်စွာ
ဖန်လာပြန်တော့သည်။ နှစ်ပေါင်းအတော်ကြာမှ တကယ်တမ်း လက်မထပ်ဖြစ်ခဲ့သော
သူ့ချစ်ဦးသူ ‘ခင်’ ကို
ပြန်တွေ့ရလေသည်။
“ စပယ်ဖြူတုံးကာမှ ခင်ဖုန်း
သက်ဝေရယ် ဘယ်စိတ်လည်လို့ ပေါ်လာပြန်တယ် လှောင်တာလေလားနော်ကွယ်
ဖန်လာပုံ ခုမှ ဆန်းကြယ် အချစ်ဖြင့် ဆိတ်သုဉ်း ဆုံးရှုံး ခြောက်ခန်း
လောင်ကျွမ်းခဲ့ရ မောင့်ဘဝ အစဉ်ဝယ် ‘ ဆက်သွယ်သန္တတိ ’ မမြဲသော ရုပ် နာမ်
ပြောင်းလွဲသည့်နှယ် ဖြစ်ပြန် ပျက်ပြန် အချစ်မှန်တရားရယ် မူလွန်းခဲ့သူရယ်
‘ပွင့်ဦး’ ကြွေမှဖြင့်ကွယ် မပန်
စေချင်ရက်တော့တယ် ”
ခြောက်သွေ့ ဆွေးမြေ့
လောင်ကျွမ်းပြီးခဲ့လေသော ချစ်ပန်း ပွင့်ဦး သည်ကား ပြန်လည် မလန်းဆန်းနိုင်တော့ပေ။
သူ့ချစ်သူကို ချစ်ခဲ့ရသော သူ့အချစ်သည် သန္တတိသင်္ခါရ သဘော သဘာဝ အတိုင်း၊
ဖြစ်ရပ်ချင်း တခုနှင့်တခု ဆက်သွယ်နေသော်လည်း ပြောင်းလွဲခဲ့လေပြီ။ ယခင်က
တည်ရှိခဲ့ဖူးသော ရုပ် နာမ် သည် မတည်မြဲခဲ့ချေ။ အစဉ်စီးဆင်းနေသော
ရေအလျဉ်ပမာ ယခင်ကနှင့် ယခု မြင်ရသည်မှာ အတူတူဟု ထင်ရပေသော်လည်း
အမှန်အားဖြင့် စက္ကန့်နှင့်အမျှ ပြောင်းလွဲစီးဆင်းနေလေသည်။
ကိုစောညိန်း နှင့် ခင် တို့မှာ
ယခုအကြိမ်တွင်မူ ထာဝရ ခွဲခွာရခြင်းဖြင့် ကွဲကွာခဲ့ကြရလေပြီ။
နှစ်ဦးစလုံး မေတ္တာတရား ကြီးမားခဲ့ကြသော်လည်း ဘဝ ကံဇာတ်ဆရာက ပရိယာယ် မာယာ
အသွယ်သွယ် နှင့် စီမံ ဖန်တီးမှုကြောင့် ကိုစောညိန်း နှင့် ခင်
တို့သည် ဆုံစည်းခွင့် မရခဲ့ကြရှာတော့ပေ။
နှစ်အတော်ကြာသောအခါ ကိုစောညိန်း ၏ ဘဝ
ကံဇာတ်ဆရာက စီမံ ဖန်လာပြန်တော့သည်။ စာပေဂီတ ဝါသနာရှင် ‘မြေလတ်မေ’ ခေါ် ‘ရီရီမေ’ ကိုသိခွင့်ရခဲ့ပြီး
ကိုစောညိန်းက သံယောဇဉ် ကြီးမားစွာဖြင့် ခင်တွယ်မိခဲ့လေသည်။ ကိုစောညိန်းက ရီရီမေ ကို အစောပိုင်းတွင်
‘ရီ’ ဟုခေါ်ကာ၊ နောက်ပိုင်းတွင်
‘မေ’ ဟု ခေါ်ခဲ့သည်။ ကိုစောညိန်းက ‘မေ’ ကို ‘ပွင့်နှောင်း’ ဟုပင် တင်စားခဲ့သည်။ စာ
အပြန်အလှန်
ရေးခြင်းအားဖြင့် နှစ်ဦးစလုံး၏ ခင်မင်မှု တိုးတက်လာခဲ့ကြသော်လည်း
တမြို့စီ
တနယ်စီ
နေကြရသောကြောင့် လူချင်း မဆုံဖူးခဲ့ကြပေ။
ပထမဆုံးအကြိမ်အဖြစ် တွေ့ကြရန်
စီစဉ်ခဲ့ကြသည့်အတိုင်း ‘မေ’ က ကိုစောညိန်း ထံသို့
လာခဲ့လေသည်။
သို့သော်
ကိုစောညိန်း ကွယ်လွန်သည့်နေ့မှ တိုက်တိုက်ဆိုင်ဆိုင် ရောက်လာသော သူ့ ‘ပွင့်နှောင်း’ ‘မေ’ သည် အလာကောင်းသော်လည်း
တကယ်ပင် အခါနှောင်းခဲ့ရလေပြီ။ သည်အကြိမ်မှာ ‘မေ’ ၏အလှည့်ဖြစ်လေသည်။ အဆွေး
ပင်လယ်ကြောတွင် မျောရပြန်လေတော့သည်။
ကိုစောညိန်း၏ နုနယ်၍ နွမ်းရိသော
နှလုံးသားတွင်းက ချစ်ပန်း ‘ပွင့်ဦး’ နှင့် ‘ပွင့်နှောင်း’ တို့ သည်ကား ပင်မြင့်တွင်
ကြာရှည် မတင့်နိုင်ခဲ့ကြရှာပေ။ ကြွေလင့်၍ မြေမှာ
လွင့်လူးခဲ့ကြရရှာသည်။
သို့သော် မြန်မာ့ဂီတ၏
သမိုင်းဂုဏ်ကိုဆောင်သော ဂီတနက်သန် ကိုစောညိန်း ၏ သီချင်းများသည် ပွင့်သစ်
‘ပွင့်ဦး’ များအဖြစ်နှင့် မြန်မာ့
ဂီတနန္ဒဝန်
ပန်းဥယျာဉ်ကြီး အလယ်တွင် ထာဝစဉ် ဖူးပွင့် လန်းဆန်း ဝေဆာ
နေပေတော့မည်။
။
ရန်ဝင်း
(တောင်တံခါး)
ကျေးဇူးအထူးတင်စွာဖြင့် ကိုးကားခြင်း
(၁) ချစ်ထံတျာရှင်
(သန်းဆွေ)
(၂) ဂီတကိုကဗျာမှုပြုသူ
ကိုစောညိန်း (စောနိုင်ဦး)
(၃) ဂီတနက်သန် ကိုစောညိန်း
၏ သီချင်းများ (သီဆိုသူ မောင်မောင်ညွန့်၊ ရေနံ့သာစိုးလှိုင်၊ သိန်းဇော်၊
ဝင်းဦး)
(၄) ဂီတာဦးအုန်းလွင် ၏
မြန်မာဂီတာ တီးကွက်များ
(၅) ဒေါက်တာမြမောင်
(ဘော်စတွန်ကောလိပ်) ၏ မယ်ဒလင် တီးကွက်များနှင့် ပြောပြချက်များ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။