"လေးစားရသော တေးရေး၊ တေးဆို
ကိုမောင်မောင်ဇော်လတ် (The Ants) ရဲ့ 
ငယ်ဘဝဇာတ်ကြောင်း တစေ့တစောင်း"
{ဆောင်းပါးကို ရေးသားခဲ့သူကတော့
စာရေးဆရာ ဆရာနိုင်ဇော် ဖြစ်ပါသည်}...
==========================
စတုတ္တတန်းရောက်သောနှစ်တွင် မောင်မောင်ဇ်ာလတ် ဂစ်တာကို စပြီး စမ်းတီးကြည့်ခဲ့သည်။ အိမ်မှာ ဝမ်းကွဲအစ်ကိုဖြစ်သူ ကိုသန်းထွဋ် (ဆရာ စောင်းဦးမြင့်မောင်၏ သား) က လူပျိုပေါက် ဖြစ်နေပြီ။ ဂစ်တာကို တီးခတ်ကစားတတ်နေပြီဖြစ်၍ အစ်ကို လုပ်သလို သူလည်း လိုက် စမ်းတီးကြည့်ခြင်း ဖြစ်သည်။ ကိုသန်းထွဋ်က လက်အနေအထား အခြေခံ ကိုင်တွယ် တီးခတ်ပုံလေးတွေ သင်ပေးသည်။ ရပ်ကွက်ထဲက တီးတတ်နေသော အစ်ကိုကြီးတွေ၊ သူငယ်ချင်းတွေဆီကလည်း သင်ယူရသည်။
ထိုအချိန်မှာ ကိုလေးဖြူ၊ ကိုအငဲ တို့တစ်တွေက မန္တလေး တက္ကသိုလ်မှာ ရှိနေကြ၍ တစ်ပတ်တစ်ကြိမ်လောက်တော့ အိမ်ကို ရောက်လာတတ်သည်။ သူတို့ကလည်း တစ်ခါလာ ကော့ဒ်တစ်ခုလောက် နှစ်ခုလောက် သင်ပေးသွားကြသည်။
ဂစ်တာ တီးတတ်စတို့ ထုံးစံ ကော့ဒ်လေးတွေ ကိုင်ကြည့်။ သီချင်းစာအုပ်ကလေးတွေ ချထားပြီး တီးဖြစ်သည်။ ကိုနေဝင်း၊ ကိုမောင်မောင်၊ ကိုရဲလွင်တို့ သီချင်းတွေ။ ဆရာ စိုင်းခမ်းလိတ် သီချင်းတွေ။ ခိုင်ထူး၊ ပလေးဘွိုင်း သန်းနိုင် သီချင်းအစုံ တီးကြည့်တာ။ တီးသမျှ ကျေနပ်အားရသည်ဟူ၍ မရှိ။ ငြီးငွေ့ပျင်းရိသည် မရှိ။ တီးပြီးလည်း ထပ်ကာတလဲလဲ တီးချင်နေတာပဲ ရှိသည်။ ဂစ်တာနှင့် မောင်မောင်ဇော်လတ်တို့ တစ်သားတည်း ကျသွားခဲ့ပုံမှာ အလွန်ရိုးစင်းနေခဲ့သည်။ အံဝင်ခွင်ကျ ကွက်တိကလေးပဲ ဖြစ်နေသည်။
ဘကြီးက မောင်မောင်ဇော်လတ် ဂစ်တာတီးတာကို သိပ်ကြိုက်လှသည့်ပုံ မပေါ်။ ပွင့်လင်း လွတ်လပ်သော စိတ်ထားရှိသူပီပီ တားမြစ် ကန့်ကွက်ခြင်းတော့ မရှိ။ မနှစ်သက်တာက ဂီတ ပုံသဏ္ဍာန်နှင့် တူရိယာကြောင့် မဟုတ်။ လမ်းကြောင်း မှားယွင်းပြီး တလွဲတချော် ရောက်သွားမှာစိုး၍သာ ဖြစ်ဟန်တူသည်။
