ပုံပျက်သွားတဲ့ရိုးသားမှု
================
တစ်ခါက အာရပ်ကုန်သည်တစ်ဦးတွင် သန်မာလှပသော မြင်းတစ်ကောင်ရှိသည်။ ထိုမြင်းသည် တစ်နေ့အတွင်း မိုင်ပေါင်းများစွာ ခရီးတွင်နိုင်သောကြောင့် ကုန်သည်မှာ အလွန်မြတ်နိုးသည်။ ကုလားအုတ် တစ်ကောင် ပိုင်ဆိုင်ထားသော ဒုတိယကုန်သည်
တစ်ဦးက အပြေးသန်သော ထိုမြင်းကို မျက်စိကျနေသည်။
တစ်နေ့တွင် သူသည် မြင်းပိုင်ရှင်အား ကုလားအုတ်နှင့် မြင်းလဲလှယ်ရန် စကားကမ်းလှမ်းသည်။ မြင်းပိုင်ရှင်က ငြင်းဆန်သည်။ ဤမြင်းအား ရှိသမျှစည်းစိမ်နှင့်လဲမည်ဟု တောင်းဆိုပြန်သည်။
မြင်းပိုင်ရှင်က ဤမြင်းသည် မိမိဘဝအတွက် အကောင်းဆုံးအဖော်မွန် မိမိအသက်ရှင်နေသရွေ့ မြင်းအား ဘယ်အရာနှင့်မျှ မလဲနိုင်ဟု ငြင်းပြန်သည်။ ကုလားအုတ်ပိုင်ရှင်က မြင်းအား အလွန်နှစ်သက်မိသဖြင့် မြင်းအား ပိုင်ဆိုင်နိုင်ရန် အမျိုးမျိုး အကြံထုတ်လေတော့သည်။
တစ်နေ့တွင် သူသည် အဝတ်အစား အစုတ်အပြတ်ကို ဝတ်ဆင်လျက် မြင်းပိုင်ရှင်လာရာ လမ်းတစ်နေရာတွင် ဖျားနာချင်ရန်ဆောင်ပြီး လဲလှောင်းနေခဲ့သည်။ မြင်းပိုင်ရှင်က တွေ့သောအခါ မြင်းပေါ်မှ အလျင်အမြန်ဆင်းပြီး ဖျားနေသော သူ့အား မြင်းပေါ်သို့ ပွေ့တင်လိုက်သည်။ မြင်းပေါ်ရောက်သည်နှင့် သူသည် လူကောင်းပကတိ ဖြစ်သွားပြီး မြင်းပိုင်ရှင်အား
“ ဒီမြင်းကို ပိုင်ဆိုင်ရဖို့ ကျွန်တော်အကြံအမျိုးမျိုး ထုတ်ခဲ့တယ်။ တန်ဖိုးရှိတဲ့ ပစ္စည်းတွေနဲ့ လဲခဲ့တယ်။ ခင်ဗျားလက်မခံခဲ့ဘူး။ အခု ကျွန်တော် မြင်းပေါ်ရောက်နေပြီ။ ဒီမြင်းကို ကျွန်တော်ပိုင်သွားပြီ ” ဟု ပြောလေသည်။
မြင်းပိုင်ရှင်က “ ကောင်းပြီလေ။ မြင်းကို ခင်ဗျား ပိုင်သွားပါပြီ။ ဒါပေမယ့် ခင်ဗျား ထွက်မသွားခင် ကျွန်တော် စကားတစ်ခွန်းပြောချင်သေးတယ်။ ဒီစကားကို ခင်ဗျား သေချာမှတ်ထားပါ ”
“ မြင်းကို ကျွန်တော်ပိုင်ပြီပဲ။ တစ်ခွန်းမကဘူး ခင်ဗျား ကြိုက်သလောက်ပြောလို့ရပါတယ် ”
“ တကယ်လို့ လူတွေက ဒီမြင်းကို ခင်ဗျား ဘယ်လိုရခဲ့သလဲလို့ မေးလာရင် အဖြစ်မှန်ကို မပြောပါနဲ့။ ဒီစကားကို မှတ်ထားပေးပါ ”
“ ဘာဖြစ်လို့လဲ ”
“ဒီမြင်းကို ဘယ်လိုရလဲဆိုတဲ့အကြောင်း အမှန်ကို ခင်ဗျားပြောခဲ့ရင် နောင်တစ်ချိန် လမ်းဘေးမှာ ဖျားလို့ လဲနေတဲ့လူတွေ့ရင် ဘယ်သူက ကယ်ရဲတော့မှာလဲဗျာ”
မြင်းပိုင်ရှင်၏ ထိုစကားကို ကြားသောအခါ ဒုတိယကုန်သည်မှာ တစ်ခဏမျှ ဆွံ့အသွားခဲ့သည်။ ထို့နောက် ရှက်ရွံ့အားနာပြီး မြင်းပေါ်မှ ချက်ချင်းဆင်းကာ မြင်းပိုင်ရှင်အားတောင်းပန်လေသည်။
“ရမ္မက်လောဘနဲ့ လိုချင်တပ်မက်တဲ့ စိတ်က ကျွန်တော့်ရဲ့ ဂုဏ်သိက္ခာနဲ့ ရိုးသားမှုကို ပုံပျက်အောင်လုပ်ခဲ့တယ်။ အရှက်တရားနဲ့ နောင်တတွေရလိုက်ပါတယ်။ ခင်ဗျားရဲ့ မြင်းကို ပြန်ယူပါ။ ကျွန်တော့်ကို ခွင့်လွှတ်ပါဗျာ ”

Healthcare.com.mm
Ref:
နိုင်းနိုင်းစနေ စမ်းချောင်းလေးရဲ့ ခရီးစဉ် စိတ်ခွန်အားပြည့် စာစုများ စာအုပ်မှကောက်နှုတ်ထားပါသည်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။