by Spring Flowers on Wednesday, March 28, 2012 at 8:43am
- Bill Gate ဆိုရင် မိုက်ခရိုဆော့ဖ် ပိုင်ရှင် သူဌေးကြီးလို့စဉ်းစားမိတယ်။ မာ့ခ် ဇူးကမ်ဘတ် Mark Zuckerberg ဆိုရင် ဖေ့ဘွတ်ခ်တီထွင်သူ သူဌေးလေးမှန်း တွဲသိတယ်။ရော့သ်ချိုင်း Rothschild ဆိုတဲ့ နာမည်ကျတော့ တို့တွေနဲ့ စိမ်းမနေဘူးလား ။ ကြားဖူးသူအဖို့လည်း ၀ိုင်အရက်လား၊ ဘဏ်လား၊ အိမ်နာမည်လား၊ ဟိုတယ်လား၊ အန္တာတိကတိုက်က ကျွန်းလား။ အပင်နာမည်လား၊ တိရစ္ဆာန် တစ်မျိုးမျိုးလား၊ အနုပညာလက်ရာ တစ်ခုခုလား ဆိုတဲ့နဲ့ မေးခွန်းတွေ တစ်သီကြီးထွက်လာနိုင်ပါတယ်။ Rothschild ရဲ့ နှစ်ပေါင်း ၂၀၀ ကျော် ကြာ လွှမ်မိုးနိုင်မှုဟာ အဲလောက်ထိ နယ်ပယ်များတာပါ။ သိုသိုဝှက်ဝှက် နေလာပေမယ့် ဒီမိသားစုရဲ့ နာမည်ကို တစ်နေရာမဟုတ်တစ်နေရာတော့ကြားဖူးကြသူများတယ်။ သူ့ဟာသူ ချမ်းသာနေတာ ငါတို့နဲ့ ဘာဆိုင်လဲ ဆိုရင်တော့ ဆိုင်ပါသော်ကောကွယ်။ ရွှေဈေးဘယ်လောက်ဖြစ်သွားပြီ ဆိုရင် ရုတ်တရက်ရောင်းဖို့အစီအစဉ်မရှိရင်တောင် နားလေးတော့ စွင့်မိတာဘဲ မဟုတ်လား။ စိတ်တွက်ကလေးတော့ လုပ်မိတာဘဲမဟုတ်လား။ ရွှေဈေးတက်လို့ ဒေါ်လာဈေးကျသွားပြီဆိုရင် အစိမ်းကိုင်ထားမိတာ နာတာဘဲကွာ လို့ မချင့်မရဲဖြစ်မိတဲ့ အခါလေးတွေလည်း ရှိကောင်းရှိမှာပါ။ အဲဒါတွေကို Rothschild ဆိုတဲ့ ပုဂိုလ်တွေက ( သိပ်မကြာခင်ကာလကအထိ ) လန်ဒန်မြို့တစ်နေရာက လုပ်နေခဲ့တာဆိုရင်တော့ '' ဘူကြီးလဲဟင် ''လို့ မဖြစ်ရလေအောင် သူ့တို့အကြောင်းတစ်ချို့တစ်ဝက်ကို တင်ပြလိုက်ပါတယ်။
- ရော့သ်ချိုင်း မိသားစုဆိုတာ ဥရောပနိုင်ငံတွေတော်တော်များများမှာရှိတယ်။ များသောအားဖြင့် သူတို့နာမည်ကို ဘဏ်လုပ်ငန်းတွေနဲ့တွဲသိကြတယ်။ ဥပမာပြောရရင် N M Rothschild & Sons ဆိုတာ လန်ဒန်အခြေစိုက်ပြီး နိုင်ငံပေါင်း ၅၀ ကျော်မှာ ရုံးခွဲရှိတဲ့ ဘဏ်လုပ်ငန်းဖြစ်တယ်။ The Bank of England ဆိုတာ အင်္ဂလန်နိုင်ငံနာမည်ကို ယူထားလို့ အစိုးရပိုင်လို့ထင်ရပေမယ့် ရော့သ်ချိုင်းတို့ဘဲ ချုပ်ကိုင်တယ်လို့ ဆိုတယ်။ အမေရိကန်ရဲ့ အဓိကဘဏ်ကြီးတစ်ခုဖြစ်တဲ့ Federal Reserve Bank ဆိုတာကို နောက်က ကြိုးကိုင်သူများထဲမှာလည်း သူတို့ထိပ်ဆုံးကပါသတဲ့။ သူတို့လုပ်ငန်းတွေဟာ ဥရောပ၊ အမေရိန်ကန်သာမက တခြားနိုင်ငံတွေမှာလည်း မှိုလိုပေါက်နေတယ်။ ဒါပေမယ့်များသောအားဖြင့် ရော့သ်ချိုင်းနာမည်ခံပြီး လုပ်တာ နည်းတဲ့ အတွက် မကြားဖူးဘူးဆိုရင်လည်း ဆန်းတော့မဆန်းပါဘူး။ သူတို့မိသားစုကြီးဟာ ဥရောပ နိုင်ငံကြီးတွေမှာ တကွဲတပြားစီနေတယ်။ နေတဲ့နေရာကို လိုက်ပြီး အမေရိကန်လူမျိုး၊ ဂျာမန်လူမျိုး၊ ပြင်သစ်လူမျိုး၊ အင်္ဂလိပ်လူမျိုး၊ သြစတြီးယားလူမျိုး၊ အီတလီလူမျိုး စသည်ဖြင့် ကွဲနေပေမယ့်အစက တစ်မအေ တစ်ဖအေတည်းက ပေါက်ဖွားလာတဲ့ မျိုးဆက်တစ်ခုဖြစ်တယ်။ ရောသ်ချိုင်းစီးပွားရေးကို စတင် တည်ထောင်ခဲ့တဲ့ ဦးရောသ်ချိုင်းကြီးအကြောင်းကို သိဖို့အခု အချိန်ကနေ အနှစ် ၂၀၀ ကျော်လောက် သမိုင်းထဲကို နောက်ပြန်ဆုတ်ကြည့်ကြစို့။
- ၁၇၄၄ မှာ ဂျာမနီနိုင်ငံ Frankfurt မြို့က ဂျူးရပ်ကွက်တစ်ခုမှာ '' မေရာ ရော့သ်ချိုင်း Mayer Rothschild '' ဆိုတဲ့ ဂျူးလူမျိုးလေးတစ်ယောက်မွေးလာတာဟာ ဥရောပသမိုင်းကို သွယ်ဝိုက်ပြီးရေးခဲ့တဲ့ ရော့သ်ချိုင်းမိသားစုကြီးရဲ့ အစပါ။ သူ့အဖေ ''မိုးဇက် ရောသ်ချိုင်း'' ဟာ သူတို့နေတဲ့ မြို့မှာ ငွေလဲသူ မန်းနီးချိန်ဂျာ money changer တစ်ယောက်ဖြစ်တယ်။ မန်းနီးချိန်းဂျာဆိုတာ အဲဒီအချိန်ကတည်းရှိခဲ့ပြီး ဥရောပဘဏ်လုပ်ငန်းတွေရဲ့ အစလည်းဖြစ်တယ်။ အဲဒီကာလတုန်းက ဥရောပမှာ မြို့တိုင်းလောက်နီးနီး ကိုယ်ပိုင်ပိုက်ဆံကို သုံးကြတယ်။ ပိုက်ဆံပြား coin ပေါ်မှာ ဆိုင်ရာဆိုင်ရာမြို့က နယ်စားပုံ၊ ဒါမှမဟုတ် သင်းအုပ်ဆရာပုံရိုက်နှိပ်ထားတယ်။ ဒီတော့ ကုန်သည်တွေဟာ တစ်ခြားမြို့တစ်မြို့ကို အလုပ်ကိစ္စနဲ့ သွားရင် အဲဒီမြို့က ပိုက်ဆံကို အဲဒီမြို့က ငွေလဲသူတွေဆီမှာ လဲရတယ်။မေရာရော့သ်ချိုင်းရဲ့ အဖေဟာ ဖရန့်ဖော့Frankfurt မြို့ကိုပါ အပိုင်စားတဲ့ နယ်စားကိုပါ လိုရင်လိုသလို ပိုက်ဆံလဲပေးရသူဖြစ်တယ်။ အဲဒီလုပ်ငန်းနဲ့အတူ ရွှေပန်းထိန်လုပ်ငန်းကိုပါလုပ်တဲ့အတွက် ရွှေပေါင်ပါခံသတဲ့။ မေရာရော့သ်ချိုင်းက မောင်နှမရှစ်ယောက်မှာ လေးယောက်မြောက်။အဖေအမေ အဘိုးအဖွားတွေနဲ့ ပေါင်းပြီး သူတို့မိသားစုဟာ ဆိုင်ရဲ့ အပေါ်ထပ်က အိမ်ခန်းကျဉ်းလေးမှာ ကျပ်ကျပ်တည်းတည်း နေခဲ့ရတယ်။ နှာခေါင်းပေါက်လောက်ရှိတဲ့ အိမ်ပိစိလေးတစ်ခုမှာ ငပိသိပ်ငချဉ်သိပ်နေခဲ့ရတဲ့ အဲဒီမောင်နှမရှစ်ယောက်က အလတ်ကောင်ကလေး မေရာ ရောသ်ချိုင်းဟာ တစ်ချိန်မှာ ကမ္ဘာ့အချမ်းသာဆုံးမိသားစုကြီးတစ်ခုကို ဖန်တီးမယ့်သူလို့ ဘယ်သူပြောနိုင်ခဲ့မှာလဲ။ ၂၀၀၅ မှာ Forbes Magazine ကြီးက မေရာရောသ်ချိုင်းကို ကမ္ဘာ့သမိုင်းမှာ သြဇာအကြီးဆုံး စီးပွားရေးလုပ်ငန်းရှင်အယောက် ၂၀ The Twenty Most Influential Businessmen of All Time မှာ နံပါတ် ၇ နေရာမှာ ဖော်ပြခဲ့တယ်။ Business Magazine ကတော့ သူ့ကို နိုင်ငံတကာငွေကြေးလုပ်ငန်းကို တည်ထောင်သူ လို့ သမုတ်တယ်။
