shared by knight on 28/06/17 - facebook.com - Personals
မနေ့ညနေက မောင်နှမတွေနဲ့အတူ ရွာငံရေပြာအိုင်ဆီ ကျွန်မရောက်သွားခဲ့တယ်။ ကျွန်မတို့ရွာကနေ အဲဒီဖက်ကို ၃နာရီလောက် ကားမောင်းရတယ်။ သိပ်မဝေးသလို သိပ်လည်းမနီးဘူးပေါ့။ လမ်းက ကွေ့ကွေ့ကောက်ကောက်များပေမယ့် ကောင်းတယ်။ ရေပြာအိုင်ရောက်ခါနီးလေးမှာပဲ မြေလမ်းဖြစ်သွားတယ်။
ရေပြာအိုင်ကို ကျွန်မတို့ရောက်တော့ အဝေးဧည့်သည်တချို့ရဲ့ကားကို အိုင်နားမဆင်းခင် လမ်းထိပ်မှာ ရပ်ထားတာကိုတွေ့ခဲ့တယ်။ အိုင်ဆီရောက်ဖို့ လှေကားထစ်ကနေ ကျွန်မတို့ဆင်းကြတော့ ဟိုးဝေးဝေးဆီက ကလင်ကလင်မြည်နေတဲ့ ခေါင်းလောင်းသံတစ်ခုကို ကျွန်မကြားလိုက်တယ်။ ဘာများလဲဆိုပြီး ရှေ့ကိုကျွန်မ အမြန်လှမ်းကြည့်မိတယ်။ ခေါင်းလောင်းသံရဲ့နောက်ကနေ ဓမ္မစင်္ကြာရွတ်ဖတ်သံလိုလို အသံတစ်သံကိုကြားလိုက်ရတယ်။ ရေပြာအိုင်နားဆင်းတဲ့လှေကားအဆုံးမှာ လူအယောက် ၃ဝလောက်ပါမယ့်အဖွဲ့တစ်ဖွဲ့က အဲဒီနေရာမှာထိုင်ပြီး ရွတ်ဖတ်ဆုတောင်းမေတ္တာပို့နေတာပါ။ အဲဒီအဖွဲ့ရဲ့အလယ်မှာ တစ်ကိုယ်လုံးယောဂီရောင်အဝတ်အစားတွေနဲ့ အမျိုးသမီးတစ်ဦးထိုင်နေပြီး ဘာရွတ်ဆိုပြီးရင်ဘာဆက်ရွတ်ဆိုတာမျိုးကို မိုက်တစ်လုံးနဲ့ ပြောနေပါတယ်။ ကျွန်မနည်းနည်းအံ့သြသွားတယ်။ သဘာဝအတိုင်းဖြစ်နေတဲ့ ဒီရေအိုင်မှာ ဘာများရှိသလဲလို့လည်း သိချင်သွားမိတယ်။
အဲဒီအဖွဲ့က အရင်ဆုံး မြတ်စွာဘုရားကို ရှိခိုးပူဇော်ကန့်တောတယ်။ ပြီးတော့ ဘိုးမင်းခေါင် ၊ ဘိုးဘိုးအောင်အပါအဝင် နတ်အပေါင်းကိုပူဇော်ကန်တော့တယ်။ အဲဒီလို ပူဇော်ကန်တော့ချိန်မှာပဲ ကြွပ်ကြွပ်အိတ်တစ်လုံးထဲထည့်ထားတဲ့ ထမင်းတွေကို ဆုပ်ဆုပ်ပြီး ရေအိုင်ထဲ သူတို့ပစ်ပစ်ထည့်ပါတယ်။ ငါးစာကျွေးတယ်လို့တော့ ကျွန်မထင်တယ်။ အဲဒီနောက် တောပိုင် တောင်ပိုင်တွေကို ပူဇော်ပသတယ်။ ပြီးရင် ဆုတောင်းမေတ္တာပို့တယ်။ ဆုတောင်းတဲ့အသံထဲမှာ မိုးတွေရွာပါစေ၊ သစ်ပင်တွေစိမ်းစိုပါစေ ဆိုတာလည်းပါတယ်။ အဲဒီနောက် အမျှဝေပြန်တယ်။ ယောဂီရောင်အဝတ်အစားကို တစ်ကိုယ်လုံးဝတ်ထားတဲ့ သူတို့အခေါ် ဆရာလေးဆိုသူက နောက်ဆုံးမှာ ဘာလဲမသိဘူးပြောဆိုရွတ်ပြပြီးနောက် အောင်ပြီလားဟေ့၊ နိုင်ပြီလားဟေ့နဲ့ အော်ပါတယ်။ အားလုံးကလည်း လက်သီးလက်မောင်းတန်းပြီး အောင်ပြီ၊ နိုင်ပြီလို့ သုံးကြိမ်အော်ကြတယ်။
