TUBORG ဘီယာတွင် "တူးပို့"စာသား အသုံးပြုခြင်းကြောင့် မြို့မငြိမ်း မိသားစုဝင်များမှ တရားစွဲမည်
"မြို့မငြိမ်းမိသားစုသာ မဟုတ်ဘူး။ လက်တစ်လုံးကြားနည်းတွေနဲ့
အနုပညာသမားအားလုံးကို စော်ကားကြတာ”
------ ------ ------ ------ ------

Carlsberg Myanmar မှ မြန်မာပြည်တွင်းဖြန့်ချိနေသည့်
TUBORG (တူးပို့) ဘီယာမှ "တူးပို့"စာသားသည် မြို့မငြိမ်း၏ မူပိုင်ဖြစ်၍
ခွင့်ပြုခြင်းမရှိဘဲ စီးပွားဖြစ်သုံးစွဲခြင်းကို နိုင်ငံတကာထိ တရားစွဲဆိုရန် စီစဉ်မည်ဖြစ်ကြောင်း ဇန်န၀ါရီ ၁၅-ရက်၊နံနက်ပိုင်းက
မြို့မရုံးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မြို့မငြိမ်း၏သား
ဖြစ်သူ ဆရာ ဦးရွှန်းမြိုင်က ပြောသည်။
အဆိုပါကုမ္ပဏီဘက်က ဆရာ ဦးရွှန်းမြိုင်နှင့် လေးကြိမ်ခန့်ထိ တွေ့ဆုံခဲ့ပြီး ခွင့်မပြုခဲ့သော်လည်း ၄င်းစာသားဖြင့် ဖြန့်ချိနေ၍ သတင်းစာမှ သတိပေးကြေငြာပြီးမှ ဆက်လက်လုပ်ဆောင်မည်ဖြစ်ပြီး မြို့မငြိမ်းသီချင်းများ အားလုံးကို လွန်ခဲ့သည့် ၁၂ နှစ်ခန့်က မူပိုင်ပြုလုပ်ထားကြောင်းသိရသည်။
"မြို့မငြိမ်းမိသားစုသာ မဟုတ်ဘူး။ လက်တစ်လုံးကြားနည်းတွေနဲ့
အနုပညာသမားအားလုံးကို စော်ကားကြတာ။ အရက်မဟုတ်တောင် တခြားစီးပွားရေးအတွက် ကမ်းလှမ်းကြပေမယ့် ခွင့်မပြုခဲ့ဘူး။ Carlsberg Myanmar နဲ့ တွေ့ဆုံတာ လေးကြိမ်မြောက်ထိ ညှိနှိုင်းဆဲပဲ ရှိသေးတယ်။ ခုလိုလုပ်တာ မရိုးမသားဘူး။ ဒါကြောင့် ကမ္ဘာသိအောင် လုပ်မယ်။"ဟု ၄င်းက ပြောသည်။
အဆိုပါ"တူးပို့"သီးချင်းကို နှစ်ပေါင်း ၅၀ ခန့်က ဆရာမြို့မငြိမ်းရေးသားခဲ့၍ ကျန်ရစ်သူမိသားစုကလည်း စီးပွားရေးအတွက် "ရွှေမန်းမာလာ" တေးသီချင်းကိုပင် မည်သူကိုမျှအသုံး ပြုခွင့်မပေးခဲ့ကြောင်း၊ Carlsberg ကုမ္ပဏီ ကြီးမှ "တူးပို့" အကြောင်း သိရှိမည်မဟုတ်ဘဲ ဌာနေကိုယ်စားလှယ်များက သိရှိ၍သာ လာရောက် တွေ့ဆုံခဲ့ကြောင်းသိရသည်။
နိုင်ငံတကာသိအောင် တရားစွဲဆိုရန် မိတ်ဆွေများဖြစ်သည့် စကာင်္ပူ Law Firm မှ Mr.Reldil Chan နှင့် မန္တလေးမှ ရှေ့နေဦးကျော်အေးတို့က ဥပဒေရေးရာများကို ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊
တရားရေးအရ ရှုံးသည်/နိုင်သည်မှာ အဓိကမဟုတ်ဘဲ ကုမ္ပဏီကြီးတခုက
စီးပွားရေးအတွက် အသုံးချစော်ကားခြင်းကို
ပထမဆုံး တိုက်ပွဲဝင်ခြင်းဖြစ်ကြောင်း မြေးဖြစ်သူ ပါရမီရွှန်းက ပြောသည်။
မြို့မငြိမ်းသားကြီးနှင့် တွေ့ဆုံခဲ့ပြီှး ခွင့်ပြုချက်မရဘဲ "မြူးစို့-တူးပို"့ဖြင့် ဈေးကွက်သို့ ထုတ်လုပ် ဖြန့်ချိကြောင်း၊ တူးပို့သည် မြန်မာအဘိဓါန်တွင် မပါရှိ၍ အများသက်ဆိုင်သည့် စကားလုံးမဟုတ်ဘဲ (တူး)နှင့် (ပို့)ကိုတွဲကာ စပ်ဆိုခဲ့ခြင်းကြောင့် မြို့မငြိမ်း၏ ကိုယ်ပိုင်စကားလုံးဖြစ်ကြောင်း စာရေးဆရာ ဆူးငှက်က ထပ်ဆင့်ရှင်း လင်းခဲ့သည်။
မြန်မာနိုင်ငံ ဂီတအစည်းအရုံးမှ ဒေါက်တာလှခိုင်က ပြောကြားရာတွင်"မြို့မငြိမ်းရဲ့ တူးပို့ကို စီးပွားရေးအတွက် အသုံးချတာပဲ။ သင်္ကြန်မှာ တူးပို့နဲ့ သူတို့ဘီယာသောက်ဖို့
လုပ်တာ။ ကျွန်တော်တို့က မြို့မငြိမ်းဘက်ကနေ ရပ်တည်ပေးမယ်။ B နဲ့
ရေးတာဖြစ်လို့ (ဘို့) ရပါလျက် (ပို့) လုပ်ထားတယ်။ ဒါက မရိုးသားဘူး။"ဟု
ဆိုသည်။
"အစက မြန်မာစာသား"တူးပို့"မပါသေးဘဲ အင်္ဂလိပ်လို TUBORG နဲ့ပါ။ပြိးခဲ့တဲ့ ၆ လ လောက်က မန္တလေးမှာ ကားတွေ/ဆိုင်တွေမှာ တူးပို့စာသားနဲ့ကြော်ငြာတာ တွေ့တယ်။ အမေ့ကောက်ပြီး လက် တစ်လုံးကြား လုပ်တာပါ။ တူးပို့က ကျွန်တော်တို့ မိသားစုပိုင်ပဲ"ဟု မြို့မငြိမ်းမြေးဖြစ်သူ ကိုဇော်က ပြောသည်။
ခိုင်ဆက်ဝေ
ပုံ၁- ရန်ကုန်တွင်ပြုလုပ်သော Tuborg ဘီယာမိတ်ဆက်ပွဲ မြင်ကွင်း
ပုံ ၂/၃ - tuborg ဘီယာမှ တူးပို့စာသားသုံးစွဲမှုအား တရားစွဲမည့်ကိစ္စ ဇန်န၀ါရီ ၁၅ ရက်က မန္တလေးတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။