ဇော်လတ်ကလေးကလည်း အကင်းပါးသည်။ အသံကျယ်ကျယ် တီးလျှင် ဆူခံထိနိုင်မှန်းသိ၍ ခြေတံရှည်အောက်ဘက် နောက်ဖေးမှာ တိုးတိုးတိတ်တိတ်ကလေး ကြိတ်ပြီး သွားတီးတတ်လေသည်။
မောင်မောင်ဇော်လတ်သည် မန္တလေးမြို့  စိတ္တရမဟီအမည် ရပ်ရှိ အ.ထ.က ၁၂ တွင် ခြောက်တန်းအထိ နေခဲ့သည်။
ခုနှစ်တန်းတက်တော့ မိခင်ဖြစ်သူ ဒေါ်သန်းနွဲ့က တောင်ကြီး တက္ကသိုလ် ဓာတုဗေဒဌာနကို ပြောင်းရွှေ့သည်။ ဤသို့ဖြင့် မောင်မောင်ဇော်လတ်လည်း မန္တလေးမြို့ ရှိ ဂီတအိမ်ကလေးကို ခွဲခွာပြီး တောင်ကြီးသို့ ပါသွားလေတော့သည်။
မန္တလေးတွင် ည ခေါင်းချချိန်မှာ ဂီတသံနှင့် နေ့စဉ် အိပ်စက်ခဲ့ရပြီး နံနက်မိုးသောက်ချိန်မှာ ဂီတသံနှင့် နေ့တိုင်း နိုးထလာခဲ့ရသည်ဖြစ်၍ တောင်ကြီး ရောက်ရောက်ချင်းမှာ ရုတ်တရတ် အသားမကျ၊ ဘာလို၍ လိုနေမှန်း မသိ။ ဟာတာတာနှင့် ကွက်လပ်တစ်ခုသဖွယ် ဖြစ်နေခဲ့သည်။ ဆားမပါသလို ပေါ့ရွှတ်ရွှတ်နှင့် အရသာမရှိ ဖြစ်နေခဲ့သေးသည်။ ဂီတသံကို လွမ်းဆွတ် တမ်းတသော်လည်း လက်တွေ့လက်ရှိ မရနိုင်။ အချိန်အတော်လေးကြာမှ နေရာသစ် ပုံစံသစ်မှာ နေသားကျအောင် ညှိပြီး နေ၍ ရသွားခြင်း ဖြစ်ပါသည်။
ခုနှစ်တန်းကျောင်းသား မောင်မောင်ဇော်လတ်က တောင်ကြီး အ.ထ.က ၄ မှာ ကျောင်းတက်ရသည်။ ဤကျောင်းသည် ဂီတနှင့် ပတ်သက်လာလျှင် "စိုင်းထီးဆိုင်" လို အကျော်အမော်မျိုး ထွက်ဖူးသည့်အတွက် သမိုင်း အစဉ်အလာရှိသည် ဆိုရမည်။ "စိုင်းထီးဆိုင်" နေခဲ့ဖူးသော ကျောင်းဆိုတာ စဉ်းစားကြည့်လျှင် ရင်ခုန်စရာတော့ ကောင်းနေသည်။ တောင်ကြီးမှာ အဘွားနှင့် နီးနီးကပ်ကပ် ဇော်လတ် နေခွင့်ရသည်။ အဘွားကို အကြီးဟုသာ ခေါ်ဖြစ်သည်။ အိမ်မှာ အဘွားရယ်၊ အမေရယ်၊ ဇော်လတ်ရယ် အိမ်သား သုံးယောက်တည်း ရှိသည်။