- ကံတရားများ ဘယ်လောက်ဆန်းသတုန်းဆို အစက မေရာရောသ်ချိုင်းဟာ စီးပွားရေးလုပ်ဖို့အစီအစဉ်မရှိဘူး။ ဂျူးဘုန်းကြီးလုပ်မလို့ဆိုပြီး စာနည်းနည်းပါးပါးသင်ဖူးတယ်။ ဒါပေမယ့်စီးပွားရေးအကြီးအကျယ်လုပ်ရမယ့်ကံပါသလားတော့မသိဘူး။ သူ့မိဘတွေစောစောစီးစီးဆုံးသွားလို့ တခြားမြို့ကဘဏ်တစ်ခုမှာ အလုပ်သင်ဝင်လုပ်ခဲ့ရတယ်။ နှစ်သိပ်မကြာခင်မှာဘဲ ကိုယ့်မြို့ကို ပြန်လာပြီး သူ့အဖေရဲ့ ငွေလဲတဲ့ အလုပ်ကို ဆက်လုပ်တယ်။ ရွှေပေါင်ခံတယ်။ အဖေလိုဘဲ နယ်စားရဲ့ငွေလဲပေးသူဖြစ်လာတယ်။ အဲဒီကနေမှ နယ်စားနဲ့ အလွမ်းသင့်လွန်းလို့ တစ်ဆင့်တက်ပြီး Court Jew ရာထူးကို ရတယ်။Court Jew ဆိုတာ နန်းတော်ရဲ့ ငွေကြေးကို စီမံရသူ ဘဏ္ဍာမှူးလည်း ဖြစ်၊ အ၀ယ်တော်လည်း ဖြစ်တယ်။ ဂျူးတွေဟာ ငွေကြေးနဲ့ပတ်သက်ရင် ပါရမီကို ပါတယ်လို့ဆိုကြတယ်မဟုတ်လား။ သူများမနာလိုချင်စရာကောင်းလောက်အောင် စီးပွားရေးဥာဏ်ရှိကြတယ်လို့ဆိုတယ်။
- အခုလည်း မေရာရောသ်ချိုင်းလုပ်ပုံကိုကြည့်လေ။ ငါတော့ Court Jew ဖြစ်ပြီ။ သူများထက်သာသွားပြီ။ အေးအေးဆေးဆေးငါ့မိသားစုနဲ့ နှပ်နေလို့ရပြီလို့မရှိဘူး။ မွေးထားတဲ့ ကလေးဆယ်ယောက်ကို ငွေရေးကြေးရေးနဲ့ ပတ်သက်တာအားလုံး သင်ထားပေးတယ်။ သားငါးယောက်ကို ဥရောပနိုင်ငံအသီးသီးမှာ ဘဏ်လုပ်ငန်းကို ချဲ့ထွင်စေခဲ့တယ်။ နိုင်ငံခြားကို ပထမဆုံးအလွှတ်ခံလိုက်ရသူက တတိယသား နေသန်ရော့သ်ချိုင်း Nathan Rothschild ။ မန်ချက်စတာမြို့ကို ၁၇၉၈ မှာ ရောက်သွားတဲ့ နေသန်ရောသ်ချိုင်းဟာ အသက် ၂၁ အရွယ် လူပျိုကလေးပါ ။ ငယ်သာ ငယ်ပေမယ့် သူဟာ သားတွေထဲမှာ အလျှင်ဆုံး အသွက်ဆုံးလို့ နာမည်ကြီးတဲ့ အလျှောက် မန်ချက်စတာမြိုမှာလည်း အ၀တ်အထည်နဲ့ ကုန်မျိုးစုံရောင်းဝယ်တဲ့ ကုန်သည်တွေထဲမှာ မကြာခင်နာမည်ရလာခဲ့တယ်။ မန်ချက်စတာမှာ ဆယ်နှစ်လောက်ကြာတော့နေသန်ဟာ လန်ဒန်ကို ပြောင်းအခြေချခဲ့တယ်။ အဲဒီအချိန်မှာ သူဟာ အင်္ဂလန်နိုင်ငံသားခံယူပြီးသွားပြီ။ ကြွယ်ဝချမ်းသာတဲ့ စီးပွားရေးလုပ်ငန်းရှင်ဖြစ်နေပြီ။ဘဏ်လုပ်ငန်းထဲကို ၀င်ပြီး လူကုံထံတစ်ယောက်ဖြစ်နေပြီ။ လန်ဒန်စတော့ဈေးကွက် London Stock Exchange မှာ မသိသူမရှိဖြစ်နေပြီ။ ဒါပေမယ့် အဖေ့စကားနားထောင်ဆဲ။ သူ့အဖေစီမံမှုကို အလေးထားနာခံဆဲ။
၁၈၀၉ ကစပြီးလုပ်တဲ့
နိုင်ငံခြားငွေလှဲလှယ်တာနဲ့ ရွှေတုံးတွေကို အတိုးနဲ့အပေါင်ခံတာဟာ
သူ့စီးပွားရေးလုပ်ငန်းကြီးရဲ့ အခရာဖြစ်တယ်။
- ဒီအတောအတွင်းမှာ ဇာတိရပ်ဖြစ်တဲ့ ဂျာမနီနိုင်ငံ Frankfurt မှာကျန်ခဲ့တဲ့အဖေကြီး မေရာရော့သ်ချိုင်းဟာ ကျန်တဲ့ သားလေးယောက်ထဲက သားအငယ်ဆုံး '' ဂျက်ကော့ Jacob Rothschild ''ကို ပြင်သစ်ကို လွှတ်လိုက်တယ်။ ဂျက်ကော့ဟာ ပဲရစ်မြို့ကို ရောက်ပြီးခြောက်နှစ်အကြာမှာ ရော့သ်ချိုင်းဘဏ်ကိုဖွင့်ပြီး မိသားစုလုပ်ငန်းကို ချဲ့ခဲ့တယ်။ ပြင်သစ်ဘုရင် နှစ်ပါးရဲ့ အတိုင်ပင်ခံဖြစ်လာတယ်။ နပိုလီယံစစ်ပွဲတွေပြီးလို့ နည်းနည်း ငြိမ်းချမ်းလာတဲ့ကာလမှာ ပြင်သစ်ကို စက်မှုထွန်းကားတဲ့နိုင်ငံဖြစ်အောင် လုံးပမ်းလာကြချိန်မှာ သူဟာ မီးရထားလမ်းဆောက်လုပ်ရေးနဲ့ သယံဇာတတူးဖော်ရေးလုပ်ငန်းတွေလုပ်ရာမှာ ငွေထုတ်ပေးသူဖြစ်လာတယ်။ ဒါတင်မကသေးဘဲ လက်ဖက်ခြောက်လုပ်ငန်းနဲ့ ၀ိုင်အရက်ထုတ်လုပ်ရေးတွေမှာလည်း ပါဝင်လာခဲ့တယ်။ သူ့ရဲ့ ညီအစ်ကိုတွေချမ်းသားမှုကို ထည့်မတွက်ဘဲ့ ဂျက်ကော့တစ်ယောက်တည်း ချမ်းသာမှုကို ဒီနေ့ခေတ်ပိုက်ဆံနဲ့ တွက်ပြီးပြောရရင် Bill Gates ချမ်းသာတာထက် အနည်းဆုံး ငါးဆလောက်ပိုချမ်းသာတယ်လို့ ဆိုကြတယ်။ ၁၈၂၂ မှာ သြစတီးယားဘုရင် ဖရန်စစ်က ဂျက်ကော့နဲ့ သူ့အစ်ကိုတွေကို သူကောင်းဘွဲ့ Baron ချီးမြှင့်တယ်။
ပဲရစ်မြို့ရဲ့ အရှေ့မြောက်အရပ်
၁၉ မိုင်အကွာက ဂျက်ကော့ ဆောက်ထားတဲ့Ferrilres လို့ အမည်ရတဲ့ အိမ်ကြီးကိုမြင်တော့
လည်လည်လာတဲ့ ဂျာမန် ဘုရင် Wilhelms the First ဟာ အတော်လေး လေသွားသတဲ့။ ''
ဒီလိုအိမ်မျိုးကို ဆောက်ဖို့ဘုရင်တောင် မတတ်နိုင်ပါဘူး။ ဒါမျိုးကို
ရော့သ်ချိုင်းသာလျှင် ပိုင်နိုင်တာပါ '' လို့ ဆိုသတဲ့။
