by Nine Nine Sanay @ နိုင်းနိုင်းစနေ on Wednesday, July 4, 2012 at 5:38am ·
Shaolin Soccer
လွန်ခဲ့တဲ့နှစ်များစွာက တရုတ်ပြည်ဟောင်ကောင်မှာ
ကောင်လေးတစ်ယောက်ရှိခဲ့တယ်။ ကလေးဘဝမှာ သူ့မိဘတွေကွာရှင်းခဲ့ကြလို့
အစ်မလေးယောက်နဲ့အတူ အမေနောက် သူလိုက်ခဲ့ရတယ်။ မိန်းကလေးတွေကြားမှာ
ကြီးပြင်းခဲ့သူမို့ သူစကားနည်းတယ်။ နေအိမ် ပြတင်းပေါက်ဘောင်ကိုမှီပြီး အပြင်ကို
သူအမြဲ ငေးကြည့်တတ်တယ်။ လူတွေ လှုပ်ရှားသွားလာတာကိုပဲ သူငြိမ်ငြိမ်သက်သက်
ငေးကြည့်နေတတ်တယ်။
ရုပ်ရှင်ကြည့်ရတာကို သူနှစ်သက်တယ်။ အထူးသဖြင့်
ဘရုစလိရဲ့သိုင်းကားတွေကို သူနှစ်သက်တယ်။ တစ်ချိန်ချိန်မှာ ဘရုစလိလိုပဲ
ရုပ်ရှင်သရုပ်ဆောင်တစ်ဦးဖြစ်ရင် သိပ်ကောင်းမှာပဲလို့ သူစိတ်ကူးယဉ်ခဲ့မိတယ်။
ဆင်းရဲတဲ့မိသားစုက ပေါက်ဖွားလာခဲ့သူမို့
ငယ်ငယ်လေးတည်းက သူရုန်းကန်ခဲ့ရတယ်။ ဈေးထဲမှာ သူလက်သည်းညှပ်ရောင်းတယ်၊
စားသောက်ဆိုင်မှာ စားပွဲထိုးတယ်၊ ကျောင်းပိတ်ရက်တွေမှာ အလုပ်ရုံမှာ သူအလုပ်လုပ်တယ်။
ဒီလိုနဲ့ နှစ်တွေအလီလီကူးပြောင်းပြီး ကလေးဘဝကနေ လူငယ်ဘဝကို သူရောက်လာခဲ့တယ်။
အထက်တန်းအောင်တော့ ကျောင်းတက်ဖို့ သူစိတ်မကူးတော့ဘဲ အလုပ်ရှာပြီး နေအိမ်အတွက်
တစ်ဘက်တစ်လှမ်းကကူညီဖို့ သူဆုံးဖြတ်ခဲ့တယ်။
ရုံးတစ်ရုံးမှာ ရုံးကူအလုပ်ကို သူရခဲ့တယ်။
သူ့ရဲ့နေ့တိုင်းအလုပ်က ပစ္စည်းဝယ်တာနဲ့ ပစ္စည်းပို့တာဖြစ်တယ်။ တခြားလူအတွက် မနက်စာ၊
နေ့လယ်စာဝယ်ပေးရတယ်။ စားပြီးသားပန်းကန်တွေ၊ ခွက်တွေ ဆေးကြောရတယ်။ အခုခေါ်အခုရောက်
သူ့ရဲ့နေ့စဉ်အလုပ်က တခြားလူရဲ့ ခိုင်းဖတ်ဖြစ်တယ်။
လက်ရှိအလုပ်ကို သူနည်းနည်းလေးမှ မနှစ်သက်ခဲ့ဘူး။
သူ့ရဲ့ပညာအရည်အချင်းကလည်း ဒီလိုအလုပ်ပဲ ရနိုင်ခဲ့တယ်။ လက်ရှိအလုပ်ကို
စိတ်မဝင်စားခဲ့လို့ သူ့ကိုယ်သူပြောင်းလဲဖို့ သူဆုံးဖြတ်လိုက်တယ်။ ငယ်ငယ်က
သူစိတ်ကူးယဉ်ခဲ့တဲ့ ရုပ်ရှင်သရုပ်ဆောင်အလုပ်ကို သူပြန်သတိရလာခဲ့မိတယ်။
အဲဒီလိုနဲ့ တီဗီအသံလွှင့်ဌာနမှာ
သရုပ်ဆောင်သင်တန်းကို တက်ရောက်ဖို့ သူဝင်ခွင့်ဖြေခဲ့တယ်။ ဘယ်နှကြိမ်ဖြေဖြေ
