ပါဠိဆိုသည့်စကားလုံးဇစ်မြစ်ကို ရှာဖွေနေသည်မှာ ကြာမြင့်လှပါပြီ။ ဒေသတွေကွဲသလောက် အာသံလျာသံတွေ ပြောင်းလဲနေသည်ကိုလည်း တွေ့ရသည်။ မိမိက မြန်မာမို့ မြန်မာသံထွက်ပြီး ငါရွတ်ဆိုတာမှ အမှန်ဟုထင်သ လို အခြားလူမျိုးများကလည်း သူတို့ ရွတ်ဆိုသည်မှ အမှန်ဟု ပြောကြပြန်သည်။ ပါဠိဘာသာကို မြန်မာများ ရွတ်ဆိုသည်နှင့် အခြားလူမျိုးများ ရွတ်ဆိုသည်တွင် အဓိကအားဖြင့် နှစ်မျိုးကွဲသည်ကိုတော့ သတိထားမိသည်။ မြန်မာက ဇ - အခြားက ဂျ၊ မြန်မာက သ - အခြားက စ အားဖြင့် ကွဲပြားသည်ကို တွေ့ရသည်။
ဥပမာအားဖြင့် - “ဓမ္မံ သရဏံ ဂစ္ဆာမိ” ကိုရွတ်ဆိုသော် “ဓမ္မံ စရဏံ ဂစ်ချာမိ”ဟု ရွတ်ဆိုကြသည်။ ထိုအကြောင်းနှင့် ပတ်သက်ပြီးလည်း မြန်မာပြည်မှာ ရှိစဉ်ကတည်းက ဆရာဝန်တယောက်နှင့် ဆွေးနွေးဖူးသည်။ ဘုရားကတော့ သရဏဂုံ ယူတဲ့နေရာမှာ အသံထွက်မှန်ဖို့ ဟောထားတာပါပဲ။ ကမ္ဘာ့ဝန်းကျင်အရ ဆိုရင်တော့ အဓိပ္ပါယ်မှန်ဖို့သာ အဓိကလို့ ထင်ကြောင်း ပြောခဲ့ဖူးသည်။ နိုင်ငံခြား တက္ကသိုလ်မှာ ပညာသင်ရတော့လည်း အင်္ဂလိပ်ဘာသာဆက်သွယ်ရေးနဲ့ “ဓါမံ စရဏံ ဂစ်ချာမိ” မဟာယာနဘာသာရပ်တွင် သင်ပြန်သည်။
တဖြေးဖြေးနဲ့ -
ဓမ္မံ သရဏံ ဂစ္ဆာမိ - လို့ရွတ်ခြင်းသည် မြန်မာသံဖြင့် ရွတ်ခြင်း ဖြစ်သည်။
ဓမ္မံ စရဏံ ဂစ်ချာမိ - လို့ ရွတ်ခြင်းသည် ဆင်ဟာလ (သို့မဟုတ်) အင်္ဂလိပ် ရိုမန်လို ရွတ်ခြင်းဖြစ်သည်။
ဓါမံ စရဏံ ဂစ်ချာမိ- လို့ ရွတ်ခြင်းသည် သက္ကတ(အိန္ဒိယ)သံ ဖြင့် ရွတ်ခြင်းဖြစ်သည် လို့ နားလည်လာသည်။
သို့သော် “ပါဠိဘာသာ” ဆိုတာကိုတော့ သိချင်နေသည်။ စူးစမ်းနေမိသည်။ မိမိလို လူများအတွက် ဗဟုသုတ ဖြစ်စေဖို့ အောက်က အချက်အလက်များက စိတ်ကျေနပ်မှုကို တမျိုးတဖုံပေးလိမ့်မည်လို့ မျှော်လင့်မိသည်။
ဆရာ မောင်အံ့ (မဟာဝိဇ္ဇာ) ရေးတဲ့ ဗုဒ္ဓသာသနာတော် ၂၅၀၀ ခရီးစာအုပ်ထဲမှာ-
“ပါဠိဘာသာ”
=========
ဗုဒ္ဓမြတ်စွာ သက်တော်ထင်ရှားရှိစဉ်အခါက မဂဓတိုင်း၊ ကောသလတိုင်းစသော မဇ္ဈိမဒေသတွင် ပြည်သူအများ ပြောဆိုသုံးစွဲနေကြသော ဘာသာစကားတစ်ခုရှိ၏။ ထိုဘာသာစကားကို မဂဓတိုင်းသူ တိုင်းသားတို့ သုံးစွဲသော ကြောင့် မာဂဓီဘာသာဟု ခေါ်၏။ မြတ်စွာဘုရားရှင်သည် ထိုမာဂဓီဘာသာဖြင့် တရားဟောတော်မူခဲ့၏။
