အသက်နဲ့ရင်းပြီး စားရတဲ့ "ငါး"
----------------------------
အင်္ဂလိပ် အခေါ် Puffer fish၊ ဂျပန်အခေါ် Fugu၊ မြန်မာလို ငါးပူတင်းဟာ ဂျပန်မှာ သိပ်လူကြိုက်များတဲ့ ငါးမျိုစိတ်တစ်ခုဖြစ်ပါတယ်။ လူကြိုက်များပေမယ့် အင်မတန်မှ ဈေးကြီးတာကြောင့် လူလတ်တန်းစားတွေ စားလေ့မရှိဘူးလို့ဆိုတယ်။ ဖူဂူငါး အရှင်တစ်ကောင်ကို ယူရို ၁၀၀ ကျော်ကျော် လောက်အထိပေးရတတ်ပါတယ်။ ဖူဂူငါးရဲ့ ထူးခြားတဲ့ သဘာဝတစ်ခုက ခြိမ်းခြောက်ခံရပြီလို့ ထင်တဲ့အခါ သူတို့ရဲ့ ခန္ဓာကိုယ်ကို လေပူပေါင်း သဏ္ဍာန် ဖန်တီးလိုက်တတ်တာပါပဲ။ လေပူပေါင်းသဏ္ဍန်ဖြစ်နေတဲ့ဖူဂူငါးဟာ မူလ အရွယ်ထက် သုံးဆ လေးဆလောက် ဖောင်းကားကြီးထွားသွားတတ်ပါတယ်။
ဂျပန် နိုင်ငံမှာ ဖူဂူငါးကို ထိပ်တန်းစားဖွယ်ဟင်းလျာ အနေနဲ့သတ်မှတ်ထားပါတယ်။ ဆာရှီမီ အသွင်နဲ့ကတော့ အထင်ရှားဆုံးပဲပေါ့။ စိတ်ဝင်စားစရာ ကောင်းတာက ဖူဂူငါးရဲ့ အဆိပ်ပါ။ သူ့ရဲ့ အဆိပ်ဟာ ဆရနိုက်ထက် ကြောက်စရာကောင်းတယ်လို့ ဆိုကြတယ်။ ဖူဂူငါးဟာ ကိုယ်တိုင် အဆိပ် မထုတ်နိုင်ပါ။ သူတို့စားတဲ့ ရေညှိမျိုးမှာ ပေါက်ပွားတဲ့ ဘတ်တီးရီးယားတွေက ဖူဂူငါးကို အဆိပ်ရှိ သတ္တဝါအဖြစ် ပြေားင်လဲ ဖန်တီးလိုက်တာပါပဲ။ ဖူဂူငါးဟာ တစ်ကိုယ်လုံးမှာ အဆိပ်တွေပြန့်နှံ့နေတယ်။ ကလီစာတွေနဲ့ လိင်အင်္ဂါမှာတော့ အဆိပ်အပြင်းဆုံးပါပဲတဲ့။
၎င်းဟင်းလျာတွေနဲ့ ဖူဂူရှီမီ ရောင်းတဲ့ စားသောက်ဆိုင်တွေမှာ ဖူဂူငါးကို ကိုင်တွယ်သန့်စင်ရတဲ့ ပုဂ္ဂိုလ်ဟာ လိုင်စင်ရှိဖို့ လိုအပ်တယ်။ ဖူဂူငါး ကိုင်တွယ်သန့်စင်ခွင့် လိုင်စင်ရဖို့အတွက် အင်မတန်ခက်ခဲတဲ့သင်တန်းကိုအနည်းဆုံး ၂ နှစ် တက်ရပါတယ်။ ဂျပန်နိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ လောက်က ဖူဂူငါး အဆိပ်ကြောင့် နှစ်စဉ် လူ ၁၀၀ လောက် သေလေ့ရှိတယ်။ ယနေ့ခေတ်မှာတော့ နှစ်စဉ် ဖူဂူငါး အဆိပ်ကြောင့် တစ်နှစ်ကို ၃ ယောက်နှုန်းသေနေတုန်းပါပဲ။
ဖူဂူငါးကိုင်တွယ်ရာမှာ ဘာ့ကြောင့် သိပ်ကိုဂရုစိုက်ဖို့ လိုအပ်သလဲ? ဖူဂူးငါး အဆိပ်ဟာ ယနေ့ထက်တိုင်အောင် ဖြေဆေးမရှိသေးပါ။ ဖူဂူငါး အဆိပ်မိတဲ့လူဟာ ချက်ချင်းဆိုသလို နှလုံးခုန်ရပ်ပြီး ခန္ဓာကိုယ်ထဲက ကလီစာတွေ အလုပ်မလုပ်တော့ပဲ မျက်စိ သူငယ်အိမ်ကအစ လူသေနဲ့ လုံးဝခွဲလို့ မရနိုင်တော့ပါ။ ကျွမ်ကျင်တဲ့ ဆရာဝန် တွေလည်းပဲ လူသေနဲ့ ဖူဂူ ငါး အဆိပ်မိသူကို မခွဲခြား နိုင်ကြဘူးလို့ သိရပါတယ်။