နောက်ဆုံးအဆင့်မှာ သူမအောင်နိုင်ခဲ့ဘူး။ ဒါပေမယ့် သူထပ်ခါတလဲလဲ ဖြေခဲ့တယ်။
ဘယ်နှကြိမ်မြောက်မှန်းမသိတဲ့ အကြိမ်မှာ သူအောင်မြင်ခဲ့တယ်။ သရုပ်ဆောင်သင်တန်းကို
(၂)နှစ်တက်ပြီးနောက် သူ့စိတ်ကူးအိပ်မက်အတိုင်း သရုပ်ဆောင်လောကထဲ သူဝင်ခဲ့တယ်။
သူရဲ့ သရုပ်ဆောင်ဘဝက ဖြတ်လျှောက်ကနေစခဲ့တယ်။
သူ့ရဲ့ပထမဆုံးသရုပ်ဆောင်ချက်က စကားတစ်ခွန်းမှ မဟရဘဲ ရိုက်ကွင်းထဲဝင်တာနဲ့ အသတ်ခံ
သေပေးရတဲ့လူဖြစ်တယ်။ တစ်ခါတလေ စကားတစ်ခွန်းနှစ်ခွန်း ပြောရတဲ့အခန်းမှာ
သူပါဝင်ခဲ့တယ်။
အဲဒီလိုသရုပ်ဆောင်ဘဝနဲ့ တစ်နှစ်အကြာမှာ
တီဗီအသံလွှင့်ဌာနတစ်ခုက ကလေးအစီအစဉ်တစ်ခုမှာ လူလိုတယ်ဆိုတာနဲ့ သူရောက်ခဲ့ပြန်တယ်။
ဒီလိုအစီအစဉ်မှာ သူမျက်နှာပြရတဲ့ အခွင့်အရေးသိပ်မရှိဘူးဆိုတာ သူသိတယ်။ ဒါပေမယ့်
ဒါဟာလည်း သရုပ်ဆောင်ချက်တစ်ခုလို့ သူမှတ်ပြီး ဒီအလုပ်ကို သူလက်ခံခဲ့တယ်။
နှစ်အတော်ကြာမှာ သူက ဒီအကြောင်းကို
ဒီလိုပြန်ပြောင်းပြောခဲ့တယ်။
"ကလေးအစီအစဉ်မှာ တင်ဆက်သူအဖြစ် (၆)နှစ်ကြာ
အလုပ်လုပ်ခဲ့တဲ့အတွင်းမှာ ကျွန်တော့်ရဲ့ အလုပ်ချိန်က သိပ်များများစားစား
မရှိခဲ့ဘူး။ တစ်ပတ်မှာ သုံးရက်ပဲ ကျွန်တော့်အတွက် အလုပ်ရှိတယ်။ လေးရက်လောက်က
အားနေတယ်။ အဲဒီမှာ သည်းခံစိတ်ရှည်တတ်ဖို့ကို ကျွန်တော်သင်ယူနိုင်ခဲ့တယ်။
အားလပ်ချိန်တွေကို အသုံးပြုပြီး ကျွန်တော်စာတွေ ပိုဖတ်ဖြစ်ခဲ့တယ်။ ရုပ်ရှင်ပညာတွေ၊
တခြားသူရဲ့ သရုပ်ဆောက်ချက်တွေကို ကျွန်တော်လေ့လာခဲ့တယ်"
စောင့်စားခြင်းက လူကိုခံစားရခက်စေတဲ့
အလုပ်ဖြစ်တယ်။ ဘာဖြစ်လာမှန်း၊ ဘယ်လိုအခြေအနေရှိနိုင်မှန်း မသိတဲ့ စောင့်စားခြင်းက
ပိုဆိုးတယ်။ ဘယ်လောက်ကြာကြာ စောင့်ရမလဲဆိုတာက လူကို ပိုခံရခက်စေတယ်။
ဒါပေမယ့် သရုပ်ဆောင်အလုပ်ပေါ် သက်ဝင်ယုံကြည်တဲ့
သူ့ယုံကြည်မှုတွေက သူ့ကိုကြံ့ကြံ့ခိုင်အောင် စောင့်စားစေခဲ့တယ်။ (၇)နှစ်မြောက်မှာ
သူ့ရဲ့လုပ်ရည်ကိုင်ရည်ကို စသတိထားသူတွေ ရှိလာခဲ့တယ်။ ဒီလိုနဲ့ သရုပ်ဆောင်ဖို့
သူအခွင့်အရေးရခဲ့တယ်။ ဘုရားသခင်ပေးတဲ့ ဒီကံကောင်းခြင်းကို သူစွဲစွဲမြဲမြဲ