သူတို့အဲဒီလို ရွတ်ဖတ်ပူဇော်နေကြတာ နာရီဝက်လောက်ကြာတယ်။ ကျွန်မတို့အားလုံး တခြားအဝေးဧည့်သည်အပါအဝင် အဲဒီရေပြာအိုင်ကို အနီးကပ်ကြည့်ဖို့ ရပ်စောင့်နေကြတယ်။ သူတို့လှည့်ပြန်ခါနီး အဖွဲ့ဝင်တစ်ယောက်ကို ဘယ်ကလာသလဲလို့ ကျွန်မစပ်စုကြည့်တော့ ရန်ကုန်ကပါတဲ့။ ဒါဘာအဖွဲ့လဲဆိုတော့ သူကအံ့သြတဲ့အကြည့်နဲ့ ကျွန်မကိုကြည့်ပြီး ဆရာလေးဆိုသူရဲ့နာမည်ကို ပြောပြပါတယ်။ ဒါတောင် မသိဘူးလားဆိုတဲ့ အကြည့်နဲ့ပေါ့။ ကြည့်ရတာ အဲဒီဆရာလေးက တော်တော်သြဇာရှိပုံရတယ်။ ဘာကြောင့် ဒီလိုပူဇော်ကန်တော့ရသလဲလို့ ကျွန်မဆက်မေးတော့ ဒီရေပြာအိုင်ရဲ့အောက်မှာ နဂါးသိုက်ရှိတယ်၊ နဂါးသိုက်မှာ မြသပိတ်ရှိတယ်၊ အဲဒီမြသပိတ်က နောင်ပွင့်မယ့်ဘုရားရဲ့သပိတ်ဖြစ်တယ်၊ အဲဒီသပိတ်ကြောင့် ဒီရေပြာနေတာဖြစ်တယ်လို့ ပြောပါတယ်။ ကျွန်မက နဂါးသိုက်ရှိတာကို ဘယ်လိုလုပ်သိသလဲလို့ ဆက်မေးမလို့ပါပဲ။ ကျွန်မအစ်မနဲ့ညီမက ဝင်တားလို့ ဆက်မမေးဖြစ်ခဲ့ဘူး။
ဒီလို အရောင်ပါတဲ့ ရေအိုင် မြစ်ချောင်းတွေကို တရုတ်စီချွမ်ပြည်နယ်တောင်ပိုင်းမှာ အများအပြားတွေ့ရပါတယ်။ အဲဒီရေတွေအရောင်ဖြစ်ရတာဟာ ရေထဲမှာ ကယ်လစီယမ်ကာဗွန်နိတ်ဓာတ်ပါပြီး အဲဒီဓာတ်တွေဟာ ရေထဲမှာ မပျော်ဝင်နိုင်ဘဲ ရေစီးအတိုင်းမျောပါနေလို့ဖြစ်တယ်။
ဘာသာတရား ယုံကြည်ကိုးကွယ်မှုလွန်ကဲသူပေါများတဲ့ ဒီနိုင်ငံမှာ နောက်ဆိုရင် ဒီရေပြာအိုင်အနီးမှာ ငါးစာရောင်း၊ နဂါးစာရောင်းတဲ့သူ၊ ငါးလွှတ်၊ လိပ်လွှတ်သူ၊ အုန်းပွဲငှက်ပျောပွဲတွေနဲ့ ဖယောင်းတိုင် အမွှေးတိုင်မီးခိုးတလူလူနဲ့ ဖြစ်နေဦးမလား။
သဘာဝတရားကို ဘာသာတရားအသွင်ပြောင်းပြီး မိုးရွာပါစေ၊ သစ်ပင်တွေစိမ်းစိုပါစေလို့ ဆုတောင်းနေမယ့်အစား ရေအိုင်ဝန်းကျင်မှာပြန့်ကျဲနေတဲ့ အမှိုက်တွေ၊ ပလပ်စတစ်အိတ်တွေကို ကောက်ပေးရင်ဖြစ် သိပ်ကောင်းမှာပဲ၊ ကိုယ့်လက်ထဲကအမှိုက်ကို လျှောက်မပစ်ရင်ဖြစ် သိပ်ကောင်းမှပဲလို့ ကျွန်မတွေးမိပါတယ်။ လူတွေ တစ်ခုခုကိုအစွန်းရောက်လာတဲ့အခါ ဒီရေပြာအိုင်လေး ရေမပြာတော့မှာ ကျွန်မစိုးမိပါတယ်။
Credit: နိုင်းနိုင်းစနေ ( March. 30. 2016)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။