အဆိပ်သင့်ခံရသူဟာ လူသေတစ်ယောက်လို ဖြစ်သွားပေမယ့် သူ့ဘေးပတ်ဝန်းကျင်မှာ ဖြစ်နေတာတွေ၊ စကားသံတွေ အကုန်ကြားသိနေပြီး fully conscious (အလုံးစုံ ခံစားကြားသိ) ဖြစ်နေတတ်ပါတယ်။ ဖူဂူငါးအဆိပ်သင့်တဲ့ သူကို လူသေလိုသတ်မှတ်ထားတုန်း အချိန်မှီကံကောင်းထောက်မစွာနဲ့ ပြန်နိုးထလာတတ်တဲ့သာဓကတွေရှိခဲ့ဖူးပါသော်လည်း အင်မတန်မှ ဖြစ်တောင့်ဖြစ်ခဲပါပဲ။ ဒါ့ကြောင့် နောက်ပိုင်းမှာ မိသားစုဝင်တွေဟာ ဖူဂူငါး အဆိပ့်သင့်သူကို ထုံးစံအတိုင်း အသုဘချလေ့မရှိပဲ ရက်အတန်ကြာ စောင့်ကြည့်ပြီးတာ့မှ အသုဘချလေ့ရှိတတ်ပါတယ်။
ဖူဂူအဆိပ်မိပြီဆိုရင်ဖြင့် ၉၀% လောက်ကတော့ သေလူပဲ။ သေတာတောင် အသေဆိုးနဲ့သေရတယ်လို့ဆိုရင် မှားမယ်မထင်ပါ။ အရှင်လတ်လတ် မီးလောင်တိုက်အသွင်းခံရတာမျိုး၊ မြေမြှုတ်ခံရတာမျိုး ကြုံရနိုင်သလို ပြန်ထလာမလားဆိုတဲ့မျှော်လင့်ချက်နဲ့ အသုဘ မချပဲထားမယ်ဆိုရင်လည်း ကလီစာတွေ အလုပ်မလုပ်တော့တာကြောင့် အင်မတန်ပြင်းထန်တဲ့ ဝေဒနာဆိုးကြီးခံစားရပြီး နောက်တော့ သေရတာပါပဲ။
ဒါဆိုရင် ဘာ့ကြောင့် ဒီလောက် အန္တရာယ်ကြီးတဲ့ ငါးကို ဈေးကြီးပေးဝယ်စားကြသလဲ? အင်မတန်ထူးခြားတဲ့ အရသာရှိတယ်လို့ ဆိုကြပါတယ်။ တချို့များဆို ဖူဂူ စားရင် ပါးစပ်ထဲ ထုံကျင်တဲ့ အရသာကို ခုံမင်လွန်းတာကြောင့် လူကို ဥပဒ် မဖြစ်စေလောက်တဲ့ ဖူဂူအဆိပ်ပမာဏ အနည်းငယ်ကို တမင်တကာ အပြီးအပြတ် မသန့်စင်စေပဲ စားတတ်ကြတယ်လို့သိကြားဖူးပါတယ်။
အရသာ ဘယ်လောက်ကောင်းကောင်း အသက်နဲ့ရင်းပြီး စားရတဲ့ ငါးကို ဘာ့ကြောင့်များ ဈေးကြီးပေးဝယ်စားကြသလဲ? အမေးရှိရင် အဖြေရှိရမှာပေါ့။ စားသုံးသူများဟာ ဖူဂူငါးရဲ့ အဆိပ်အန္တရာယ်ကို ကောင်းကောင်း သိကြသူတွေပါပဲ။ ဖူဂူငါး အသားလွှာ တစ်ဖတ်စားပြီးတိုင်း အရသာထက် စိတ်လှုပ်ရှားရတဲ့ ခံစားမှုရသကို သိပ်မက်မောကြပါသတဲ့။ လူတွေရဲ့ "စိတ်" ဟာ အင်မတန်မှ ဆန်းကျယ် အံ့သြ စရာ တော်တော်ကောင်းတယ် ဆိုရမယ်။ လူတစ်ယောက်စာ အနည်းငယ်သော ဖူဂူ ဆာရှီမီ တစ်ပွဲကို ဈေးနှုန်းအားဖြင့် ယူရို ၁၅၀ လောက်ပေးရပါတယ်တဲ့။
ရဲထက်လှိုင်

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။