- အဖေကြီး '' မေရာရောသ်ချိုင်း '' ဟာ Frankfurt မြို့မှာ သူနဲ့အတူကျန်နေတဲ့ သမီးငါးယောက်လုံးကို ဘဏ်လုပ်ငန်းလုပ်သူတွေနဲ့ ပေးစားလိုက်တယ်။ စီမံကိန်းမှ နှစ်ရှည် စီမံကိန်း ။ သားအကြီးဆုံးကိုကျတော့ဘယ်မှ မလွှတ်ဘဲ Frankfurt က ဘဏ်ကို သူနဲ့ အတူအုပ်ချုပ်စေတယ်။ စတုထ္တသား ကားလ် Carr Von Rothschild ကိုကျတော့ အီတလီနိုင်ငံ နေပယ်မြို့ကို လွှတ်တယ်။ အဲဒီအချိန်မှာ ကျန်တဲ့ သားတွေဟာ ဂျာမနီ၊ သြစတြီးယား၊ ပြင်သစ်၊ အင်္ဂလန်မှာ အသီးသီး အောင်မြင်နေချိန်ဖြစ်နေပြီဆိုတော့ ကားလ်ဟာ အီတလီမှာ အသာလေးဘဲ ဘဏ်ထောင်လိုက်နိုင်တယ်။ အဲဒီအချိန်က အီတလီနိုင်ငံဟာလည်း စည်းလုံးမှုမရသေးဘူး။ မင်းမျိုးမင်းနွယ်တွေဟာ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ အပြိုင်အဆိုင် စောင်နေကြချိန် ခဏခဏ ဖိုက်နေကြချိန်ဆိုတော့အမြဲတမ်းငွေလိုနေကြတယ်။ ဒီတော့ ကားလ်ရဲ့ ငွေကို မယူဖူးသူဆိုလို့ ခပ်ရှားရှားရယ်။ကားလ် ဟာ ဘယ်လောက်တောင် ပိုက်ဆံအရှိန်ရှိသလဲဆိုရင် ပုဒ်ရဟန်းမင်းကြီးကတောင် သူ့ဆီက ပိုက်ဆံချေးရသတဲ့။ အဲဒီအချိန်တုန်းက အီတလီရဲ့တစ်ချို့အပိုင်းတွေကို ပုဒ်ရဟန်းမင်းကြီး the Pope က တိုက်ရိုက်အုပ်ချုပ်တဲ့ အတွက် Papal States လို့ခေါ်တယ်။ ဘောလုံးဝါသနာပါသူတွေ အီတလီက လာဇီယို Lazio အသင်းကို သိမှာပါ။ အဲဒီ Lazio ဆိုတာ ရောမမြို့ Rome ရှိတဲ့ တိုင်းဖြစ်ပြီး အရင်တုန်းက ပုဒ်ရဟန်းတိုက်ရိုက်အုပ်ချုပ်တဲ့ နေရာတစ်ခုဖြစ်တယ်။ အဲဒီခေတ်က ပုဒ်ရဟန်းရဲ့ အရှိန်အ၀ါဟာ နိုင်ငံရေးဘက်မှာ အခုထက် ပိုကြီးတယ်။ ပုဒ်ရဟန်းမင်းကြီး လက်ခံတွေ့ဆုံတဲ့လူတိုင်းဟာ ရှင်ဘုရင်သောဘာသော နားမလည်ဘူး။ ပုဒ်ရဟန်းမင်းကြီးရဲ့ ခြေထောက်ကို နမ်းရသတဲ့။ ဒါပေမယ့်ကားလ်တစ်ယောက်ကတော့ ပုဒ်ရဟန်းမင်းကြီးနဲ့ တွေ့ချိန်မှာ ခြေထောက်ကို နမ်းစရာမလိုဘူးဆိုဘဲ။ စဉ်းစားသာကြည့်ပေတော့ကိုယ့်လူ။ ဒီနေ့ဒီအချိန်မှာ ကားလ်လည်း မရှိတော့ဘူး။ ကားလ်ရဲ့ ညီအစ်ကိုတွေလည်း မရှိတော့ဘူး။ ပုဒ်ရဟန်းမင်းကြီးနဲ့ တွေ့သူတွေလည်း သူ့ခြေထောက်ကို နမ်းစရာမလိုတော့ပါဘူး။ ဒါပေမယ့် ရော့သ်ချိုင်းရဲ့ မျိုးဆက်တွေနဲ့ ရောမမြို့အလယ်ခေါင်က ပုဒ်ရဟန်းမင်းကြီး တိုက်ရိုက်အုပ်ချုပ်တဲ့ ဗာတီကန်စီတီ Vatican city က Vatican Bank ကြားမှာလည်း အရင်အတိုင်းဆက်သွယ်မှုတွေရှိတယ် လို့ ဆိုကြတယ်။ Vatican ဆိုတာ ခေတ်အဆက်ဆက်က ပုဒ်ရဟန်းမင်းကြီးတွေ စုဆောင်းခဲ့တဲ့ ဥရောပတခွင်နဲ့ ကမ္ဘာအရပ်ရပ်က အဖိုးတန်ပစ္စည်းတွေ စုပြုံနေရာအရပ်ဖြစ်တယ်။ အခုလည်း ရောမကို ရောက်ရင် သွားကြည့်လို့ရတယ်။ ဒါပေမယ့် လူတွေကို ပြထားတဲ့ အနုပညာပစ္စည်းတွေဟာ အတွင်းထဲမှာ တကယ်ရှိတာရဲ့တစ်ဝက်တောင် မရှိဘူး။ ကားလ်ကတော့ အဲဒီဝင်ခွင့်မရှိတဲ့နေရာတွေကိုတောင် တစ်ခါးမရှိ ဓါးမရှိဝင်ခွင့်ရခဲ့တယ်လို့ဆိုတယ်။
'' Money is the God of our times
and the Rothschild is its prophets. ငါတို့ခေတ်မှာ ပိုက်ဆံဟာ ဘုရားသခင်ဖြစ်ပြီး
ရော့သ်ချိုင်းမိသားစုဟာ ဘုရားသခင်ရဲ့ တမန်တော်တွေဖြစ်တယ် '' လို့ ၁၉
ရာစုရဲ့နာမည်အကြီးဆုံးဂျာမန်ကဗျာဆရာ Heinrich Heine က တင်စားပြောခဲ့တယ်။
- ရော့သ်ချိုင်းတွေရဲ့ ဆောင်ပုဒ်တစ်ခုကဘာလဲဆိုရင် '' ငါတို့တစ်ဦးချင်းစီးဟာ နာရီတစ်လုံးက အစိတ်အပိုင်းတွေလိုဘဲ။ တစ်ယောက်ချင်းစီဟာ အရေးပါသလို အားလုံးစည်လုံးညီညွတ်မှုဟာလည်း အခရာဘဲ။ ငါတို့စည်းလုံးရင် ဘယ်သူကမှငါတို့ကို မယှဉ်နိုင်ဘူး '' တဲ့။ သူတို့စည်းလုံးပုံကြီးကလည်း နည်းနည်းတော့လွန်ပါတယ်။ ဟိုးအရင်က ရော့သ်ချိုင်းတွေဟာ ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲဖိတ်ဆိုပြီး မောင်နှမ၀မ်းကွဲချင်း ဆွေမျိုးချင်း ပြန်ပေးစားကြတာဆိုဘဲ။ ဥပမာတစ်ခုပြောရရင် ဂျာမန်ဘုရင်ကတောင် သြချရတဲ့နန်းတော်တမျှ ခမ်းနားတဲ့ အိမ်ပိုင်ရှင်လည်း ဖြစ်၊ ပြင်သစ်က ရော့သ်ချိုင်းဘဏ်ကြီးကိုတည်ထောင်သူလည်းဖြစ်တဲ့ ညီအငယ်ဆုံး ဂျက်ကော့ဟာ သူ့အစ်ကိုတစ်ယောက်ရဲ့ သမီးနဲ့ ပြန်ယူလိုက်သတဲ့။ တစ်နည်းပြောရရင် သူ့တူမ အရင်းခေါက်ခေါက်ကြီးနဲ့ ပေးစားခံလိုက်ရတာပါဘဲ။ သူတို့တင်လားဆိုတော့ ဟုတ်ဖူး။ မေရာရောသ်ချိုင်းရဲ့ မြေး ၁၈ ယောက်မှာ ၁၆ ယောက်ဟာ သူတို့ရဲ့ မောင်နှမတစ်ဝမ်းကွဲတွေကို ပြန်ယူကြတယ်တဲ့ ။ စည်းလုံးပုံကြီးက ကြောက်ချာဂျီးနော်။ ဂေါက်တောက်တောက်လေးတွေထွက်လာမှာ စိုးလို့ဘဲလား ဘာလားတော့မသိဘူး။ ၁၉ ရာစုကျတော့ အပြင်လူတွေကို ယူလာကြတယ်။ ဒါပေမယ့်သာမန်လူ သွားချိန်လို့မရဘူးတဲ့။ မင်းမျိုးမင်းနွယ်တွေ စီးပွားရေးမှာ လန်ထွက်အောင် အောင်မြင်နေသူတွေ ပါဝါကြီးကြီး နိုင်ငံရေးသမားတွေကို မှ စဉ်းစားတာဆိုဘဲ။ ဥပမာပြောရရင် ၁၈၉၄ မှာ ဗြိတိန်နိုင်ငံရဲ့ ၀န်ကြီးချုပ် ဖြစ်လာတဲ့ Archibald Primrose ဆိုတာ လန်ဒန်က ရောသ်ချိုင်းဘဏ်မျိုးဆက်ကို တည်ထောင်သူ နေသန်ရောသ်ချိုင်းရဲ့မြေမလေး Hannah de Rothschild နဲ့ယူခဲ့တယ်။ ပြောရရင် နေသန်ရောသ်ချိုင်းရဲ့သားဖြစ်သူ Mayer de Rothschild ရဲ့ တစ်ဦးတည်းသော သမီး အမွေဆက်ခံသူနဲ့ ဗြိတိန် ၀န်ကြီးချုပ်တို့ လက်ဆက်တယ်ဆိုပါတော့။တော်ပြီးလားဟင်။
