ဒီတစ်ပုဒ်က
ဝတ္ထုတိုတော့ မဟုတ်ပါဘူး၊ အက်ဆေး လို့ ပြောရမယ် ထင်ပါရဲ့။ သူကျင်လည်ရာ
လောကက မှတ်သားလောက်တဲ့ လူတွေ၊ အဖြစ်တွေကို အင်မတန် မြင်တတ် ရေးတတ်တဲ့
စိန်တင်ဟန်ရဲ့ လက်ရာပါ။ ဆိုင်းသမား စာအုပ်ထဲက ကောက်နုတ် ထားတာပါ။
ဒီတစ်ပုဒ်ကျမှ ခေါင်းစဉ် မပါရင် တစ်မျိုးကြီး ဖြစ်နေမယ်လို့
ခေါင်းစဉ်ကိုတော့ ကြံဖန်ပြီ တပ်ပေးလိုက်ပါတယ်။ ပထမတော့ `ရွာစားနဲ့ အာဏာစား´
လို့ ပေးမလို့ဗျ၊ ဒါပေမယ့် ခုလိုပဲ ကောင်းပါတယ်ဗျာ နော်။
---------
ရွာစားနှင့် ဝန်ကြီး (စိန်တင်ဟန်)
---------------------------
တစ်ရက်တွင် မန္တလေး ဒါးတန်းမြို့မဝင်း အသင်းတိုက်တွင် တီးရန် လာခေါ်၍ ဦးလေးရိုးက ကျွန်တော့်ကို ထည့်လိုက်ပါသည်။ ရုပ်ရှင် ရိုက်ကူးရာတွင် ဘေးကနေ တီးပေးရန် ဖြစ်ပြီး ထိုစဉ်က နှဲက ဆရာ မြင်းခြံ ဩဘာချစ် ဖြစ်ပါသည်။ ကျွန်တော် မောင်းဆိုင်း တီးရပြီး တစ်ခြမ်းဝိုင်း သဘော။ မောင်းဆိုင်း၊ နှဲ၊ ပတ်မ၊ စခွန့်၊ ခြောက်လုံးဒိုး၊ လင်းကွင်း၊ စည်းဝါးပဲ ဖြစ်ပါသည်။ နောက်မှ မြို့မ အသင်းတိုက် ဝင်းအတွင်းရှိ ကျောင်းအစ်မကြီး အမေပု (မမပု) တိုက် အနောက်ဘက်တွင် ခုတင်ကြီး တစ်ချပ် ခင်း၍ ထိုခုတင်ပေါ်တွင် အက ကပြီး ထိုအကကို ကျွန်တော်တို့က တီးပေးကြရ ပါသည်။ အကများကို မှတ်တမ်းတင်ရန် ရိုက်ကူးမည် ဖြစ်ပြီး ကမည့်သူများမှာ ဇာတ်မင်းသား ရွှေဒေါင်းညိုနှင့် အဘ စိန်ဗေဒါနှင့် တွဲခဲ့သော ရှေးအငြိမ့် မင်းသမီး ဩဘာသောင်း ဖြစ်ပါသည်။ ထို အစီအစဉ်ကို စီစဉ် ညွှန်ကြား နေသူမှာ ပြည်ထဲရေး ဝန်ကြီး ဗိုလ်ခင်မောင်လေး ဖြစ်ပါသည်။ ဗိုလ်ခင်မောင်လေးကို ကျွန်တော် ကြည့်လိုက်ရာ အရပ်မြင့်မြင့် နဖူးကျယ် နှာတံ သွယ်သွယ်ဖြင့် အတော် ပါးရည်နပ်ရည် ရှိမည့် ဥပဓိရုပ်မျိုး ဖြစ်ပါသည်။ ညဖြစ်၍ မီးတွေက ဖွေးနေအောင် ထွန်းထားပါသည်။ ရုပ်ရှင် ရိုက်သူများကို ဗိုလ်ခင်မောင်လေးက ညွှန်ကြားပေး ပါသည်။ ဘေးကနေ၍ ဝန်ကြီးဟု ခေါ်သူ မရှိပါ။ ဆရာ ဆရာဟု ခေါ်ကြသူတွေ သူ့နားမှာ လူ ၅၀ ထက် မနည်းပါ။ ဆရာ ဆရာ ဆရာက သိပ်နားလည်တာပဲ။ သိပ်တော်တာပဲ စသည်ဖြင့် ဆရာခြင်း မိုးမွှန်အောင် အော်ပြောရင်း မြှောက်ပင့်နေသူတွေ ကြားက ဗိုလ်ခင်မောင်လေးက တီးရန် ညွှန်ကြားနေပါသည်။
