တံဆိပ်ခေါင်း စတင် အသုံးပြုလာရသည့် ဇာတ်လမ်းမှာ
စိတ်ဝင်စားစရာ ကောင်းလှသည်။ တံဆိပ်ခေါင်းကို အင်္ဂလန်နိုင်ငံမှ ရိုလန်ဟီးလ် ဆိုသူ
စတင်တီထွင်ခဲ့ခြင်း ဖြစ်သည်။ နောင်အခါ၌ သူ၏ တီထွင်မှု အတွက် “ဆာ” ဘွဲ့
ပေးအပ်ခဲ့သဖြင့် ဆာရိုလန်ဟီးလ် (Sir Rowland Hill) ဟု ကျော်ကြား ခဲ့လေသည်။
အင်္ဂလန်နိုင်ငံ၌ အများပြည်သူ အသုံးပြုနိုင်သော
စာပို့လုပ်ငန်းကို ၁၆၃၅ ခုနှစ်ကပင် ကျယ်ကျယ်ပြန့်ပြန့်
လုပ်ကိုင်လျှက်ရှိသည်။
ချောစာ များကို ချောစာပို
့မြင်းရထားဖြင့် တစ်မြို့ဝင်၊ တစ်မြို့ထွက် သယ်ပို့ ဝေငှ ပေးလေ့ရှိသည်။ ထိုစဉ်က
စနစ်မှာ စာပို့ခကို ချောစာ လက်ခံသူက ပေးရခြင်း ဖြစ်သည်။ စာပို့ခမှာ ခရီးအကွာအဝေးကို
လိုက်၍ ခြားနားလေသည်။ စာပို့ခ ကြီးမြင့်သည် ဖြစ်၍ မိမိထံသို့ စာရောက်
လာသော်လည်း အချို့က ငွေကုန်မည် စိုးသဖြင့် စာရွေးယူရန် ငြင်းပယ်ကြသည်လည်း
ရှိလေသည်။
တစ်နေ့သ၌ ရိုလန်ဟီးလ်မှာ စားသောက်ဆိုင်တစ်ဆိုင်၌
နေ့လယ်စာ စားသုံးလျှက်ရှိသည်။ ထိုအခိုက်တွင် စာပို့သမားက စားသောက်ဆိုင်မှ
အလုပ်သမလေးထံ စာတစ်စောင်လာပေးရာ အလုပ်သမလေးက ငွေမရှိ၍ မရွေးတော့ဟုဆိုကာ
စာပို့သမားကို ပြန်ပေးလိုက်သည်။ အလုပ်သမလေးမှာ စာအိပ်ကို မဖောက်သော်လည်း
စာအိပ်မျက်နှာပြင်ကိုမူ အသေအချာ ကြည့်ပြီးမှ စာအိပ်ကို ပြန်ပေးလိုက်သည်ကို
ရိုလန်ဟီးလ်က သတိပြု အကဲခတ်မိလိုက် လေသည်။
စာပို့သမားပြန်ပြီးနောက် ရိုလန်ဟီးလ်က အလုပ်သမလေးအား
လျှို့ဝှက်ချက်ကို မေးကြည့်ရာ “ကျွန်မနှင့် စေ့စပ်ထားသူက တခြားမြို့မှာ နေပါတယ်၊
ကျွန်မတို့ အချင်းချင်း စာပို့ခ မကုန်အောင် ဆက်သွယ်တဲ့ နည်းတစ်ခု တီထွင်ထားပါတယ်”
ဟု အလုပ်သမလေးက ရှင်းလင်း ပြောပြသည်။ သူတို့နှစ်ယောက် တီထွင်ထားသော နည်း ဆိုသည်မှာ
စာအိပ်ပေါ်၌ နှစ်ယောက်သား နားလည်နိုင်မည့်၊ ကြိုတင် စည်းဝါး ရိုက်ထားသော သင်္ကေတများ
ရေး၍ အကြောင်းကြားနည်း ဖြစ်လေသည်။ ဥပမာ ... လက်ဝဲဘက်ထောင့်၌ ကြက်ခြေခတ် ပြထားပါက
နေကောင်းသည်။ လင်္ကျာဘက်အောက်၌ ဂဏန်းတစ်ခု ရေးထားသော် ငွေ မည်၍မည်မျှ စုမိနေပြီ၊ ...
