Khine lay Shwedaung
ဖြစ်ချင်တာတွေကို
ဖြစ်ခွင့်ရဖို့အတွက် ပေးဆပ်လိုက်ရတဲ့ အရင်းနှီးတွေ ဘယ်လောက်ထိ များတယ်ဆိုတာ
လူတိုင်းမသိနိုင်ပါဘူး ။ အောင်မြင်မှုတစ်ခု
ပိုင်ဆိုင်မှုတစ်ခုဆီတိုင်းရဲ့ နောက်ကွယ်မှာ ထိုက်တန်တဲ့
အရင်းပေါင်းများစွာ ရှိနေတတ်ပါတယ် ။ ဘာအတွက် ဘာကြောင့်လူတွေ ကိုယ်လုပ်ချင်တာတွေကို
လုပ်နေခွင့်ရနေသားနဲ့ ပျော်ရွင်ခြင်းဆိုတာကို မပိုင်ဆိုင်ရတာလည်းဆိုတာကို တွေးရင်း
လွမ်းနေမိပါတယ် ။
ဒီနေ့ အကိုကွန်ဆူးမားရေးတဲ့
တံခါးခေါက်သံဆိုတဲ့ ဘလော့လေးကို ဖတ်ပြီး ပါးပြင်ပေါ်မှာ မျက်ရည်တွေ ပြည့်နှက်ခဲ့ရတယ်
။ ဖေဖေ နဲ့ မေမေ ကို အရမ်းလွမ်းမိတယ် ။ ခုလို အဝေးတစ်နေရာမှာ
ကိုယ်စိတ်ချမ်းသာမှုတစ်ခုအတွက် ကျွန်မ ရောက်ရှိလာခဲ့ပါတယ် ။ ကျွန်မ
ဖြစ်ချင်တာလေးကို လုပ်ခွင့်ရတဲ့အတွက် ကျေနပ်စေခဲ့ပေမယ့် ပျော်ရွင်မှုဆိုတာကို
အပြည့်ဝ ကျွန်မ မပိုင်ဆိုင် ခဲ့ပါဘူး ။ ကျွန်မထင်ခဲ့မိတာက ကိုယ်လုပ်ချင်တာလေးကို
လုပ်ခွင့်ရမယ်ဆို သိပ်ကို ပျော်ရမယ်လို့ပေါ့ ။ တစ်ကယ်လက်တွေ့မှာ ကျွန်မ
ကျေနပ်မှုတစ်စုံတစ်ရာကိုသာ ပိုင်ဆိုင်စေခဲ့ပါတယ် ။ ဒါကြောင့် *လူအလိုကို နတ်တောင်
မလိုက်နိုင် * ဆိုတဲ့ စကားပုံလေး ပေါ်ပေါက်လာပုံရတယ် ။ ဟုတ်တယ် ကျွန်မလည်း
ဒီစကားပုံလေးလိုပါပဲ ။ ခုချိန်မှာ ကျွန်မ ဖေဖေ နဲ့ ကျွန်မ မေမေကို
အရမ်းလွမ်းနေပါတယ် ။ သူတို့ကော ကျွန်မလိုဘဲ လွမ်းနေမယ်လို့ အပြည့်ဝ
ယုံကြည်နေမိပါတယ် ။ မေမေ ပြောနေကြစကားလေး တစ်ခုကိုလည်း သတိရမိတယ် ။
*ညဉ်းတို့ကို သူများတွေက ချစ်တယ်ဆိုတာ ငါတို့ မိဘတွေ
စောက်မြင်ကတ်သလောက်ဘဲ ရှိပါတယ်အေ *
ဒီစကားလေးက
အလွန်မှန်တယ်ဆိုတာကို အပြင်လောကကြီးကို ခြေချမိချိန်မှာတော့
လက်တွေ့ပိုသိလိုက်ရပါတော့တယ် ။ ဒီနေ့ နေမကောင်းလို့ အိပ်ယာထဲခွေနေရင်းက
ပျင်းလာတာနဲ့ ကွန်ပြူတာလေးကို ဖွင့်မိချိန်မှာ အကိုကွန်ဆူးမား ဘလော့လေးကို
ဖတ်လိုက်မိခြင်းက တွေးစရာလေးတွေ ခေါင်းထဲကို တန်းစီရောက်လာခဲ့သလို အလွမ်းတွေကို
