၂၀၁၂ ခုနှစ်တွင် Gangnam Style သီချင်းဗီဒီယိုဖြင့် ကမ္ဘာကျော်ခဲ့သည့် တောင်ကိုရီးယား ရက်အဆိုတော် Psy သည် ဒီဇင်ဘာ ၁ ရက်တွင် သူ၏ သတ္တမမြောက် စတူဒီယိုအယ်လ်ဘမ် Chiljip PSY-Da ကို ဖြန့်ချိခဲ့သည်။ ယနေ့ ခေတ်စားနေသည့် ဟစ်ဟော့ပ်၊ funk၊ dance စသည့် ဂီတအမျိုးအစားများ ပါဝင်သည့် ယင်းအယ်လ်ဘမ်တွင် စီအယ်လ်၊ ဂျွန်အင်ဝမ်၊ Gaeko ၊ Zion.T ၊ XIA ၊ will.i.am နှင့် အက်ဒ်ရှီးရန်တို့ ပါဝင်သီဆိုထားသည်ဟု Psy က နိုဝင်ဘာ ၃၀ ရက်တွင် ဆိုးလ်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
“ Chiljip PSY-Da အယ်လ်ဘမ်မှာ ပျော်ရွှင်မှု၊ ၀မ်းနည်းမှု၊အချစ်၊ အမုန်း၊ လောဘ ၊ဒေါသ အစရှိတဲ့ စိတ်ခံစားမှုတွေကို ဖော်ညွှန်း သီဆိုထားတယ်” ဟု Psy က ဆိုသည်။
will.i.am ပါဝင်သီဆိုထားသည် ROCKnROLLbaby သီချင်းကို ၂၀၁၃ ခုနှစ်ကတည်းက အသံသွင်းခဲ့သည်ဟု Psy က ပြောကြားခဲ့သည်။
နိုဝင်ဘာ ၃၀ ရက်တွင် YouTube ၌ ဖြန့်ချိခဲ့သည့် သူ၏ သီချင်းဗီဒီယိုအသစ် Daddy သီချင်းတွင် ဟာဂျီဝန်း ပါဝင်သရုပ်ဆောင်ထားသည်ဟု သိရသည်။
Chiljip PSY-Da သည် ကိုရီးယားဘာသာဖြင့် ” Psy ၏ ခုနစ်ခုမြောက် အယ်လ်ဘမ်”ဟုဆိုလိုကြောင်း ၎င်းကပြောကြားခဲ့သည်။
Gangnam Style သီချင်း၏ အောင်မြင်မှုမျိုး နောက်တစ်ကြိမ် ပြန်ရနိုင်မည် မဟုတ်ကြောင်း၊ ယင်းအောင်မြင်မှုသည် မိမိအတွက် ၀န်ထုတ်ဝန်ပိုးတစ်ခုဖြစ်စေခဲ့ကြောင်း အသက် ၃၇ နှစ်အရွယ်ရှိ Psy က ပြောကြားခဲ့သည်။ PSY 6 အယ်လ်ဘမ်တွင် ပါဝင်သည့် ယင်းသီချင်းဗီဒီယိုသည် ကြည့်ရှုမှုအကြိမ် ၂ ဒသမ ၄၆ ဘီလျံဖြင့် YouTube တွင် သမိုင်းတစ်လျှောက် ကြည့်ရှုမှုအများဆုံး ဗီဒီယိုအဖြစ် စံချိန်တင်ခဲ့သည်။
Psy သည် ဒီဇင်ဘာ ၂ ရက်တွင် ဟောင်ကောင်၌ ပြုလုပ်မည့် အာရှဂီတဆုပေးပွဲတွင် သူ၏ သီချင်းသစ်များဖြင့် ဖျော်ဖြေရန် စီစဉ်ထားသည်ဟု သိရသည်။ ဆိုးလ်မြို့တွင် ဒီဇင်ဘာ ၂၄ ရက်မှ ၂၆ ရက်အထိ All Night Stand ဖျော်ဖြေပွဲများ ပြုလုပ်ရန် စီစဉ်ထားသည်ဟု သိရသည်။
http://news-eleven.com
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။