မောင်မောင်ဇော်လတ်ကား အကြီး (အဘွား) ၏ အသည်းကျော်။ ပြီးတော့ သူ ဒုတိယတန်းကျောင်းသား ဘဝမှာ အဖေဆုံးထား၍ သူက ဖတဆိုး။ ထိုမျှမက အဖိုးလည်း သန်သန်မြန်မြန် ဘဝမှာ ဆုံးခဲ့၍ အဘွား ငယ်ငယ်နဲ့ပဲ မုဆိုးမ ဖြစ်ခဲ့သည်။ အဖေလည်း လုပ်နိုင်ကိုင်နိုင် အရွယ်မှာ ဆုံးခဲ့၍ အမေ ငယ်ငယ်နဲ့ပဲ မုဆိုးမ ဖြစ်ခဲ့ရပြန်သည်။ ငယ်ငယ်နှင့် မုဆိုးမဘဝ ကျရောက်ခဲ့ရတာ မျိုးဆက် နှစ်ဆက်ဖြစ်သွားခဲ့သည့်အတွက
မန္တလေးမှာတုန်းကမှ လူကြီးတွေ၏ ထိန်းချုပ်မှုရှိ၍ ကျောင်းစာကို ဖိလုပ်ခဲ့ရသည်။ ကျောင်းမှာ ထူးချွန်ဆုတွေ ဘာတွေအထိ အမြဲ ရရှိခဲ့ဖူးသည်။ တောင်ကြီးရောက်တော့ အဘွားနှင့် အမေက လွှတ်ပေးထားတာ များ၍ ကျောင်းစာအပြင်၊ အပြင်စာတွေ ဖတ်ဖြစ်လာခဲ့သည်။ ကျောင်းစာတစ်ခုတည်း အာရုံစိုက်နေခြင်း မဟုတ်သည့်အတွက် အဆင့်တွေကဖြင့် ထိပ်ပိုင်းမှာ မရှိတော့ပြီ။
မောင်မောင်ဇော်လတ်က ဦးလေးဖြစ်သူ ကိုလေးဖြူတို့ အိမ်မှာပဲ သံလိုက်စက်ကွင်း ဗဟိုချက်သဖွယ် သွားပြီး ဦးလှည့်နေခဲ့တာ များသည်။
သူ့အိမ်မှာက ကက်ဆက်မရှိ၊ ဂစ်တာမရှိ။ ကိုလေးဖြူတို့ အိမ်မှာဆိုလျှင်တော့ ဂစ်တာတီး၍ ရသည်။ ကက်ဆက်လည်း နားထောင်၍ ရသည်။
ကိုလေးဖြူတို့အိမ်မှာ
ထိုအချိန်က ဂစ်တာတစ်လုံးပဲ ရှိသည်။
တီးမည့် ညီအစ်ကိုက လေးယောက်။
မောင်မောင်ဇော်လတ်
ထပ်ပြီးပါလာသောအခါ ငါးယောက်။
တစ်ချို့ သူငယ်ချင်းတွေက
ရောက်ရောက် လာတတ်သေးသည်။
ရောက်လာသည့် သူငယ်ချင်းတွေထဲမှာ
ဂစ်တာ ယူလာတာ ရှိသလို၊
ဂစ်တာမပါ လက်ဗလာနဲ့လည်း
ဖြစ်တတ်သည်။
အဲဒီလူတွေအားလုံး
တစ်ယောက် တစ်လှည့်
ဝိုင်းတီးခြင်း ခံရသည့်အတွက် ဂစ်တာကလေးခမျာ
နားရသည်ဟူ၍ မရှိတော့ချေ။
တစ်ယောက်လက်ထဲက
အကျကို တစ်ယောက်ကစောင့်ပြီး
ဆက်တီးသည်။
ဂစ်တာ တီးရုံတင်လားဆိုတော့ မဟုတ်။
သီချင်းကလည်း
ဟစ်လိုက်ကြသေးသည်။
ကိုလေးဖြူတို့အစ်မကြီး မကြည်မြင့် က
နားမခံသာလောက်အောင်
နားပူနားညီးခဲ့ပြီဆိုရင်တော
ထ၍ အော်တတ်သည်။
"ဟဲ့ မတော်နိုင်ကြသေးဘူးလား"ဆြို
တားမြစ်တတ်သည်။
ကက်ဆက်နဲ့ ပတ်သက်လျှင်လည်း
ထိုနည်းနှင်နှင်ပဲ ဖြစ်သည်။