သက်သေတည်စေတဲ့ မျက်ရည်တွေနဲ့ လှိုက်လှိုက်လှဲလှဲ ငိုခဲ့ရပါတယ် ။ မေမေ ကို လွမ်းတယ်
။ ဖေဖေကို လွမ်းတယ် ။ ခုသမီးတစ်ယောက်ထဲ ။ အဖော်မဲ့အခန်းထဲမှာ သက်သာလားဆိုတဲ့
အားပေးစကားလေးတစ်လုံးကို အရူးမူး တမ်းတနေမိပါတယ် ဖေဖေ နဲ့ မေမေ ။ နောင်တဆိုတာ တသသ
လွမ်းနေရမယ့် အရာမဟုတ်သာကြောင့် အကောင်းဆုံးဆိုတာကို တွေးတော ဖြစ်သင့်ခြင်းတွေ နဲ့
ရှေ့ဆက်၇မယ်ဆိုတဲ့ ကျွန်မခင်ပွန်းသည်စကားေးလကို နှလုံးသွင်းကာ အနာဂတ်မှာ
သမီးကောင်းတစ်ယောက်ဖြစ်စေဖို့ ကြိုးစားနေပါတယ် ဖေဖေ နဲ့ မေမေ ။ အဝေးက သမီးအတွက်
ပူပန်မှုတွေ နဲ့ အိပ်မှပျော်ရဲ့လား ။ အဆိုးဆုံးသမီးလေးမို့ စိုးရိမ်မှုတွေနဲ့
ပူပန်နေမယ်ဆိုတာ သိနေပါတယ် ။ မိဘမေတ္တာဆိုတာကို နှိုင်းပြစရာ အကောင်းဆုံးစကားလုံးတွေ
ဘယ်လောက်ပေါ်လာပါစေ မိဘတွေရင်ထဲက မေတ္တာတရားကို မှီအောင်တော့ မဖော်ကြူးနိုင်ကြပါဘူး
။
ဘ၀ဆိုတာ
တိုတိုလေးပါ ။ တစ်ဘ၀မှာ တစ်ခါသာ တော်ရတဲ့ သားသမီးတွေကို မိဘတော်ခွင့်ရနေသမျှ
ကျွန်မကတော့ ထာဝရခွင့်လွတ်ရင်း မိဘဆိုတဲ့ အတိုင်း မားမားမတ်မတ်
ရပ်တည်ဆုံးမပေးနေရမှာဘဲ
ဆိုတဲ့
မေမေစကားလေးတွေကိုလည်း ကြားယောင်နေမိပါတယ် ။ ဘ၀တိုတိုလေးမှာ ဆိုးလို့
ပစ်ထားလိုက်ရမယ့်အချိန်တွေကို ကျွန်မမေမေက နှမြောတယ်ဆိုဘဲ ။ အချိန်လွန်ကာမှ ငါ
မဆုံးမလိုက်ရလေခြင်းဆိုတဲ့ အချိန်လွန်နောင်တတွေကို ဘယ်တော့မှ မရချင်တဲ့ မေမေ
သမီးကို စိတ်မှန်းတွေနဲ့ လှမ်းဆုံးမနေမယ်ဆိုတာကို ကျွန်မသိနေပါတယ် ။
နေမကောင်းချိန်မှာ မေမေရင်ခွင်ထဲမှာ ၀င်ခွေနေခဲ့ရတဲ့ အချိန်လေးတွေကို သတိရမိတယ် ။
ခုရက်ပိုင်းအတွေးတွေထဲမှာ ရှိနေတတ်တာ တမ်းတမှုတွေသာ များနေပါတယ် ။ တခါခါ
ကိုယ်ကိုကိုယ် ပြန်သုံးသပ်မိပါတယ် ။ အတိတ်ကို တမ်းတရင်း နောင်တ တောထဲ
တ၀ဲဝဲလည်နေတာလားလို့ ။ နောင်တဆိုတာကို ကျွန်မ မလိုချင်ဘူး ။ တခါခါ ဘ၀ဆိုတာ
မလိုချင်တာတွေကိုလည်းပိုင်ဆို င်ရတတ်တယ်လေ ။ ဟိုးငယ်ငယ်လေးထဲက