မြတ်စွာဘုရားရှင်ဟောတော်မူသော စကားအစဉ် ဒေသနာတော်အစဉ်ကို ပါဠိဟု ခေါ်သည်။ (ပါဠိ- အစဉ်အတန်းဟု ဆိုလို၏)။ မြတ်စွာဘုရား၏ စကားတော် ဒေသနာတော်အစဉ်သည် မာဂဓီဘာသာဖြင့် တည်ရှိ ရကား ဘုရားဟောဒေသနာတော်ကို ပါဠိဟု ခေါ်ရာမှ အချိန်ကြာညောင်းသောအခါ မာဂဓီဘာသာကိုလည်း ပါဠိ ဘာသာဟု ခေါ်ကြလေသည်။ ထို့ကြောင့် ဘုရားရှင် နှုတ်တော်မှ ထွက်ပေါ်လာခဲ့သော ဘာသာစကားကို ပါဠိဘာသာဟု ခေါ်သည်။ ထိုဘုရားဟော ပါဠိဘာသာကို ထေရ၀ါဒဂိုဏ်းကြီးက ဤခေတ်တိုင်အောင် ဆက်လက်ထိန်းသိမ်းလာခဲ့ရာ လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ က မူရင်းအတိုင်း ဆက်လက်တည်ရှိနေလေသည်။
ထိုပါဠိဘာသာစကားသည် သဘာဝအနက်အဓိပ္ပါယ်ကို ပြနိုင်၏။ အနက်အဓိပ္ပါယ်တိကျပြတ်သား၏။ မဂ်ဉာဏ်ဖိုလ်ဉာဏ်ကို ဖြစ်စေနိုင်၏။ ပဋိသမ္ဘိဒါဉာဏ်၏ အထောက်အပံ့ဖြစ်၏။ ပဋိသမ္ဘိဒါဉာဏ်ရသူအား ပါဠိဘာသာ ဂါထာတပုဒ်ရွတ်ပြက အနက်အဓိပ္ပါယ်ကို အကျယ်တ၀ံ့ ချက်ချင်းသိ၏။ တဆူတည်းသော ဆရာ၏ လက်အောက်၌ ၀ါဒတခုတည်းကိုသာ ဖေါ်ပြသော ဘာသာစကားဖြစ်၍ အနက်အဓိပ္ပါယ် ပုံသေကားချ ယတိ ပြတ် မှတ်သား၍ ရနိုင်၏။ ဥပမာအားဖြင့် ဝေဒနာ သညာ အနိစ္စ ဒုက္ခ စသော ပါဠိပုဒ်များကို မည်သည့်ခေတ် မည်သည့်ဒေသ မည်သည့်လူမျိုး မည်သည့် ပါဠိတော် အဋ္ဌကထာ ဋီကာများ၌ တွေ့ရစေကာမူ အနက်အဓိပ္ပါယ် တသမတ်တည်း တည်မြဲ၏။ လောင်းလဲခြင်း မရှိပေ။
Lanka The land of king (J.B Disanayaka, p-132)စာအုပ်မှာတော့- ၄ ရာစုလောက်မှာ ဒီပ၀ံသကျမ်းကို ပါဠိဘာသာနဲ့ ရေးခဲ့ပြီး ထိုပါဠိသည် ကမ္ဘာသုံး အများသုံးဘာသာစကား ဖြစ်ပါတယ်တဲ့။ အဲဒီစာအုပ်ထဲကပဲ ရှေးဗြဟ္မဏအက္ခရာ နှင့် ဆင်ဟာလ အက္ခရာပုံကိုလည်း အခု ယူသုံးစွဲထားပါတယ်။ မြန်မာလိုကတော့ ကိုယ့်ဘာသာ ရိုက်ထားတာပါ။
အခုတွေ့သမျှ အတိုင်းကို ကောက်ချက်ချမယ်ဆိုရင် ကုလားရေးတော့ ကုလားအက္ခရာ၊ မြန်မာရေးတော့ မြန်မာအက္ခရာနဲ့ပေါ့။ မူရင်းပါဠိစာလုံးကို ရှာတွေ့ဖို့ထက် ပါဠိစာပေထဲကလာတဲ့ အနှစ်သာရတွေကို ယူချင်ရင်တော့ မြန်မာလိုရေးထားတဲ့ ပါဠိကိုဖတ်ပါလို့ပဲ ပြောရပါမယ်။ ကိုယ့်လက်ထဲမှာ တန်ဖိုးရှိ အသင့်သွေးပြီး အသင့်သုံး ပတ္တမြားရောက်နေပြီပဲ ဘယ်ပန်းတိမ်လုပ်တာလဲလို့ မေးမြန်း အချိန်ကုန်နေတာထက် လက်တွေ့ အသုံးပြုလိုက်တာက ပိုတန်ဖိုးရှိမယ် ထင်ပါတယ်။
အရှင်တေဇနိယာလင်္ကာရ (ခေတ္တ-ကိုလံဘို)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။