တစ်ခါကျတော့ Dire Straits တီးဝိုင်း၏
အခွေသစ် ထွက်သည်။
ကိုအငဲ က စိတ်ကြိုက်ဖွင့်၍
နားထောင်ပြီး ဆင်းသွားသည်။
ထိုအခါ ကိုလေးဖြူက
ထိုအခွေကိုပဲ ထပ်ဖွင့်သည်။
အဲသည့်နောက် မောင်မောင်ဇော်လတ်။
ဤသီချင်းတစ်ခွေတည်းကို
ထပ်ကာတလဲလဲဖွင့်ပြီး
နားထောင်ရုံသာမက
သဘောကျသည့် သီချင်းဆိုရင်
ထိုတစ်ပုဒ်ကိုပဲ ပြန်ပြန်ကျော့၍
ဖွင့်ခဲ့သည်။
အသံကျပြန်တော့ ခုနှစ်အိမ်၊
ရှစ်အိမ်ကြားလောက်အောင်
အကျယ်ကြီး။
ထုံးစံအတိုင်း
မကြည်မြင့် (ကိုလေးဖြူတို့ အစ်မကြီး)
သည်းမခံနိုင်တော့ပြီ။
ပြေးဝင်လာပြီး ကက်ဆက်ကို
ဂျောက်ခနဲ ပိတ်သည်။
ကက်ဆက်ခွေကို ထုတ်ပြီး အထဲက
တိပ်သားတွေ အကုန်လုံး
ကုန်အောင် ဆွဲထုတ်ပစ်လိုက်ရတော့မှ
သူ့စိတ်က ကျေနပ်သွားတော့သည်။
ကိုလေးဖြုတို့အိမ်ကလည်း
ထိုကဲ့သို့သော
ဂီတအိမ်တစ်အိမ် ဖြစ်ခဲ့လေသည်။
မောင်မောင်ဇော်လတ်တို့ နေသော ရေအေးကွင်းရပ် အိမ်နှင့် အ.ထ.က ၄ က အလှမ်းဝေးသည်။ တောင်ကြီးမြို့ ၏ တောင်စွန်းနှင့် မြောက်စွန်းလိုမျိုး ဖြစ်နေသည်။
ကျောင်းသွားရာလမ်းမှာ ကိုလေးဖြူတို့ အိမ်ကို မောင်မောင်ဇော်လတ် တစ်ချက်တော့ ဝင်ဖြစ်အောင် ဝင်သည်။ ဆေးလိပ်ကလေး တစ်ဖွာနှစ်ဖွာ ဝင်ဖွာ၊ ကိုလေးဖြူတို့ ညီအစ်ကိုတွေလက်ထဲက ဂစ်တာအားပြီး လွတ်လပ်နေလျှင် ခဏကောက်တီး၊ ပြီးတော့မှ စာသင်ကျောင်းရှိရာသို့ ခရီးဆက်သည်။
အပြန်ကျတော့လည်း ထိုနည်းတူစွာပဲ ဖြစ်သည်။ ကျောင်းမှ အိမ်သို့ တန်းမရောက်။ ကိုလေးဖြူတို့ အိမ်တွင် တစ်ထောက် ဝင်နား။ ဂစ်တာ ခဏ ဆော့ကစားလိုက်သေးသည်။
ရှစ်တန်းရောက်သောအခါ လိဒ်ဂစ်တာ စမ်းတီးကြည့်သည်။ ကိုအငဲတို့ဆီက by heart ကြည့်တီးခဲ့ခြင်း ဖြစ်သည်။
ရှစ်တန်းနှစ်ဝက်လောက်မှာ စပြီး သီချင်းလေးတွေ စမ်းရေးဖြစ်သည်။ ထိုအချိန်က ကိုငှက် (ထူးအိမ်သင်) ၏ နာရီပေါ်က မျက်ရည်စက်များ အခွေထွက်ထားသည့် အချိန်။ သီချင်းတွေက လတ်လတ်ဆတ်ဆတ် ရှိလှသည်။ သီဆိုပုံကလည်း ထူးခြားသည်။ ထိုသီချင်းတွေကို ဘယ်လို ကြိုက်မှန်း မသိ။ သိပ်ကို နှစ်သက်မိသည်။ ကိုငှက်၏ သီချင်းတွေကြောင့်လည်း သီချင်းစရေး ကြည့်ဖို့ အာရုံနိုးကြားလာခဲ့တာ ဖြစ်နိုင်သည်။