စသည်ဖြင့် ဖြစ်သည်။ ဤနည်း အသုံးပြုခြင်းအားဖြင့် စာပို့ခမကုန်ဘဲ ဆက်သွယ်နိုင်ကြ
လေသည်။
ထိုအခါတွင် ရိုလန်ဟီးလ်မှာ စာလက်ခံသူက
စာပို့ခပေးရသည့်စနစ်၏ အားနည်းချက်ကို သိရှိလာသည်။ ထို့ကြောင့် စာပို့သူကပင်
အမှတ်အသားတစ်ခုခု (နောင်အခါတွင် တံဆိပ်ခေါင်း ဖြစ်လာမည့်) ကို စာပို့ခအဖြစ်
ဝယ်ယူပြီး၊ စာအိပ်ပေါ်၌ ကပ်ရန်စနစ်ကို ရိုလန်ဟီးလ်က တီထွင်တော့သည်။ ထိုစနစ်မှာ
အများပြည်သူ အားလုံး အသုံးပြုနိုင်ရန် စာပို့ခသက်သာစေပြီး၊ အစိုးရ ဘဏ္ဍာငွေလည်း
ယိုဖိတ်မှု လျှော့နည်းသွားစေရန် ရည်ရွယ်သည့် စနစ်ဖြစ်သည်။ ဤသို့ဖြင့် စာပို့ခ
ကြိုတင်ပေးရသည့် “တံဆိပ်ခေါင်း” ဟူသော အရာကို အသုံးပြုမည့် အစီအစဉ်၊ စာတမ်း
ရေးသားပြုစု၍ ၁၈၃၇ ခုနှစ်တွင် သက်ဆိုင်ရာသို့ တင်ပြခဲ့သည်။
သူ၏ အကြံပြုချက်မှာ ပြည်တွင်းပေးပို့သော
ချောစာမှန်သမျှကို စာပို့ခ တစ်ပဲနိ (One Penny) နှုန်းထား သတ်မှတ်ပြီး၊ စာပို့သူက
တစ်ပဲနိနှင့် ညီမျှသော စာပို့တံဆိပ်ခေါင်းကို စာအိပ်ပေါ်၌ ကပ်၍ ပေးပို့ရန်ဖြစ်သည်။
ပြည်သူ အများစုက ဤစနစ်ကို သဘောတူ ကြိုက်နှစ်သက်ကြသည်။
သို့ဖြစ်၍ ရိုလန်ဟီးလ်နှင့် အဖွဲ့မှ
စာပို့တံဆိပ်ခေါင်း ဟူသောအရာကို ၁၈၄၀ ခုနှစ်၌ တီထွင် ပြုလုပ်ပြီး စတင်
အသုံးပြုစေလေသည် ထိုကမ္ဘာ့ ပထမဦးဆုံး တံဆိပ်ခေါင်းမှာ ဝိတိုရိယ ဘုရင်မကြီး၏
ဦးခေါင်းပုံ ပါရှိပြီး အနက်ရောင် ဖြစ်သဖြင့် “ပဲနိအနက်” (Black Penny) ဟု အမည်တွင်
ခဲ့လေသည်။ ၁၈၄၀ ခုနှစ် မေလ၌ ဆက်လက်၍ နှစ်ပဲနိတန် အပြာရောင် တံဆိပ်ခေါင်းများ
ထုတ်ဝေရာ “နှစ်ပဲနိအပြာ” (Two Penny Blue) ဟု အမည်ရပြန်သည်။
တံဆိပ်ခေါင်း စတင်ထုတ်ဝေပြီးနောက်
နှစ်ပေါင်းနှစ်ဆယ်ခန့်အကြာ ၁၈၆၉ ခုနှစ်တွင် စာပို့ကတ် (Postcard)
တီထွင်ထုတ်ဝေခဲ့သည်။ စာပို့ကတ်မှာ တိုတိုနှင့်လိုရင်း
ရေးသားလိုသူများအတွက် အဆင်ပြေပြီး၊ စာပို့ခမှာလည်း ပိုမိုသက်သာသောကြောင့်
စာပို့လမ်းကြောင်းမှ စာပေးစာယူမှုများ ကျယ်ပြန့်လာကာ တံဆိပ်ခေါင်း သုံးစွဲမှုမှာလည်း
များပြားလာခဲ့သည်။
အင်္ဂလန်နိုင်ငံမှ ၁၈၄၀ ခုနှစ်၌ စာပို့တံဆိပ်ခေါင်း
တီထွင် အသုံးပြုပြီးနောက် တံဆိပ်ခေါင်း အသုံးပြုလာသော နိုင်ငံများမှာ ဘရာဇီး
(Brazil) - ၁၈၄၃၊ အမေရိကန် ပြည်ထောင်စု (U.S.A) - ၁၈၄၇၊ မောရိရှပ် (Mauritius) -
၁၈၄၇၊ ဘယ်လ်ဂျီယံ (Belgium) - ၁၈၄၇၊ ပြင်သစ် (France) - ၁၈၄၉၊ နှင့် ဗာဗေးရီးယား
(Bavaria) - ၁၈၄၉ ခုနှစ်တို့ဖြစ်သည်။
ပထမဆုံး ထုတ်ဝေသော တံဆိပ်ခေါင်းများ၌
အပ်ပေါက်ရာများ မပါရှိပေ။ အင်္ဂလန်နိုင်ငံမှ အာချာ (Archer) ဆိုသူက ၁၈၅၄ ခုနှစ်တွင်
အပေါက်ဖေါက်စက် တီထွင်ပြီးနောက်ပိုင်း တံဆိပ်ခေါင်းများကို အပေါက်များဖေါက်၍
ရိုက်နိုပ် ထုတ်ဝေခဲ့သည်။
မူရင်း - စီးပွားဖြစ် တံဆိပ်ခေါင်း စုဆောင်းနည်း
(ကျော်မြင့်မောင်)
Images by Google
Source.... http://www.lubo601.com/2012/09/postage-stamp.html#more
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။