တော်သေးဘူးတဲ့။ စကော့တလန်မှာ
မြေယာများစွာပိုင်ခဲ့တဲ့ စင်ကလဲယား မိသားစု Sinclair family နဲ့လည်း
အမျိုးတော်လိုက်သေးတယ်။ နေသန်ရဲ့ သမီးတစ်ယောက်ဟာ ဒုတိယမြောက် ချားစ်လ် King Charls
the Second ကဆင်းသက်တဲ့ မျိုးနွယ်တစ်ယောက်ယူပြီး သူတို့ရဲ့သမီးဟာ
အရမ်းနာမည်ကြီးချမ်းသာတဲ့ အင်္ဂလိပ်ပန်းချီဆရာ Coutts Lindsay နဲ့ရတယ်။ အကုန်ပြောရင်
ပြီးတော့မှာ မဟုတ်လို့ ဒီလောက်နဲ့ဘဲ ထားလိုက်တော့မယ်။
ပြင်သစ်ဝန်ကြီးချုပ်၊ နောက်တော့
၁၉၆၉ မှာ ပြင်သစ်သမ္မတဖြစ်လာတဲ့ George Pompidou က " Republic Franaise equals
Rothschild fre'res ပြင်သစ်နိုင်ငံတော်ကြီးဆိုတာ ရောသ်ချိုင်းတွေနဲ့ အတူတူပါဘဲ ''
လို့ ဆိုတယ်။
- ရော့သ်ချိုင်းနဲ့သားများ ကုမ္ပဏီတွေဟာ ဘဏ်လုပ်ငန်းတင်မကဘူး။ ပါလေရာ ငပိချက်တွေ ဖြစ်ခဲ့တယ်။ အရင်ကဆို အာရှဘက်ကနေ ဥရောပတိုင်းပြည်တွေကို ရေလမ်းနဲ့သွားမယ်ဆိုရင် အာဖရိကတိုက်ကို တစ်ကွေ့တစ်ပတ်ကြီး ပတ်ပြီးမှ သွားရတယ်။ အဲလို့မဖြစ်ရအောင်ဆိုပြီး ပင်လယ်နီ Red Sea နဲ့ မြေထဲပင်လယ် Mediterranean Sea ကို ဆက်တဲ့ စူအက် Suez တူးမြောင်းကြီးဖောက်ကြမယ် ဆိုတော့လည်း သူတို့ဘဲ အင်္ဂလိပ်အစိုးရကိုယ်စား ရှယ်ယာအများဆုံးကို ၀ယ်ကြတယ်။
- ဥရောပနိုင်ငံတွေမှာ မီးရထားလမ်းတွေပေါ်လာတော့လည်း လမ်းဖောက်ဖို့ ငွေထုတ်သူတွေထဲမှာ ထိပ်ဆုံးက။ စပိန်နိုင်ငံက မိုင်းတွင်းလုပ်ငန်းတွေဆိုလည်း သူတို့ပါလိုက်တာဘဲ။ စပိန်က မိုင်းတွင်းတွေဟာ သူတို့ရဲ့ ရွှေငွေရတနာလုပ်ငန်းမှာ အဓိကကျတယ်။ ဘာကြောင့်လဲဆိုတော့ ရွှေငွေကို သန့်စင်ရာမှာ မပါမဖြစ်တဲ့ မာကျူရီ Mercury သိုမဟုတ် Quicksilver ကို အဲဒီမိုင်းတွင်းတွေကထုတ်တာမို့လို့ဘဲ။ စပိန်က သူတို့လုပ်ခွင့်ရလိုက်တဲ့ Almaden မိုင်းတွင်းဟာ ကမ္ဘာမှာ အကြီးဆုံး မာကျူရီ မိုင်းတွင်းပါ။ အဲဒါကို ရလိုက်ပြီးနောက်တော့ ရော့သ်ချိုင်းတွေဟာ မိုင်းလုပ်ငန်းကို လက်ဝါးကြီးလုံးလုံးအုပ်နိုင်သွားခဲ့တယ်။ ၁၈၇၃ မှာ တစ်ခါ ဥရောပရဲ့ အကြီးဆုံး ကော့ပါး copper မိုင်းတွင်းတွေကို စပိန်မှာရလိုက်ပြန်တယ်။ ကမ္ဘာ့ စိန်ထုတ်လုပ်ရေးမှာ ဆရာကြီးတစ်ဆူဖြစ်တဲ့De Beers ကုမ္ပဏီက တောင်အာဖရိကမှာ စိန်သွားရှာမယ် ဆိုတော့လည်း သူတို့ဘဲ ငွေထုတ်ပေးပြီး စိန်လုပ်ငန်းထဲကိုပါ ၀င်လာတယ်။ စိန်ကနေ ပတ္တမြားနဲ့ တခြား ကျောက်မျက်လုပ်ငန်းတွေကိုပါ လုပ်လာကြတယ်။၁၈၈၆ မှာ ပြင်သစ်က ရောသ်ချိုင်းဘဏ်ဟာ ရုရှားကရေနံလုပ်ငန်းကို စိတ်ဝင်စားပြန်တယ်။ Capsian and Black Sea Petroleum Company ကိုတည်ထောင်ပြီး ရုရှားမှာ ဒုတိယအကြီဆုံးရေနံလုပ်ငန်းဖြစ်ခဲ့တယ်။
ဂျူးစာရေးဆရာ Frederic
Morton က ဘာပြောသလဲဆို '' ရော့သ်ချိုင်းတွေဟာ ကမ္ဘာကြီးကို ရောမ ဆီဆာ Ceasar
ဘုရင်များထက် ပိုပြီးကျယ်ပြန့်စွာ၊ ပိုပြီး လည်ဝယ်စွာ၊ ပိုပြီး ရှည်ကြာစွာ
သိမ်းပိုက်နိုင်ပါပေတယ် '' တဲ့။
- ရော့သ်ချိုင်းနာမည်ကို နာမည်ကြီးဝိုင်အရက်တွေနဲ့လည်း တွဲသိကြတယ်။ ၁၈၅၃ ကစပြီး ပြင်သစ်ဝိုင်လုပ်ငန်းထဲကို ၀င်ခဲ့တာ ခုဆို နှစ်တစ်ရာငါးဆယ်ကျော် ကြာခဲ့ပြီ။ ပြင်သစ်တစ်နိုင်ငံတည်းမှာတင် သူတို့ရဲ့ ၀ိုင်ခြံတွေအနည်းဆုံး ၁၅ ခြံလောက် ရှိတယ်။ မြောက်အမေရိက၊ တောင်အမေရိက၊ တောင်အာဖရိကနဲ့ သြစတြေလျား Australia မှာလည်း များစွာရှိသေးတယ်။
- သူတို့ဘာကြောင့်ဒီလောက်တောင် ချမ်းသာလာတာလဲ ဆိုတာကို လေ့လာကြသူတွေများသလောက် လျှို့လျှို့ဝှက်ဝှက်နေတတ်လွန်းလို့သိရခက်တဲ့အတွက် ခန်းမှန်းချက်တွေကလည်း အများကြီးပါ။ အဲဒီထဲက အားလုံးသဘောတူညီတဲ့ အချက်တစ်ခုကို ပြောရရင်တော့ သူတို့ဟာ ဖြစ်သမျှစစ်ပွဲတွေကို သူတို့အကျိုးအတွက် အမြတ်ထုတ်ခဲ့တယ် ဆိုတာပါဘဲ ။ စစ်ဖြစ်ရင် စစ်စရိတ်အတွက် သူတို့ဆီက ပိုက်ဆံချေးရမယ်။ စစ်လက်နက်ဝယ်ရမယ်၊ ရေနံဝယ်ရမယ်။ သူတို့အမြတ်ထုတ်ခဲ့တဲ့ စစ်ပွဲတွေထဲက နာမည်အကြီးဆုံးကတော့ နပိုလီယံစစ်ပွဲပါဘဲ။ ၁၉ ရာစုမှာ ဥရောပနိုင်ငံတွေ နောင်ဂျိန်ချနေတဲ့ အချိန်ဟာ ရော့သ်ချိုင်းတွေအဖို့တော့ ငွေရှာလို့ကောင်းတဲ့ အချိန်ပေါ့။ ၁၈၀၃ ကနေ ၁၈၁၅ ထိ ဖြစ်တဲ့ နပိုလီယံ စစ်ပွဲတွေမှာ ရော့သ်ချိုင်းတွေဟာ နပိုလီယံကို ထောက်ပံ့ပေးခဲ့တယ်။ နပိုလီယံကို တိုက်တဲ့ ဥရောပမဟာမိတ်တပ်တွေကိုလည်း ထောက်ပံခဲ့တယ်။ဥပမာ သြစတြီးယားစစ်တပ်ကို ရွှိုင်းဖို့ လိုတဲ့ ငွေကို ထုတ်ချေးခဲ့သလို ပြင်သစ်စစ်တပ်အတွက် လိုတဲ့ မြင်းတွေဝယ်ဖို့လည်း ငွေထုတ်ပေးခဲ့တယ်။အဲဒီလို နှစ်ဖက်ချွန်လုပ်နည်းဟာ နောက်ပိုင်းရော့သ်ချိုင်းမိသားစုသုံးခဲ့တဲ့ အဓိကနည်းလမ်းဖြစ်တယ်။