ကျောင်းစာဘက်မှာတော့ အာရုံစူးစိုက်မှု နည်းပါးသည့်အတွက် စာမေးပွဲတွေဆိုလျှင် နီးမှ ကပ်ပြီး အသည်းအသန် လုပ်ရသည်။
ရှစ်တန်းစာမေးပွဲဆိုလျှင် မနက်ဖြန် ဖြေမည့် ဘာသာရပ်ကို ဒီကနေ့ ညကျမှ ကပ်ပြီး တွန်းသင် တွန်းကျက် လုပ်ခဲ့ရသည်။ ကိုလေးဖြူ အစ်မ မကြည်မြင့်က သချာင်္ အဓိက သင်ပေးသည်။ အဲသလိုနှင့် နောက်တစ်နေ့ စာမေးပွဲခန်းထဲဝင်။ ခေါင်းထဲရှိသမျှ ချဖြေခဲ့ပြီး၊ ပွတ်ကာသီကာ သည်းထိတ် ရင်ဖိုစရာ စာမေးပွဲကတော့ အောင်သွားခဲ့သည်သာ။
ရှစ်တန်းအောင်သောအခါ ဝမ်းမြောက် ဝမ်းသာစရာ။ အဘွားနှင့် အမေက သူဂီတနှင့် ပတ်သက်၍ မြတ်နိုး တပ်မက်တာ သိသည်။ သို့ဖြစ်၍ ဟော်လို ဂစ်တာတစ်လက်နှင့် ကက်ဆက်တစ်လုံး ဝယ်ပေးလိုက်သည်။
အခုတော့ဖြင့် ဘဝကြီးက သိပ်ကို ကျေနပ်စရာ။ ဓာတ်ကြီးလေးပါး မျှတပြီး အစစ အရာရာ သွေးသွား သွေးလာ မှန်ခဲ့ပြီ။ ကြည့်လေ။ လက်ထဲမှာ တီးစရာ ကိုယ်ပိုင် ဂစ်တာ။ အနီးနားမှာ နားထောင်စရာ ကိုယ်ပိုင်
ကက်ဆက်။ ဘာများ လိုနေသေးသလဲ။
အားလုံး ပြည့်စုံပြီ ဖြစ်သည်။
ကိုယ်ပိုင် ဂစ်တာ၊ ကိုယ်ပိုင် ကက်ဆက်ရှိလာတော့ အခွေတွေ လိုက်ရှာဝယ်၊ နားထောင်၊ သီချင်းစာအုပ်ကလေးတွေနဲ့ မှန်မှန် တီးဖြစ်ခဲ့သည်။ ကိုလေးဖြူတို့ အိမ်ဘက်ကိုလည်း အဝင်အရောက် မပျက်။ အနောက်တိုင်း သီချင်းခွေတွေကျတော့ ကိုလေးဖြူ၊ ကိုဌေး၊ ကိုအငဲတို့ ညီအစ်ကိုတွေဆီက စုံစုံလင်လင် ရတတ်သည်။ သူတို့အိမ်ကို သွားလျှင် ဂီတနှင့် ပတ်သက်၍ အကျိုး ကျေးဇူးတစ်ခုခုတော့ အမြဲရလေသည်။ သီချင်းရေးတာကလည်း အရှိန်ကလေး ရနေပြီ။