ကျန်းမာရေးချူချာတဲ့ ကျွန်မကို မေမေက အမြဲပြောတတ်တာလေး တစ်ခုရှိသေးတယ် ။
*ငါသမီးကို တစ်ဖက်ကတင် တစ်ဖက်က ပိုက်ဆံတွေတင်ပြီးချိန်မယ်ဆို
ပိုက်ဆံတွေက ပိုလေးမယ်ထင်တယ်တဲ့ *
မေမေ
ပြောရလောက်အောင်ကို ကျွန်မက ချူချာလွန်းသူတစ်ဦးပါ။ ဆေးရုံဆိုတာကို ခဏခဏ
အလည်ရောက်နေသူ တစ်ဦးဆိုလည်း မမှားပါဘူး ။ ဒီလို ချူချာတာတွေက ငယ်စဉ်ကာလမှာတင်
မဟုတ်ဘဲ ခုအရွယ်တိုင်အောင် အရိပ်တစ်ကြည့်ကြည့်နဲ့ ဂရုတစ်စိုက်ထားရသူတစ်ဦးပါ ။
နှလုံးခုန်နှုန်း အရမ်းမြန်တဲ့ ရောဂါက အချိန်မရွေးထထဖြစ်တတ်တာမို့ မိဘတွေက
မျက်ခြေအပျက်မခံရဲဘဲ ထားခဲ့ရသူပါ ။ ခုထိုင်နေတာအကောင်းကနေ ချက်ချင်းကို
ထဖြစ်ချင်ဖြစ်တတတ်တဲ့ ကျွန်မရောဂါကြောင့် မိဘမပါတဲ့ ဘယ်ခရီးကို မှမသွားခဲ့ဘူးသလို
မိဘတွေနဲ့ တစ်ပတ်ကြာအောင်တောင် ခွဲမနေခဲ့ဘူးပါဘူး ။ ခုတော့အမျိုးသားရှိတဲ့
မလေးရှားနိင်ငံကို အလည်ရောက်လာရင်းကနေ စိတ်မချလို့ဆိုတဲ့ အကြောင်းပြချက်တစ်ခုနဲ့
ဒီမှာ မပြန်ဖြစ်တော့ဘဲ ဆက်နေခဲ့တယ် ။ ပြန်လာဖို့ ချော့ခေါ်ပေမယ့် လုံးဝ မပြန်တော့တဲ့
အတွက် အရမ်းစိတ်ဆိုးပြီး မေမေပြောခဲ့တယ် ။ ဘယ်တော့မှ အိမ်ကိုဖုန်းမဆက်နဲ့ ဆိုတဲ့
စကားလေးကလည်း တစ်ပတ်တောင်မခံပါဘူး ။ အပြုံးမပျက်ခွင့်လွတ်ပေးတတ်တဲ့ မေမေရဲ့
မေတ္တာတွေက ဘယ်တော့မှ မခမ်းခြောက်နိုင်ခဲ့ပါဘူး ။ ဖေဖေ ရဲ့ချစ်ခြင်းတွေက
ကျွန်မဘ၀အခက်ခဲမှန်သမျှကို ဖြေရှင်းပေးစေခဲ့သလို မေမေချစ်ခြင်းတွေက ကျွန်မဘ၀ရဲ့
ရပ်တည်မှုတွေကို သိက္ခာရှိနေစေဖို့ ထာဝရ အရိပ်မိုးပေးထားပါတယ် ။ ခုချိန်မှာ ကျွန်မ
သိပ်ပြောချင်တဲ့ စကားလေးကတော့ ဖေဖေ နဲ့ မေမေကို ကျွန်မ အရမ်းကို သတိရနေမိပါတယ် ။
ဖေဖေ နဲ့ မေမေ ကို အရမ်းချစ်ပါတယ် ။ နားနှစ်ဖက်ကို လက်အစုံနဲ့ ပိတ်ကာ
ပဲ့တင်ထပ်အောင် အော်လိုက်မိပါတော့တယ် ။
ဖေဖေ နဲ့ မေမေကို အရမ်း ချစ်တယ် ။ အရမ်းသတိရတယ် ။
ခိုင်လေး
(ရွှေတောင်)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။