ခုနက နပိုလီယမ်စစ်ကို
အစပြန်ကောက်ရရင် အဲဒီစစ်ပွဲဖြစ်ချိန်မှာ ရော့သ်ချိုင်းမိသားစုရဲ့ ပါဝါကို
လူတိုင်းသိနေပြီ။ သူတို့ဟာ ဥရောပက ဘုရင်တွေသာမက ရုရှားထိ
ပိုက်ဆံထုတ်ချေးနေသူတွေဆိုတာကို လူတော်တော်များများကသိနေပြီ။ ဒီတော့ စတော့ခ်
ဈေးကွက်မှာ ရော့သ်ချိုင်းဝယ်ရင် လိုက်ဝယ်ကြ၊ ရော့သ်ချိုင်းရောင်းရင်
လိုက်ရောင်းကြဆိုတဲ့ အခြေအနေလောက်နီးနီးရောက်နေပြီ။ ဘာကြောင့်လဲဆိုတော့
ရော့သ်ချိုင်းတွေဟာ အစိုးရသတင်းကို ဦးအောင်သိတယ်၊ အစိုးရကိုယ်စားဝယ်ရောင်းနေတယ်လို့
ထင်ကြလို့ဘဲ။
ဥရောပတခွင် စစ်လျှောက်တိုက်ပြီး
အစက နင်းကန် အနိုင်ရခဲ့တဲ့စစ်ဘုရင်နပိုလီယန်ဟာ ၁၈၁၄ မှာ စစ်ရှုံးသွားတယ်။
စစ်ရှုံးတော့ သူ့ကို ဥရောပဘုရင်တွေက အီတလီနိုင်ငံ အလယ်ပိုင်းလောက်မှာ ရှိတဲ့ Elba
ဆိုတဲ့ ကျွန်းလေးတစ်ကျွန်းကို ပြည်နှင်ဒဏ်ပေးခဲ့တယ်။ သိပ်မကြာပါဘူး။ နပိုလီယံဟာ
ကျွန်းက နေထွက်ပြေးတော့တာဘဲ။ သူ့ကို ဖမ်းဖို့ဆိုပြီး လွှတ်လိုက်တဲ့ စစ်တပ်ဟာလည်း
ဖမ်းဖို့နေနေသာသာ သူ့ဘက်ကို ပါသွားတယ်။ ပိုင်ပုံများ။ အဲဒါနဲ့ နပိုလီယန်ဟာ
အဲဒီစစ်တပ်ကြီးနဲ့ ပဲရစ်ကို ချီတက်တော့တာဘဲ။ ပြင်သစ်ဘုရင် လူဝီ ၁၈ ဟာ ဒီသတင်းကို
ကြားပေမယ့် '' နပိုလီယန်ရဲ့တပ်က ငါ့စစ်တပ်နဲ့ ယှဉ်ရင် သေးသေးလေးပါကွာ '' ဆိုပြီး
အထင်စမောနေသတဲ့။ ဒါပေမယ့် သူသတိလက်လွတ်ဖြစ်သွားတာကတော့ သူ့စစ်တပ်ထဲမှာ နပိုလီယံကို
လိုလားသူတွေ ပါနေတယ် ဆိုတာကိုဘဲ။ တိုတိုပြောရရင်တော့ သူ့စစ်တပ်တွေတစ်ချို့
နပိုလီယံဘက်ကို ပါသွားလို့ နောက်ဆုံးတော့ လူဝီ ၁၈ ဟာ
ဖနောင့်နဲ့တင်ပါးတစ်သားတည်းကျအောင် ထွက်ပြေးရတယ်။ နပိုလီယန်ပြန်လာပြီ၊ လူဝီ ၁၈
ထွက်ပြေးပြီ ဆိုတဲ့ အသံကို ကြားကတည်းက ကြောက်ဒူးတုန်နေကြတဲ့ ဥရောပဘုရင်တွေဟာ
အချင်းချင်းမိတ်ဆွေဖွဲ့ပြီး နပိုလီယန်ကို ပြန်ခုခံဖို့ပြင်ဆင်ကြတယ်။
နပိုလီယံစစ်တပ်တွေနဲ့ ဥရောပဘုရင်တွေရဲ့ မဟာမိတ်စစ်တပ်တွေတိုက်တဲ့စစ်ပွဲဟာ ၀ါတာလူး
Waterloo ဆိုတဲ့ အရပ်မှာ ဖြစ်တဲ့အတွက် ၀ါတာလူးစစ်ပွဲ လို့ခေါ်တယ်။ ပဲရစ်ကနေ မိုင်၂၀၀
လောက်ဝေးတဲ့ ယနေ့ခေတ်မှာဆို ဘယ်ဂျီယံနိုင်ငံရှိတဲ့ နေရာဖြစ်တယ်။ ၀ါတာလူးစစ်ပွဲဟာ
နပိုလီယံရဲ့ နောက်ဆုံးစစ်ပွဲလည်းဖြစ်တယ်။ အင်္ဂလိပ်ဦးဆောင်တဲ့ မဟာမိတ်တပ်တွေကို
ခေါင်းဆောင်သူက အင်္ဂလိပ်စစ်ဗိုလ် ၀ယ်လင်တန် Wellington ဆိုသူ။
- တိုတိုပြောရရင်တော့ နှစ်ဘက်လုံး အတုံးအရုံးကျပြီး နောက်ဆုံးတော့ အင်္ဂလိပ်( မဟာမိတ် ) နိုင်သွားတယ်။ အဲဒီမှာ အင်မတန်လည်တဲ့တို့ရဲ့ ဇာတ်လိုက်ကြီး နေသန်ရော့သ်ချိုင်းဟာ ၀ါတာလူးနဲ့ မလှမ်းမကမ်းအရပ်မှာ စစ်အခြေအနေကို သိဖို့ ထောက်လှမ်းရေးလွှတ်ထားသတဲ့ ။နပိုလီယံရှုံးတယ်ဆိုတာနဲ့ တပြိုင်နက် အဲဒီ အထောက်တော်ဟာ နေသန်ဆီကို အမြန်ဆုံးနည်းနဲ့ သတင်းပို့တော့တာဘဲ။ နေသန်ဟာ နပိုလီယံရှုံးတဲ့သတင်းကို အင်္ဂလိပ်အစိုးရထက် တစ်ရက်ကြိုရတယ်။ ရတာနဲ့ မျက်နှာပျက်ပျက် ငိုမဲ့မဲ့ရုပ်ကို ဖမ်းပြီး လန်ဒန်က စတော့ခ် ဈေးကွက်မှာ သူ့ရှယ်ယာတွေကို ရောင်းတော့တာပါဘဲ။ လူတွေက '' ဟာ...နေသန်ရော့သ်ချိုင်းတော့ ရှယ်ရာတွေကို ထုတ်ရောင်းနေပြီ။ ဒါဆိုရင်တော့ နပိုလီယန်နိုင်ပြီးဝယ်လင်တန်စစ်ရှုံးပြီ။ ငါတို့ အင်္ဂလိပ်ရှယ်ရာဈေးတွေလည်း ကျတော့မှာဘဲ '' ဆိုပြီး သူတို့ရှယ်ရာတွေကို အပူတပြင်းရောင်းကြပါလေရော။ လူတိုင်းရောင်းတော့ ရှယ်ရာဈေးထိုးကျတော့တာပေါ့။ ဒီတော့မှ နေသန်ဟာ သူ့လူတွေကို တိတ်တိတ်ကလေး ရှယ်ရာတွေကို လိုက်ဝယ်ခိုင်းတယ်။မြတ်လိုက်တာသောက်သောက်လဲ ၀ါတာလူးစစ်ပွဲပြီးလို့ နာရီပိုင်းအတွင်းမှာ နေသန်ဟာ စတော့ခ်ရှယ်ယာဈေးကို မကဘဲ အင်္ဂလန်ဘဏ်ကိုပါ လက်ဝါးကြီးအုပ်နိုင်သူဖြစ်သွားတယ်။ နပိုလီယန်ရဲ့ စစ်ပွဲမှာ အဲလိုသူများအပေါ်ကတုံးပေါ်ထိပ်ကွက်လိုက်နိုင်တာဟာ နောက်ပိုင်းသူတို့ အရှိန်အ၀ါနဲ့ ချမ်းသာမှုကို ဆယ်ဆတက်သွားစေခဲ့တယ်။ ဒါတင်လားဆိုတော့ ဘယ်ပြီးဦးမလဲ။ ၂၅ နှစ်လောက် တစ်နိုင်ငံနဲ့ တစ်နိုင်ငံချလာတဲ့ နောင်ဂျိန်ပွဲတွေအပြီး ငြိမ်းချမ်းရေးလေးရလာပြန်တော့ အဲဒီငြိမ်းချမ်းရေးကို ထိန်းသိမ်းဖို့ တိုင်းပြည်ကို တိုးတက်အောင်လုပ်ဖို့ ဥရောပအစိုးရတွေဟာ ငွေလိုပြန်ရော။ စစ်ကြောင့်စရိတ်ကလည်း တော်တော်ထောင်းခဲ့ပြီ။ ဒီတော့ရော့သ်ချိုင်းတွေဆီမှာဘဲ ငွေယူရပြန်တယ်။