ကျောင်းပွဲလုပ်သောအခါ ဂစ်တာ တအားတီးချင်သည်။ သို့သော် မောင်မောင်ဇော်လတ် ဂစ်တာတီးတတ်တာကို အတန်းထဲက မသိကြ။ သို့ဖြစ်၍ ဘေးက ဝင်ကြည့်ရုံပဲ ကြည့်ကာ ပရိသတ် လုပ်လိုက်ရသည်။ ကိုယ်တိုင် စင်ပေါ်တက်ပြီး ဖျော်ဖြေခွင့်ဖြင့် မကြုံကြိုက်လိုက်ရချေ။ ရပ်ကွက် ပွဲတွေကတော့ ရှိရှိသမျှကိုပဲ လိုက်ကြည့်ဖြစ်သည်။ တောင်ကြီးမြို့ မှာ မိုးစဲသည့် ပွင့်လင်းရာသီ ဆိုလျှင် ရှိုးပွဲတွေကလည်း များပြားလှသည်။ တစ်ရပ်ကွက်နှင့် တစ်ရပ်ကွက် အပြိုင်အဆိုင်ပဲ နွှဲကြသည်။
ဆယ်တန်းမှာ ရုတ်တရတ် ကျောင်းပိတ်ချိန်နှင့် ကြုံရ၍ တခြားလုပ်စရာက မရှိ။ နေ့ခင်းဆို စာအုပ်ဖတ်။ ညကျတော့လည်း အပြင်ထွက် မလည်နိုင်။ ထိုအခါ ဂစ်တာတီး၊ သီချင်းရေးဖို့ပဲ ရှိတော့သည်။ သီချင်းလေးတွေ ဆက်တိုက်ရေးဖြစ်ထား၍ လက်ထဲမှာ ၁၀ ပုဒ်၊ ၁၅ ပုဒ် ရှိလာခဲ့ပြီ။
နောက်ပိုင်းကာလတစ်ခုတွင် တောင်ကြီး
တစ်မြို့ လုံး ဂီတနှင့် ရူးသွပ်သွားခဲ့သည်ဟုပင် ဆိုနိုင်လောက်သည်။
တစ်မြို့ လုံးနီးပါး band တွေ ဖွဲ့ကြသည်။ ပိုက်ဆံ တတ်နိုင်သူ မှန်လျှင် band ပစ္စည်း မဝယ်ယူထားပါက ခေတ်မီအမြင် မရှိသလို ဖြစ်နေသည်။ တစ်မြို့ လုံးမှာ band စုစုပေါင်း ၁၃၀ နီးပါးလောက်အထိ ရှိလိမ့်မည်။
Band Player တွေက ဘယ်လိုမျှ မလောက်ငနိုင်။ ဤသို့ဖြင့် ဒီ Player ပဲ ဟိုတီးဝိုင်း ထဲလည်းပါ။ ဒီအဖွဲ့ထဲလည်း သူပဲ ဆိုတာမျိုးတွေ ဖြစ်ခဲ့သည်။
Mercury ဆိုသည့် Band အဖွဲ့ဖွဲ့ဖို့ ကြိုးစားရင်း အယ်ဖြူနှင့် သွားတွေ့သည်။ သူငယ်ချင်းက သူတို့နှစ်ယောက်ကို မိတ်ဆက်ပေးလိုက်သည်။ ဤ မိတ်ဆက်မှုမှာ နောင်တစ်ချိန်တွင် သူတို့နှစ်ယောက် အတူ ပူးပေါင်းပြီး ဂီတနှင့် တေးသီချင်းတွေ ဖန်တီးဖို့အတွက် လမ်းစအသစ် ဖွင့်ပေးလိုက်တာ ဖြစ်မှန်း ထိုအချိန်က မသိခဲ့ရချေ။ Mercury အဖွဲ့မှာက လိဒ်ဂစ်တာသမား နှစ်ယောက် ဖြစ်သွားသည်။ ဤသို့ဖြင့် တစ်ယောက်က ဖတ်စ်၊ တစ်ယောက်က ဆက္ကင်း တီးဖြစ်ခဲ့ကြသည်။
