ဘုန်းထက် ကြယ် added 5 new photos.
ပင်နီဆိုတာ ဖျင်ကြမ်း
တော်မဝင် တန်းမဝင်
အမြင်လည်းမဆန်း
ခပ်ထူထူ ခပ်နွမ်းနွမ်းနဲ့
အကြမ်းတော့ ခံသတဲ့.....။
ဝတ်ခဲ့သူတွေကလည်း
အလှမဟုတ် ရှိုးမထုတ်
အနေကြမ်း ဘဝကြမ်း
နောက်မဆုတ်တဲ့ခြေလှမ်းနဲ့
ခရီးကြမ်းတွေ ဖြတ်ခဲ့ရသတဲ့.....။
ပေတစ်ရာလမ်းမ
ဟိုင်းဝေးလမ်းမ
မြင်းစီးပုလိပ်ကြား
သံတိုင်တွေကြား
လယ်ကွင်းတွေပေါ်
အဓိပတိလမ်းပေါ်
နေပြင်းပြင်းအောက်
ဒေါင်းအလံတွေအောက်
ပင်နီတစ်ထည်နဲ့ သူတို့
လမ်းတွေ ဖောက်ကြတယ်......။
တကယ်တော့
အမှန်တရားဆိုတာ လွယ်လွယ်နဲ့အနိုင်မရဘူး
အချိန်လိုသတဲ့
(ရုပ်ရှင်ထဲက မင်းသမီးလေးတစ်ယောက်
ပြောတယ်) *
စုတ်ပြဲသွားတဲ့ ပင်နီတွေ
နွမ်းရိသွားတဲ့ ပင်နီတွေ
သွေးစွန်းခဲ့တဲ့ ပင်နီတွေ
ဒဏ်ရာဗရပွနဲ့ ပင်နီတွေ
မျက်ရည်စိုရွှဲနေတဲ့ ပင်နီတွေ
သူတို့က အချိန်တွေကိုပြတယ်
သူတို့က သမိုင်းတွေကိုရေးတယ်.....။
ဟော.....အခုမြင်လိုက်လား....
အဖြူရောင်တိုင်လုံးတွေကြား
စကျင်ကြွေပြား လှေကားတွေပေါ်
ကတ္တီပါပိုးဖဲ ကော်ဇောနီတွေအထက်
ပင်နီရောင်တွေ လွှမ်းခြုံလို့
သူတို့ရှေ့ဆက်နေတုန်းပဲ.....။
နေရာအတွက် မဟုတ်
ငွေအသပြာအတွက်မဟုတ်
လူတစ်ယောက် အတွက်မဟုတ်
မဟုတ်....
မဟုတ်....
မဟုတ်....
သန်းခြောက်ဆယ်အိမ်မက်တွေကို
ကျောပိုးအိတ်လို
ပခုံးထမ်းလွယ်ခဲ့ကြတဲ့လူတစ်စု....
အခု အနာဂတ်ကို ထုဆစ်ဖို့တဲ့
ခမ်းနားတဲ့ အမိုးတစ်ခုအောက်မှာ
စုဝေးရောက်ရှိနေကြပေါ့......။
ယနေ့မှစ
ပင်နီရောင်ရွှေပြည်တော်အစ
ညီမလေးဝင်းမော်ဦးရေ......
မင်း....မြင်ဖူးချင်ခဲ့တာ ဒါမျိုးလား....
ခဏတော့.....ထကြည့်လိုက်စမ်းပါ
ငါတို့ငိုပြီးရင်.....
မင်း အတွက် အမျှဝေပါ့မယ်
ဝင်းမော်ဦးများစွာ.....
ရောက်ရာအရပ်က ကြားစေသော်ဝ်။ ။
မိုးနီလွင်
( ပင်နီ အဓိပ္ပါယ် အနှစ်သာရအတွက်.
ကျေးဇူးပါ ကိုမိုးနီလွင် )
Credit. ...thet mu soe
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။