ဒါကြောင့် ၁၉ ရာစုရဲ့
နာမည်ကြီး ဂျာမန်စာရေးဆရာ Ludwig Borne က '' ငွေထုတ်ပေးတယ်ဆိုတဲ့
ရော့သ်ချိုင်းလိုလူတွေဟာ တိုင်းပြည်ရဲ့ အကြီးဆုံးရန်သူတွေဘဲ။ သူတို့သာ သက်ဦးဆံပိုင်
ဘုရင်တွေကို လိုတိုင်း ငွေမထုတ်ပေးခဲ့ရင် အခုလောက်ဆို ဥရောပသားတွေတော်တော်များများ
လွတ်လပ်ရေး အပြည့်အ၀ရနေတာ ကြာလှပေါ့ '' လို့ ပြောခဲ့တယ်။
( အပိုင်း ၂ ကို ဖတ်လိုက ဖတ်နိုင်ပါတယ်။ )
ကိုယ်သာ ရော့သ်ချိုင်း ဆိုရင်လေ.........( အပိုင်း ၂ )
by Spring Flowers on Wednesday, March 28, 2012 at 9:07am
- Rothshilds တွေဟာ ကမ္ဘာကျော် အနုပညာလက်ရာတွေကိုလည်း ဟိုးအရင်ကတည်းက စုဆောင်းသူတွေဖြစ်တယ်။ နိုင်ငံတော်တော်များများက ပြတိုက်တွေမှာ သူတို့နာမည်ဖော်ပြီးတစ်မျိုး ၊ မသိစေချင်လို့ နာမည်မဖော်ဘဲ တစ်ဖုံ လှူထားတဲ့ ပစ္စည်းတွေ များစွာရှိတယ်။ဥပမာတစ်ခု ပြောရရင် ပြင်သစ်ရော့သ်ချိုင်းမိသားစုဝင် Charlotte Béatrice de Rothschild ဆိုတဲ့ အမျိုးသမီးဟာ သူ့မောင်ရဲ့ စေ့စပ်ပွဲမှာ ဘဲဥပုံနာရီကို လက်ဆောင်ပေးခဲ့တယ်။ ၁၉၀၂ မှာ မင်းမျိုးမင်းနွယ်လောကမှာ ကျော်ကြားတဲ့ရုရှား ရတနာကုန်သည် Peter Carl Faberge' ဆီက အထူးအော်ဒါမှာခဲ့တာ ဖြစ်လို့ Rothschild egg သို့မဟုတ် Faberge' egg လို့ နာမည်ကြီးတယ်။
- ရတနာတွေ စီခြယ်ထားတဲ့ အဲဒီနာရီကနေ အချိန်ကျပြီဆိုရင် စိန်ခြယ်ထားတဲ့ ကြက်ဖကလေးက ခေါင်းပြူထွက်လာပြီး တောင်ပံကို ၄ ကြိမ်ခတ်၊ ခေါင်းလေးကို ၃ ခါ ညှိတ်ပြီး တွန်တယ်။ အဲဒီဘဲဥပုံနာရီကို ၂၀၀၇ မှာ ကမ္ဘာကျော် အနုပညာလက်ရာ ရောင်းဝယ်ရေးကုမ္ပဏီ Christie's က လေလံပစ်တော့ ပေါင်စတာလင် ၈.၉ သန်း ရတယ်။ ခုပေါက်ဈေး ဒေါ်လာနဲ့ဆို ၁၄ သန်းလောက် ရှိမယ်။အဲဒီနာရီဟာ ဈေးကြီးပေ့ဆိုတာ နာရီတွေရဲ့ လေလံသမိုင်းမှာ ဈေးအကြီးဆုံးပါဘဲ။ အခုတော့ ဂျာမနီနိုင်ငံ Baden-Baden မြို့က Faberge Museum ထဲမှာ ပြထားတယ်။ဒါဟာ ရော့သ်ချိုင်း စုဆောင်းခဲ့တဲ့ အနုပညာများထဲက တစ်ခုသာရှိပါသေးတယ်။
- အနုပညာလက်ရာတွေထဲမှာ နန်းတော်တမျှခမ်းနားတဲ့ အိမ်တွေပါခဲ့တယ်။၂၀ ရာစုအစပိုင်းမှာ ရော့သ်ချိုင်းတွေပိုင်တဲ့အဖိုးတန်အိမ်ကြီးတွေချည်း ၄၁ လုံးရှိခဲ့တယ်လို့ဆိုတယ်။ သြတတြီးယားနိုင်ငံ ဗီယေနာမြို့မှာတင်ဘဲ ငါးလုံးရှိခဲ့တယ်။ အဖိုးတန်ပန်းချီကားတွေ၊ စာအုပ်တွေ၊ ရုပ်ထုတွေ၊ သံချပ်ကာအင်္ကျီတွေ၊ ပရိဘောဂတွေနဲ့ တခြားတိုလီမိုလီတွေလည်း အများကြီး။ ဒါပေမယ့်၁၈၄၈ မှာ ဥရောပနိုင်ငံတွေတော်တော်များများမှာ ဖြစ်တဲ့အရေးအခင်းတွေရယ်၊ ၁၉၃၀ လောက်မှစဖြစ်တဲ့ ၂၀ ရာစုရဲ့ အဆိုးဆုံး အငတ်ဘေးကြီးကြောင့်ရယ် သူတို့ရဲ့စီးပွားရေးတစ်ချို့ထိခိုက်ခဲ့တယ်။ ဒီအနုပညာတွေထဲကများစွာဟာ စစ်အတွင်းမှာရော၊ နာဇီတွေရဲ့လက်ချက်နဲ့ ရော တစ်ချို့ဖျက်ဆီးတာခံရတယ်။ တစ်ချို့လည်း အသိမ်းခံရတယ်။ အသိမ်းခံရတာတွေထဲက နောက်ပိုင်း ပြန်ရတာတွေနဲ့ ကျန်တာတွေထဲက အများကြီးကို ရော့သ်ချိုင်းမျိုးဆက်တွေက နာမည်ဖော်လို့ တစ်မျိုး၊ မဖော်ဘဲ တစ်ဖုံ ပြတိုက်တွေကို လှူပစ်တာတွေ ရှိတယ်။
- ရော့ချိုင်းကုမ္ပဏီတွေထဲက တစ်ခုဟာ ဒိုင်ယာနာမင်းသမီး Princess Diana တို့ရဲ့ Spancer မျိုးဆက်ပိုင်တဲ့ လန်ဒန်မြို့က Spancer House မှာရှိတယ်။ ၁၉၈၆ မှာ ရော့သ်ချိုင်းတစ်ယောက်က အဲဒီအိမ်ကို Spencer မိသားစုဆီက ၉၆ နှစ်တိတိ ငှားရမ်းလိုက်တာဖြစ်တယ်။ ပြန်မွမ်းမံပြင်ဆင်ပြီး အခု ပြတိုက်လုပ်ထားလို့ သွားကြည့်လို့ရတယ်။
- ဂျူးနိုင်ငံ ဖြစ်တဲ့ အစ္စရေးကို ၁၉၄၈ မှာတည်ထောင်တော့လည်း ရော့သ်ချိုင်းတွေရဲ့ ပံပိုးမှုအများကြီးပါလို့ တစ်ချို့က အစ္စရေးရဲ့ ၈၀ ရာခိုင်နှုန်းကို ရော့သ်ချိုင်းတွေပိုင်တယ်လို့တောင် ပြောကြတယ်။ ချဲ့ကားပြီး ပြောတာ ဖြစ်နိုင်ပေမယ့်သူတို့နာမည်နဲ့ နေရာတွေအများကြီးရှိတာတော့ အမှန်ပါ။ အစ္စရေးရဲ့ စီးပွားရေး မြို့တော် Tel Aviv မှာ Rothschild Boulevard ဆိုပြီးလမ်းရှိတယ်။ တစ်ချို့သော အစ္စရေးမြို့တွေကို ရော့သ်ချိုင်းတွေ အကူအညီနဲ့ တည်ထောင်တာဖြစ်တယ်။ အစ္စရေးအစိုးရအဆောက်အအုံတစ်ချို့ကိုလည်း သူတို့ငွေထုတ်ပြီး ဆောက်တာဖြစ်တယ်။ အဲဒီထဲက အထင်ကရတွေကို ပြရရင် အစ္စရေးနိုင်ငံတရားရုံးချုပ် Supreme Court of Isreal နဲ့ ဂျေယူစလင်မြို့က အစ္စရေး ပါလီမန်ဖြစ်တယ်။ ဘယ်လောက်တောင်ပြောကြလဲဆို အစ္စရေးနိုင်ငံရဲ့ အလံဟာ ရော့သ်ချိုင်းမိသားစု အမှတ်အသားကို ယူထားတာ လို့တောင် အထိ။ အဲဒါတော့မဖြစ်နိုင်ပါ။
'' ကမ္ဘာကြီးမှာ ပါဝါဆိုလို့ တစ်ခုဘဲရှိပါတယ်။
အဲဒီပါဝါဟာ ရော့သ်ချိုင်းပါဘဲ '' ( ၁၉ ရာစု ပြင်သစ် commentator တစ်ယောက်၏
အဆို )