ဖမ်းဆုပ်ခဲ့တယ်။ အဲဒီကစ သူ့ဘဝ ပြောင်းလဲလာခဲ့တော့တယ်။
သူတောင်းစားဘဝကနေ ရွှေထီးဆောင်းဘဝဖြစ်လာခဲ့တဲ့
သူ့ရဲ့ပထမရုပ်ရှင်ကားကို နှစ်တွေကြာလာတာနဲ့အမျှ လူတွေမေ့ခဲ့ကြတယ်။ သူ့ကို အခုလက်ရှိ
ရုပ်ရှင်လောကရဲ့ ဟာသပါရမီရှင်လို့ လူတွေက တင်စားကြတယ်။
အဲဒီလူငယ်က ခုခေတ်မှာ နာမည်ကြီးလူသိများတဲ့
သရုပ်ဆောင် Stephen Chow (周星馳) ပဲဖြစ်တယ်။ လူသေကောင်အဖြစ် သရုပ်ဆောင်ရတာတောင်
ပီပီပြင်ပြင် သရုပ်ဆောင်ချင်ခဲ့တဲ့သူ၊ ဖြတ်လျှောက်ဘဝနဲ့ ဆင်းရဲဒုက္ခခံခဲ့ရတာတောင်
"တကယ်တော့ ကျွန်တော်ဟာ သရုပ်ဆောင်တစ်ဦးပါ"လို့ လေးလေးနက်နက် သူပြောခဲ့တယ်။
လူတွေက
သင့်ကိုကဲ့ရဲ့လှောင်ပြောင်လို့ရတယ်။ ဒါပေမယ့် သင့်ကိုယ်သင် မကဲ့ရဲ့၊
မလှောင်ပြောင်ရဘူး။ သင့်ရဲ့စိတ်ကူးအိပ်မက်ကို
သင်ပိုမလှောင်ပြောင်သင့်ဘူး။
ရှေးကနေ ယနေ့အထိ
အောင်မြင်ကျော်ကြားခဲ့တဲ့သူတွေတိုင်းဟာ မထင်မရှားနဲ့ အောက်ခြေဘဝကနေ
စခဲ့ကြတာချည်းပါပဲ။ မခမ်းနားတဲ့ စိတ်ကူးအိပ်မက်နဲ့ ဘဝခရီးကိုစခဲ့ကြတာချည်းပါပဲ။
လူတွေက သင့်ကိုပစ်ပယ်လေ သင်က သင့်ကိုယ်သင် ဂရုစိုက်ရလေဖြစ်တယ်။
မင်းသားအဖြစ် သရုပ်ဆောင်ဖို့
အခွင့်အရေးမရသေးပေမယ့် ကိုယ့်ရဲ့စိတ်ကူးအိပ်မက်ကို ရင်ထဲခိုင်ခိုင်မြဲမြဲ
ထည့်ထားခဲ့တဲ့၊ ဖြတ်လျှောက်ဘဝမှာလည်း "ကျွန်တော်ဟာ သရုပ်ဆောင်တစ်ဦးပါ"လို့
ကိုယ့်ကိုယ်ကို ယုံကြည်မှုပေးနိုင်ခဲ့တဲ့ Stephen Chowဟာ သူရိုက်ကူးခဲ့တဲ့ King of
Comedy ဇာတ်ကားထဲမှာပြောခဲ့တဲ့ "မိုးလင်းတာနဲ့ အရာအားလုံး လှပလာလိမ့်မယ်"ဆိုတဲ့
စကားအတိုင်း စိတ်ကူးအိပ်မက်ကို ကြံ့ကြံ့ခိုင် စွဲမြဲဆုပ်ကိုင်ပြီး
မှောင်မိုက်လူမသိတဲ့ဘဝကနေ လင်းလက်ကျော်ကြား လူသိများတဲ့မင်းသားတစ်ဦးအဖြစ်
လျှောက်လှမ်းခဲ့ပါတယ်။
အမှောင်လွန်ပြီး မိုးလင်းလာတာနဲ့ အရာအားလုံးက
ပိုလှပလာခဲ့ပါတယ်။
http://www.5719.cn/Html/xinling/tianliangyihou-huihenmei-11.htm
နိုင်းနိုင်းစနေ (Tuesday, March 08, 2011)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။