မောင်မောင်ဇော်လတ်နှင့် အယ်ဖြူတို့၏ ခင်မင်မှုမှာ တဖြည်းဖြည်းချင်း လွန်စွာ နက်ရှိုင်းလာခဲ့သည်။ သူ့အိမ် ကိုယ်သွားနေ၊ ကိုယ့်အိမ် သူလာနေနှင့် သူငယ်ချင်းနှစ်ယောက် လှည့်ပတ် စီးဆင်းနေခဲ့သည်။ ညကျ သူရေးထားသည့် သီချင်းတွေ သူဆိုပြ။ ကိုယ်ရေးထားသည့် သီချင်းတွေ ကိုယ်ပြန်ဆိုပြ။ အပြန်အလှန် ကူးလူးကြသည်။
တောင်ကြီးမြို့  ညောင်ရွှေရေကန်မှာ အပတ်စဉ် တစ်ပတ် နှစ်ရက်။ စနေနှင့် တနင်္ဂနွေတိုင်း စတိတ်ရှိုးတွေ လုပ်သည်။ တီးဝိုင်း၏ ဆိုသူ တီးသူတွေက ကိုယ့်ပိုက်ဆံ ကိုယ်စု ပစ္စည်းတွေ ငှားပြီး စင်ပေါ်တက်ကာ ဖျော်ဖြေသည်။ ကန်ထရိုက်က လာကြည့်သူတွေကို ဝင်ကြေး ကောက်လေသည်။
ခရစ္စမတ်ကျတော့လည်း ပွဲအတွက် လာငှားသည်များ ရှိ၍ လိုက်သွားကြသည်။ The Trees အဖွဲ့က စောသာဂေးတို့ ခေါ်၍ သူတို့နှင့်လည်း လိုက်ဖူးသည်။ ဂီတနှင့် ပတ်သက်၍ အဖော်တစ်ယောက်ရှိလာခဲ့သလို ပတ်ဝန်းကျင်ကလည်း တောင်းဆိုနေသည့်အတွက် စူးစူးနစ်နစ် ဖြစ်လာသည့် ကာလဟု ဆိုရမည်။
မောင်မောင်ဇော်လတ်နှင့် အယ်ဖြူတို့က ခြောက်လ၊ ခုနှစ်လလောက် သီချင်းတွေ တူတူ တီးဖြစ်သည်။ တစ်ယောက်ရေးထားသည့် သီချင်း တစ်ယောက်ကို ဆိုပြခဲ့ကြသည်။ အဲသည့် နောက်ပိုင်းကျတော့ သီချင်းတွေ တူတူ တွဲရေးစပြုလာခဲ့ကြသည်။
ထိုအချိန်မှစ၍ အခြားသူငယ်ချင်းတွေက အနားနီးမှာသာ ရှိတာ။ ဝေးသွားကြပြီ။ သူတို့နှစ်ယောက်ပဲ ပို၍ နီးသထက် နီးကပ်လာခဲ့ကြလေသည်။
သူတို့နှစ်ယောက် တပူးတတွဲတွဲနှင့် ဂီတအပေါ် ရူးသွပ်နေခဲ့ကြစဉ် သွားထိုင်ဖြစ်ခဲ့သည့် လက်ဖက်ရည်ဆိုင်ကလေး အကြောင်းကိုလည်း ထည့်မပြော၍ မဖြစ်။
တောင်ကုန်းထိပ်မှာ ရှုခင်း အလွန်လှသော လက်ဖက်ရည်ဆိုင်။
တောင်စောင်းတစ်လျှောက် နေကြာပန်းခင်းက တမျှော်တခေါ်ကြီး။ အဲသည့်ထက် တစ်ဆင့်နိမ့်သည့် ဟိုဘက်တွင် ပြာမှိုင်းသော တောင်စွယ်တွေ အထပ်ထပ် တန်းနေသည့် နေဝင်မြင်ကွင်းကျယ်။ ရှုမောဖွယ် ကောင်းလွန်းသည်။
ပြီးတော့ ဤ လက်ဖက်ရည်ဆိုင်မှာ အမြဲဖွင့်ထားသော သီချင်းတွေက သူတို့ကြိုက်သော သီချင်းတွေပဲ ဖြစ်နေသည်။ ဒီလိုဆိုတော့ ထိုလက်ဖက်ရည်ဆိုင်မှာ သူတို့ စွဲစွဲမြဲမြဲ စခန်းချဖြစ်ခဲ့တာ မထူးဆန်းပြီ။