- ဘယ်သူကဘယ်လိုပြောပြော နေသန်ရောသ်ချိုင်းပြောတာလောက်တော့ ဘယ်သူမှ ရှင်းအောင် မပြောနိုင်ဘူး။
'' ပိုက်ဆံကိစ္စအ၀၀ကို ထိန်းချုပ်နိုင်သူဟာ
အစိုးရကို ထိန်းချုပ်နိုင်သူဘဲ။ဗြိတိန်နိုင်ငံရဲ့ ပုလ္လင်ပေါ်မှာ
ဘယ်ရုပ်သေးရုပ်ကိုတင်တင် ငါဂရုမစိုက်ဘူး။ ဗြိတိန်နိုင်ငံရဲ့ ငွေကြေးကို
ထိန်းချုပ်သူဟာ ဗြိတိန်အင်ပါယာကြီးကို အုပ်ချုပ်သူဘဲ။ ဗြိတိန်ရဲ့ ငွေကြေးကို
ထိန်းချုပ်သူဟာ ငါဘဲ '' ။
ရော့သ်ချိုင်း မျိုဆက်သစ်တစ်ယောက်ကလည်း
ဘမျိုးဘိုးတူ ချို (ဂျို) နဲ့ ဆိုသလို ဘာပြောသလဲဆိုတော့ '' တိုင်းပြည်ရဲ့
ငွေကြေးစနစ်ထိန်းချုပ်ခွင့်ကိုသာ ငါ့ကိုပေး။ ဘယ်သူ ဥပဒေပြုပြု ဂရုမစိုက်ဘူး ''
တဲ့။
- ရော့သ်ချိုင်းတွေဟာ လန်ဒန်ရွှေဈေးကနေ ထွက်တော့မယ်လို့၂၀၀၄ မှာ ကြေငြာခဲ့တယ်။ ရွှေဟာသူတို့ရဲ့ အဓိကစီးပွားရေးမဟုတ်တော့ဘူး ဆိုတဲ့ အကြောင်းပြချက်နဲ့ပါ။ နှစ်တစ်ရာနီးပါးလောက် ရွှေကို လုပ်လာပြီးမှာ ထွက်တော့မယ်ဆိုတော့ လူတိုင်းအံသြကြတယ်။ ၀ါတာလူးစစ်ပွဲတုန်းကလိုများ လှည့်ကွက်တစ်ခုလား လို့ထင်ကြေးတွေအမျိုးမျိုးပေးခဲ့ကြတယ်။ သူတို့ထွက်သွားပေမယ့်ကမ္ဘာ့ရွှေဈေးကို အရင်ကလိုဘဲ အခုလည်း သူ့တို့ကုမ္ပဏီဝင်းထဲမှာ ဆုံးဖြတ်ဆဲ။ စနေတနင်္ဂနွေကလွဲလို့ နေ့တိုင်း တစ်နေ့ကို ၂ ခါကြေငြာတယ် ။ အဖွဲ့ဝင်ဘဏ်ငါးခု ပါတဲ့ London Gold Market Fixing Ltd ဆိုတဲ့ ကုမ္ပဏီက ကြေငြာတာဖြစ်ပြီး အဲဒီကုမ္ပဏီဟာ N M Rothschilds and Sons ကုမ္ပဏီကြီးထဲမှာ ရှိတယ်။လန်ဒန် ရွှေတုံးဈေး London Bullion Market ရဲ့ လက်ကားဈေးအပေါ်မှာ မူတည်ပြီး နေ့တိုင်း အမေရိကန် ဒေါ်လာ၊ အင်္ဂလိပ် ပေါင်စတာလင်၊ ဥရောပသုံး ယူရိုငွေ သုံးမျိုးနဲ့ ကြေငြာပေးတယ်။ လန်ဒန်စံတော်ချိန် မနက် ၁၀ နာရီခွဲမှာ တစ်ကြိမ်၊ ညနေ ၃ နာရီမှာ တစ်ကြိမ်။ အရင်တုန်းကတော့ လူငါးယောက်ပါတဲ့ အဖွဲ့က မျက်နှာဆုံညီ အစီးအဝေးထိုင်ပြီး ဆုံးဖြတ်တယ်။ အရင်က အဲဒီအဖွဲ့မှာ ထာဝရ ကြီးမှုးသူနေရာ permanent chairmanship ကို ရော့သ်ချိုင်းတွေက ယူထားခဲ့တယ်။ ၂၀၀၄ မှာ ရော့သ်ချိုင်းတွေ ထွက်သွားတဲ့ နောက်ပိုင်း အဲဒီအဖွဲ့ဝင် ဘဏ်ငါးခုက နှစ်တိုင်း တစ်လှည့်စီ အဲဒီနေရာကိုယူပြီး နေ့စဉ်ရွှေဈေးကို တယ်လီဖုန်းကွန်းဖရန့် telephone conference လုပ်ပြီး ဆုံးဖြတ်တယ်။
- လက်ရှိ London Gold Market Fixing Ltd ရဲ့ အဖွဲ့ဝင်တွေကတော့ Barclays Capital ( အင်္ဂလိပ်ဘဏ် ) ,Scotia-Mocatta ( အင်္ဂလိပ်ဘဏ်)၊ Socie'te' Ge'ne'rale ( ပြင်သစ်အခြေစိုက်ဘဏ်)၊ HSBC ( လန်ဒန်အခြေစိုက် အင်္ဂလိပ်ဘဏ် )၊ Deutsche Bank ( Frankfurt အခြေစိုက် ဂျာမန်ဘဏ်)တို့ဖြစ်တယ်။
- နေသန်ရော့သ်ချိုင်းရဲ့သားအကြီးဆုံး Walter Rothshild ဟာ စီပွားရေးတင်မကဘူး။ တိရစ္ဆာန်တွေကို လေ့လာတဲ့ သတ္တဗေဒကို စိတ်ဝင်တစားလုပ်ခဲ့တယ်။ ကျန်းမာရေးချူချာသူမို့အိမ်မှာ အနေများပြီး ငယ်ငယ်လေးကတည်း အကောင်ဗလောင်မွေးရတာဝါသနာပါတယ်။ သားပိုက်ကောင်ကလေးတွေ၊ငှက်ကလေးတွေ၊ လိပ်ပြာလေးတွေနဲ့ တခြားအင်းဆက်ပိုးမွားလေးတွေကို အိမ်မှာမွေးထားခဲ့တယ်။ '' ငါကြီးလာရင် တိရစ္ဆာန်ပြတိုက်ထောင်မှာ '' လို့ အသက် ( ၇ ) နှစ်ကတည်းက ကြွေးကြော်ခဲ့ပြီး Cambridge တက္ကသိုလ်မှာ သတ္တဗေဒဘာသာကို တက်ခဲ့တယ်။
- ဒါပေမယ့် အသက် ( ၂၁ ) နှစ်မှာတော့ သူတို့မိသားစုထုံးစံအတိုင်း ဘဏ်လုပ်ငန်းကို သင်ခဲ့ရတယ်။ သားအကြီးဆုံးလည်းဖြစ်တော့ ဘဏ်လုပ်ငန်းမှာ ၀ါသနာမပါပေမယ့် ဒီလိုဘဲ ဒရွတ်တိုက်ပြီး လုပ်လိုက်တာ အနှစ် ၂၀ လောက်လုပ်ဖြစ်သွားတယ်။ အဲဒီတော့မှ သူ့သားဝါသနာဘာလဲဆိုတာ သိနေတဲ့ ဦးနေသန်ကြီးဟာ '' ဒီလောက်လုပ်ခိုင်းပြီးရင်တော့ တော်ပါပြီလေ '' ဆိုပြီး သားကို ဘဏ်လုပ်ငန်းထဲက ထွက်ခွင့်ပေးတယ်။ မလုပ်ချင်တာကို ဇွတ်မှိတ်ပြီး လုပ်ခဲ့လို့ဆုချတဲ့အနေနဲ့ သားကို သတ္တဗေဒ ပြတိုက် zoological mesuem ထောင်ပေးပြီး သူ့သားရဲ့ တိရစ္ဆန်မျိုးစိတ်သစ်တွေရှာဖွေရေး ခရီးစဉ်တွေအားလုံးကို အကုန်အကျခံပေးလိုက်တယ်။
- ဟိုတယောက်ကလည်း အဲဒီကတည်းက စူလလိပ်ရေမှာလွှတ်သလို သွားလိုက်တဲ့ခရီး။ ဥရောပတခွင်ပြဲပြဲစင်ပြီး မြောက်အာဖရိကမှာလည်း နှစ်အတော်ကြာသွားနေတယ်။ သူ့ကျန်းမာရေးကြောင့် စိတ်သွားတိုင်းကိုယ်မပါလို့ကျွမ်းကျင်သူတွေများစွာကို ခန့်ပြီး သူ့ကိုယ်စားသွားခိုင်းတာလည်းရှိတယ်။ အတော်ကို လုပ်ခဲ့တဲ့သူ။ ပိုက်ဆံကလည်း တတ်နိုင်နေတော့ သူစုဆောင်းလို့ရတဲ့ တိရစ္ဆာန်မျိုးကွဲတွေကို နာမည်ပေးဖို့၊ စနစ်တကျစုဆောင်းဖို့၊သူတို့အကြောင်းတွေကို စားတမ်းရေးဖို့ သိပ္ပံပညာရှင်တွေ၊ စာကြည့်တိုက်မှူးတွေ၊ တိရစ္ဆာန်ဗေဒကျွမ်းကျင်သူတွေကို ခန့်ခဲ့တယ်။