လက်ဖက်ရည်ဆိုင်ကလေးမှာ ခင်မင်စရာကောင်းသော မိတ်ဆွေ အပေါင်းအသင်းတွေနှင့်လည်း ဆုံခဲ့ရသည်။
အယ်ဖြူက ကိုမိုးမင်းသိန်းတို့ အုပ်စုထဲမှ ဝါသနာတူ တစ်ယောက်နှင့် တွဲချိတ် ဆက်မိရာမှ အားလုံး ရင်းနှီးသွားကြသည်။ Couple စာအုပ်တိုက်က ကိုမိုးမင်းသိန်း ဖြစ်လေသည်။ သူတို့က စာသမား၊ ကဗျာသမားတွေ ဖြစ်ကြသည်။ ကဗျာသမား၊ စာသမားတွေနှင့် စကားပြောရတာ အဆင်ပြေသည်။ သူတို့ထဲက ဟိုပုံးမှ ကဗျာဆရာ ကိုပွတစ်ယောက်ပဲ ကဗျာပုံနှိပ် ဖော်ပြခံရဖူးသေးသည်။ သို့သော် အားလုံးမှ ပါဝါကိုယ်စီ ရှိ၍ အပြန်အလှန် ကူးယူနိုင်သည်။
ကိုပွက တောအရက်တွေ မူးမူးနှင့် ကဗျာတွေ ရွတ်ပြတတ်သည်။ မောင်မောင်ဇော်လတ်နှင့် အယ်ဖြူတို့က တေးသီချင်း ဂီတနှင့် ပတ်သက်တာတွေ ပြောပြသည်။ ဟိုတစ်ဘက်က ပြောသော ကဗျာ၊ စာတွေအကြောင်း နားထောင်သည်။
တစ်ခါတလေ ဟိုတစ်ဖက်က အုပ်စုဝင် အချင်းချင်း စကားတွေ များကြသည်။ တစ်ခါတလေ ကျတော့လည်း မောင်မောင်ဇော်လတ်တို့နှင့်
ထိုကာလမှ အယ်ဖြူနှင့် မောင်မောင်ဇော်လတ် နှစ်ယောက်တွဲပြီး သီချင်းရေးဖြစ်ခဲ့တာ အများဆုံး ဖြစ်လိမ့်မည်။ တစ်နေ့ တစ်နေ့ သီချင်းရေး၊ လက်ဖက်ရည်ဆိုင် ထိုင်၊ ပျင်းရင် ပြန်လာ၊ သီချင်းရေး၊ ပြီးလျှင် လက်ဖက်ရည်ဆိုင် ထိုင်ဆိုသည့် သံသရာထဲမှာ လည်နေခဲ့လေသည်။
---------။----------
(စာရေးဆရာ ဆရာနိုင်ဇော်ရေးသားခဲ့သော
ဆောင်းပါးအပြည့်အစုံကို ဖော်ပြခြင်း
မပြုနိုင်တဲ့အတွက် ဆောရီးပါဗျို့ ။
ကျွန်တော်တို့တွေလည်း
ကြိုးစားရှာဖွေရသလောက်
တစ်ပေါင်းတစ်စည်းတည်း
ပြန်လည်မျှဝေပေးခြင်းသာ ဖြစ်ပါသည်။
"ဆရာကိုဇော်လတ်"ကို
လေးစားတဲ့ စိတ်တစ်ခုတည်းနဲ့ပါ။
အားလုံးကို ကျေးဇူးတင်ပါသည်)
\m/ Welcome to Rock 'n' Roll \m/
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။