- သူ့ရဲ့ စုဆောင်းမှုတွေထဲက တစ်ချို့ကို ပြရရင်တော့ ငှက်အရေခွံ သုံးသိန်းလောက်၊ ငှက်ဥမျိုးစုံက နှစ်သိန်းလောက်၊ လိပ်ပြာမျိုးစုံ ၂ သန်းကျော်၊ ပိုးကောင် သုံးသောင်းလောက်နဲ့ တခြားတခြားသော နို့တိုက်သတ္တ၀ါ၊ တွားသွားသတ္တ၀ါတွေနဲ့ ငါးမျိုးစိတ်ကွဲတွေဖြစ်တယ်။ သူတွေ့ရှိခဲ့တဲ့မျိုးစိတ်ကွဲတွေကို Rothschild ဆိုတဲ့နာမည်ပါအောင် မှည့်ခဲ့ကြတယ်။ ဒါကြောင့် Rothschild နာမည်ပါတဲ့ ငှက်အမျိုးပေါင်း ၅၈ မျိုး၊ အင်းဆက် ပိုးမွှားက ၁၅၃ မျိုး၊ နို့တိုက်သတ္တ၀ါတွေက ၁၇ မျိုး၊ ငါး ၃ မျိုး၊ ပင့်ကူ ၃ မျိုး၊ တွားသွားသတ္တ၀ါ ၂ မျိုး၊ ကင်းခြေ ၁ မျိုးနဲ့ ခြေလက်မပါ တွန့်သွားတဲ့worm က တစ်မျိုး ရှိတယ်။
ဒီလောက်ဆို
သူတို့အကြောင်းပြောမဆုံးပေါင် တောသုံးထောင်ကို ရိပ်ဖမ်းသံဖမ်းသိလောက်ပါပြီ။
ပုံပြင်တစ်ပုဒ်ပမာ အံမခန်းရှိလှတဲ့ရော့သ်ချိုင်းတို့ရဲ့ အရှိန်အ၀ါကြီးမှုနဲ့
ကြွယ်ဝချမ်းသာမှုဟာ အနှစ် ၃၀၀ နီးပါးရှိခဲ့ပြီ။ ၁၉ ရာစုမှာ သူတို့ဟာ ရိုက်တာ
Reuters သတင်းဌာနကို ၀ယ်လိုက်တယ်လို့လည်း သတင်းထွက်ခဲ့တယ်။ ရိုက်တာကနေမှ
အေပီသတင်းဌာန A P ( Associated Press ) ကို ထပ်ဝယ်လိုက်တဲ့အတွက် သူတို့ဆီက
သတင်းတွေကို ယူကြတဲ့ သတင်းစာတော်တော်များများကိုလည်း လွှမ်းမိုးနိုင်ခဲ့တယ်လို့
ဆိုကြတယ်။ ရိုက်တာသတင်းဌာနကို Paul Julius Reuters ဆိုသူက ၁၈၅၁ မှာ လန်ဒန်မြို့မှာ
စတော့ဈေးတွေကို ကြေငြာဖို့ဆိုပြီး တည်ထောင်ခဲ့တယ်။ လန်ဒန် စတော့ဈေးဆိုတာ
အဲဒီအချိန်က နေသန်ရော့သ်ချိုင်းရဲ့ လက်ထဲမှာ ရှိတာတစ်ကြောင်း၊ Paul Julius Reuters
ဟာ နေသန်တို့လိုဘဲ ဂျာမနီပေါက် ဂျူးလူမျိုးဖြစ်တာကတစ်ကြောင်းကြောင့်
မီဒီယာတစ်ချို့ဟာ သူတို့လက်ထဲမှာ ရှိတယ်လို့ တော်တော်များများက ယုံကြတယ်။
မီဒီယာတွေကို သူတို့အကြောင်းသိပ်မပြောအောင် လုပ်ထားတယ်လို့လည်း ဆိုကြတယ်။ တကယ်လည်း
ရော့သ်ချိုင်း မိသားစုဝင်တော်တော်များများဟာ အင်တာဗျူးတွေ မပေးကြဘူး။ သူတို့
ထင်ပေါ်မှုနဲ့ ယှဉ်ရင် လူထုထဲကို ထွက်ပြတာ အတော်နည်းတယ်။
- နိဂုံးချုပ်ရရင်တော့ လက်ရှိမှာ သူတို့ဘယ်လောက်ချမ်းသာလည်းဆိုတာ ဘယ်သူမှ အတိအကျမသိပါ။ လက်ရှိ ကမ္ဘာ့အချမ်းသာဆုံးမိသာစုစာရင်းမှာလည်း သူတို့နာမည်မပါ။ မပါဆို သူတို့နေတဲ့နေရာကလည်း တစ်နိုင်ငံတည်းမှာ စုနေတာမှ မဟုတ်တာလေ။ မိသားစုဝင်ချည်း ရာချီ ရှိနေပြီ။ Forbes Magazine ရဲ့အလိုအရ ၂၀၁၁ ရဲ့ အချမ်းသာဆုံး မိသားစုစာရင်းမှာ ဒေါ်လာ ၉၃ ဘီလီယံ ( သန်း ကိုးသောင်းသုံးထောင် ) ရှိတဲ့ ဝေါ်လ်တန် Walton Family က နံပါတ်တစ်ချိတ်တယ်။ သူတို့မိသားစုဝင် ခုနှစ်ယောက်ရဲ့ ချမ်းသာမှုကို စုစုပေါင်းပါ။ ဒါဟာ အမေရိကန်နိုင်ငံမှာရှိတဲ့ မိသားစုအားလုံးပေါင်းချမ်းသားမှုရဲ့ ၃၀ ရာခိုင်နှုန်းဖြစ်တယ်။ ဒါပေမယ့် Rothschild Family ရဲ့ တစ်ချိန်က လူတွေခန့်မှန်းတဲ့ ကြွယ်ဝမှုကို မမှီပါဘူး။
၁၈၁၅ ကနေ ၁၉၄၀ ကြားမှာ
ရော့သ်ချိုင်းမိသားစုကြီးတစ်ခုလုံးချမ်းသာမှုဟာ ဒေါ်လာ ထရီလီယံ trillion ၅၀၀ လောက်
ရှိတယ်လို့ဆိုကြတယ်။ trillion ဆိုတာကြီးကို စဉ်းစားလိုက်ရင် သူများတော့ မသိဘူး။
မီးမီးတော့ ဂေါက်ချင်စိတ်ပေါက်ပေါက်သွားတယ်။ ဘီလီယံ ဆိုတာက သန်းတစ်ထောင်မဟုတ်လား။
ထရီလီယံဆိုတာကတော့ ဘီလီယံ တစ်ထောင်ပါတဲ့။ တစ်နည်းပြောရရင်တော့ သန်းပေါင်း
တစ်သန်းတိတိဟာ တစ်ထရီလီယံပါတဲ့။ နောက်တစ်နည်းပြောရရင်တော့ တစ်ထရီလီယံဆိုရင်
တစ်နောက်မှာ သုံည ၁၂ လုံး လိုက်တယ်တဲ့။ အဲဒီ ထရီလီယံဆိုတာကြီး ၅၀၀ တောင်
ချမ်းသာတယ်ဆိုတော့ တွေးသာကြည့်ပေတော့ ကွယ်။ အဲဒီ ပမာဏဟာ ကမ္ဘာကြီးမှာရှိတဲ့
ချမ်းသာမှုတွေရဲ့ တစ်ဝက်ကျော်သတဲ့။
သူတို့ အကြောင်းကို
ရေးတဲ့ စာရေးဆရာတွေ များစွာပေါ်ပေါက်ခဲ့တယ်။ ရုပ်ရှင်ရိုက်ထားတာတွေလည်း ရှိရဲ့။
နာမည်အကြီးဆုံးရုပ်ရှင်ကတော့ ရောသ်ချိုင်းမိသားစုကြီးကို စတင်တည်ထောင်သူ
မေရာရော့သ်ချိုင်း အကြောင်းရိုက်ထားတဲ့ The House of Rothschild ဖြစ်ပါတယ်။
ဂျာမန်ဘာသာနဲ့ဆိုတဲ့ Ven ikh bin Rothschild
ဆိုတဲ့သီချင်းတောင်ရှိသေးတယ်။အဓိပ္ပါယ်ကတော့ If I were Rothschild ငါသာ
ရော့သ်ချိုင်းဆိုရင် တဲ့။
ဟုတ်ကဲ့။ မီးသာ
ရော့သ်ချိုင်းဆိုလို့ကတော့ အဲဒီအိမ်ကြီးတွေမှာလည်း မနေချင်ပါဘူး။
တရဲကြောက်လို့။ တကိုယ်လုံးကိုလည်း စိန်မစီရရင် နေပါစေ။ မြန်မာပြည်က ကော်နက်ရှင်လေး
မြန်အောင်နဲ့အခုတလော တစ်နေ့အကြိမ်တစ်ရာလောက်
ပျက်နေတဲ့မီးကိုဘဲ လူစဉ်မှီမှီလေးဖြစ်အောင် လုပ်ပစ်လိုက်မယ်။ ဟွင်း....။
ဟွင်း။။။
ပြီးပါပြီ။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။