အမျိုးသားကျောင်းတွင် ကျောင်းဆရာ လုပ်ခဲ့၍ ဗိုလ်ခင်မောင်လေးအား ဆရာဟု ခေါ်ကြကြောင်း နောက်မှ သိရပါသည်။ ထိုအချိန်က ဗိုလ်ခင်မောင်လေးမှာ ပြည်ထဲရေး ဝန်ကြီး ဖြစ်၍ အလွန် တန်ခိုးအာဏာ ကြီးသောအခါ ဖြစ်ပါသည်။
ရွှေဒေါင်းညိုက ခုတင်ကြီးပေါ် မီးရောင်အောက်တွင် မင်းသား နှစ်ပါးသွား ဝတ်သည့် အဝတ်အစားမျိုး ခေါင်းပေါင်း အပြည့်အစုံနှင့် ကရန် အသင့် ရှိနေပါပြီ။ ကင်မရာများ၊ မီးမောင်းထိုးသူ၊ ဆိုင်းအဖွဲ့၊ ကမည့်သူ အားလုံး အသင့် ဖြစ်သည်နှင့် တစ်ပြိုင်နက် စတင် ရိုက်ကူးပါတော့သည်။ ကျွန်တော်တို့ အဖွဲ့က စောစောက မင်းသား ရွှေဒေါင်းညိုနှင့် ကြိုတင် ညှိထားသည့် အတိုင်း လေပြေ ဆော်သွင်းမြူး ယိုးဒယားကို စခွန့် အဆစ်များ ထည့်တီးပေးရပါသည်။ ရွှေဒေါင်းညိုမှာ အကကောင်းသူ ဖြစ်၍ စတင် လှုပ်ရှား၍ ကလိုက်သည်နှင့် သူ၏ အကများ အသက်ဝင်လှ ပါသည်။ "လေပြေ ဆော်သွင်းမြူး" ပေါင်တူး ဗေတူး ဗေတူး ပေါင် တုန်း ဂျိန်းဂျိန်း ပေါင်တူး ဗေတူး ဗေတူး ပေါင်တုန်း ဂျိန်းဂျိန်း စခွန့် အဆစ်များက ဝါးလပ်အမြူးအဆစ် ဖြစ်၍ တော်ရုံတန်ရုံ တီးတာ ကြားတာနဲ့ ကချင်လာသည့် အဆစ်မျိုး ဖြစ်ပါသည်။ သီချင်း စာသားမှာ လေပြေဆော်သွင်းမြူး ဟံသာဗွေ မန်းလေ ရွှေနန်းဦး ထူးထူးထွေလာ ငါးပါးပဉ္စ ရွှေတံမြွာ သီချင်းဆုံးလျှင် အတောက ဒူတယ် တယ်နယ် ဒူတယ် တဲနယ် ဒူတဲ တေးဒီ တယ့်နယ် တယ်။ ဤနေရာတွင် ဗိုလ်ခင်မောင်လေး အတော အဆုံးနဲ့ အကိုက် ဟိုး ... ဟု အရပ်ခိုင်း အလိုက် တီးကွက် အဆုံးနဲ့ အံကျ ဖြစ်သွားသည်ကို ဘေးက လူများက ဆရာကို သိပ်တော်တာပဲ သီချင်း အသံနဲ့ အံကိုက် ရပ်နိုင်တယ်ဟု ပြောကြပါသည်။ နောက် ဒုတိယအကြိမ် ပြန်တိုက်ပါသည်။ သည်လိုပင် စရိုက်ရန် ညွှန်ကြားလိုက်ပြီး သီချင်းအဆုံး အတော ပြီးခါနီးတွင် ဟိုး ... ဟုသာ ခိုင်းလိုက်ပါသည်။ ဘေးက လူများကလည်း ဝန်ကြီးတော်ကြောင်း အနုပညာကို ကောင်းကောင်း နားလည်ကြောင်း ချီးမွမ်းနေကြပါသည်။ အက မှတ်တမ်းတင် ဖြစ်၍ အခြားသီချင်းများ ပြောင်းမတီးရပါ။ လေပြေဆော်သွင်းမြူးပဲ ထပ်ခါထပ်ခါ တီးရပါသည်။ တီးတိုင်း တီးတိုင်း ဗိုလ်ခင်မောင်လေးက အတော အဆုံးနေရာ တဲနယ် ဒူတယ် တေးဒီ တဲနယ် တယ် တေးဒီ တဲနယ် (ဟိုး) တေးဒီ တဲ့နယ် (ဟိုး) ကျွန်တော်တို့ တီးနေသော သီချင်း အတောဆုံးတွင် ဗိုလ်ခင်မောင်လေးက ရပ်ခိုင်းနေသည်။ သူ မခိုင်းလည်းဘဲ တစ်ပိုဒ်တီး သီချင်းဖြစ်၍ တီးသူ ကသူ မဆိုထားဘိ ကင်မရာ ကိုင်သူ၊ မီးထိုးသူများပင် ဤမျှလောက်ကို နားရည်ဝ သိပြီးသား ဖြစ်ပါသည်။ သို့သော် သူ၏ အရှိန် ဩဇာကို အားလုံးက လက်ခံနေကြပါသည်။ ကျွန်တော်ကမူ ကျွန်တော်တို့ တီးနေသည့် အချိန်အတွင်း အရပ်ခိုင်းသည်မှာ ကျွန်တော်တို့က မရပ်တတ်၍ ပြပြပေးနေရတာနဲ့ တူသဖြင့် စိတ်ထဲက အောင့်သက်သက် ဖြစ်နေပါသည်။ သူက နိုင်ငံတော်ရဲ့ ဝန်ကြီး တစ်ဦးပါ။ ကျွန်တော်က သာမည ဂီတသမား တစ်ယောက်၊ သို့ပေမယ့် ဂီတသမား အနုပညာသမား ဆိုသည်မှာ မှန်ရာကို ကြိုက်နှစ်သက် သူများ ဖြစ်၍ ယခုလို ဂီတဆရာ မဟုတ်ဘဲ ဂီတ အနုပညာသည်များ အပေါ်တွင် ဝန်ကြီးဩဇာ သုံးနေသည်ကို မကြိုက်ပါ။ မနှစ်သက်ပါ။ သီချင်းဆုံး အတောနောက်တွင် ကျွန်တော်က ခါတိုင်းလို ရိုးရိုး မတောတော့ပဲ "ငါးပါးရယ် ပဉ္စင်ရွှေတံမြွာ" တဲ တဲ တယ် တဲ တဲ တယ် တဲ တဲတယ် တဲနယ် တယ် ဗိုလ်ခင်မောင်လေးက ကျွန်တော်၏ အတောကို မသိသဖြင့် (ဟိုး) ဟု သူထင်သော နေရာ ရပ်ခိုင်းလိုက်ရာ ကင်မရာ ကိုင်သူရော မီးထိုးသူများပါ ကသိကအောင့် ဖြစ်ကုန်ပါသည်။ ခါတိုင်းလို အံကျ မဟုတ်တော့ပါ။ အံကျ အရပ်ခိုင်းရန် (ဟိုး) ဟု မပြတတ်တော့ပါ။ ဤအဖြစ်ကြောင့် သူလည်း အတော် စိတ်ဆိုးသွားဟန် ရှိပါသည်။ ဘေးကလူများ အသံလည်း ငြိမ်သွားပါသည်။ "ကဲ ... ဆက်ဆက် ပြန်ရိုက်မယ်" ဗိုလ်ခင်မောင်လေးက အသံကျယ်ကျယ် မာမာ ခပ်ဆတ်ဆတ် ပြောလိုက်သဖြင့် အားလုံး ငြိမ်သွားသလား ထင်ရပါသည်။ "ရိုက်မယ်" "စ" သူ့အသံ ဆုံးသည်နှင့် ကျွန်တော်၏ မောင်းဆိုင်းသံ၊ နှဲဆရာ ဩဘာချစ်၏ နှဲသံများ စကာ အခွန့်အဆစ်သံများက ဝေဝေဆာဆာဖြင့် တီးလုံးကောင်း တစ်ပုဒ်အဖြစ် တီးပေးနေပါသည်။ "ငါးပါး ပဉ္စရွှေတံမြွာ" တီးပေးနေပါသည်။ ဒျန့်တဲ နယ် ဒူတယ် ဒျန့်တေး နေ ဒူတယ် ဒျန် တေး နေ တူတယ် တေးလေ ဒူတေတဲနယ်တဲ တယ် ဒယ်။ ဒီတစ်ခါ အတောဆုံးလည်း သူမသိသဖြင့် ရမ်း၍ (ဟိုး) လိုက်ပါသည်။ ၂ ကြိမ် တီးပြီး ၃ ကြိမ်မြောက်တွင် ဗိုလ်ခင်မောင်လေးက အတော သတိထားပြီး အံကျ ရပ်ခိုင်းရန် စိတ်သန်နေပုံ ရပါသည်။ သူ့လက် ကြိုကြိုတင်တင် ရွယ်ထားခြင်းဖြင့် သိသာနေ ပါသည်။ "ငါးပါး ပဉ္စင်ရွှေတံမြွာ" တိန်း မောင် တိန်း မောင် တေး မောင် တူး ဗျော် ဗျော် ပျော် ဗြိုင် ကျွန်တော်၏ အတော အဆုံးမှာ ဝန်ကြီး ဗိုလ်ခင်မောင်လေး၏ စည်းချက်မကျ ဝါးချက်မကျ (ဟိုး အိုး ဟိုး) သူ ကသိကအောင့် အသံနဲ့ အတူ မျက်နှာကြီးက နီမြန်းနေပြီး ကျွန်တော့်ဘက် လှည့်လိုက်ကာ ရှက်ဒေါသ ဖြစ်နေပါသည်။ ကျွန်တော်တို့နဲ့ အံကျရှိသူမှာ ရွှေဒေါင်းညိုပင် ဖြစ်ပါသည်။ ရွှေဒေါင်းညိုက ကျွန်တော် ဘယ်လိုတောတော သူက အံကျ ကနိုင်ပါသည်။ ဝန်ကြီး ဗိုလ်ခင်မောင်လေးမှာ ယခုအချိန်တွင် ကျွန်တော်တို့ တီးနေသော လေပြေ ဆော်သွင်းမြူး ယိုးဒယားကို ဘယ်နေရာတွင် ဟိုးဟု ရပ်ခိုင်းရန် ခက်နေပါပြီ။ ထို့နောက် ဗိုလ်ခင်မောင်လေးက ကျွန်တော့်ဘက် လှည့်ကာ "ဟေ့ကောင် တောတာ မင်းက ရိုးရိုးတောပါကွ။ မင်းက အဆန်းထွင်တော့ ငါက ဘယ်နေရာ ရပ်ရမှန်း မသိဘူး" ဟု ပြောရာ ဘေးရှိ လူများက ကျွန်တော့်အား ဝိုင်းဘေချင်သည့် မျက်နှာမျိုးများဖြင့် တင်းတင်းမာမာ ဂုဏ်ပြုနေကြပါသည်။
နောက်တစ်ခါ လေပြေ ဆော်သွင်းမြူး ပြန်တီးလေရာ အတောနေရာတွင် ရိုးရိုး တောပေးလိုက်ရ သော်လည်း မောင်းသံများကို အပြွတ်ကလေးများဖြင့် ရွဲ့တီး ပေးလိုက်ပါသည်။ ထိုနေ့ညက ရွှေဒေါင်းညို အခန်းများ ရိုက်ပါသည်။ ဒေါ်ဩဘာသောင်းမှာ အကတွင် အလွန်ကောင်း၍ နာမည်ကြီးသူ တစ်ယောက် ဖြစ်ပါသည်။ သေးသေးသွယ်သွယ် မည်းမည်းပြတ်ပြတ် ဖြစ်၍ မင်းသမီးလို ဝတ်စားထားသည်မှာ ကြည့်ကောင်းသော်လည်း လိမ်းထားသော သနပ်ခါးများကမူ ရယ်ချင်စရာလို ထင်မိပါသည်။ ဒေါ်ဩဘာသောင်း အတွက် အငြိမ့်သီချင်း ကကွက်တစ်ပုဒ် တီးပေးရမည် ဖြစ်ပါသည်။ ကျွန်တော်က နှဲဆရာ ဩဘာချစ်အား ဤသီချင်း တီးမည်ဟု ပြောထားလိုက်ပါသည်။ သက်ဆိုင်ရာ ပုဂ္ဂိုလ်များ အားလုံး အသင့် ဖြစ်သည်နှင့် တစ်ပြိုင်နက် စရိုက်ပါသည်။ ဒေါ်ဩဘာသောင်း အတွက် သီချင်းမှာ ရွှေဒေါင်းညို တုန်းကလို လေပြေ ဆော်သွင်းမြူး မဟုတ်ပါ။ အငြိမ့်ကရန် တီးပေးရမည် ဖြစ်၍ စလျှင်စချင်း ကျွန်တော်က သီချင်းတစ်ပုဒ်ကို ကောက်တီးလိုက်ရင်း ဤသီချင်းကို ဆိုလိုက်ပါသည်။
"ကမ္ဘာ ဦး အစ တည် လူတန်းစားလွတ်လပ်ခဲ့တဲ့ ကျုပ်တို့ မြန်ပြည်"
"ဟေ့ ဟိုး ဟိုး"
ဗိုလ်ခင်မောင်လေး အသံကြောင့် အားလုံး ရပ်လိုက်ကြပါသည်။ ဗိုလ်ခင်မောင်လေးက ဒေါသ ထွက်နေသော မျက်နှာမျိုးဖြင့် ကျွန်တော့်ကို လှည့်ကြည့်လိုက်ရင်းက
"ဟေ့ ဒါ ကွန်မြူနစ် သီချင်းကွ မတီးနဲ့"
သူ့အပြောကို ကျွန်တော်က သွက်လက်စွာ ဖြေလိုက်ပါသည်။
"ဒါ မြို့မငြိမ်း ရေးတာဗျ"
အားလုံး ငြိမ်သွားပါသည်။ ဝင်းကြီး တစ်ဝင်းလုံးရှိ လူများ ငြိမ်ကျသွားခြင်းက ပိုမှန်ပါလိမ့်မည်။
ဝန်ကြီး ဗိုလ်ခင်မောင်လေးက ကျွန်တော့်အား အမှုကြီးအောင် ကွန်မြူနစ် သီချင်းဟု ဆိုင်းဘုတ် တပ်ပေးလိုက်ခြင်း ဖြစ်ပါသည်။ ကျွန်တော်က မြို့မငြိမ်း ရေးတာဟု ပြောလိုက်ခြင်းကြောင့် ဗိုလ်ခင်မောင်လေး အပါအဝင် အားလုံးက ငြိမ်သွားခြင်း ဖြစ်ပါသည်။ ကျွန်တော်တို့ ရောက်နေသော ဝင်းကြီးကား မြို့မအသင်းတိုက် တည်ရာ မြို့မဝင်း ဖြစ်ပါသည်။ မြို့မငြိမ်းမှာ မြို့မအသင်းကြီး၏ ထူးခြား ထက်မြက်လှသော သီချင်းရေး ဆရာကြီးတစ်ဦး ဖြစ်ခြင်းကြောင့် အခြားသူများထက် ယခုဝင်းအတွင်းရှိ လူများက ပိုမို လေးစားကြရခြင်းနှင့် သက်ဆိုင်နေ၍ ဖြစ်ပါသည်။ ကျွန်တော်သည် ဦးလေးငြိမ်း (မြို့မငြိမ်း) သီချင်းကို မြတ်နိုး၍ လည်းကောင်း၊ ကကွက် တီးပေးရန် ကောင်း၍ လည်းကောင်း တီးပေးလိုက်ခြင်း ဖြစ်ပါသည်။ မြို့မငြိမ်း သီချင်းသည် ကျွန်မြူနစ်သီချင်း မဟုတ်ပါ။ မြို့မငြိမ်းသည် ကွန်မြူနစ်တစ်ဦး မဟုတ်ပါ။ ပြည်သူအများ ချစ်မြတ်နိုးသည့် သီချင်းရေးဆရာ တစ်ဦး ဖြစ်ပါသည်။ ထိုအကြောင်းအရာ များကို ကျွန်တော့်ထက် ပို၍ ဝန်ကြီး ဗိုလ်ခင်မောင်လေးက သိပါမည်။ သို့သော် ကျွန်တော် သီဆို တီးလိုက်သည့် သီချင်းစာသား တီးကွက်ကို မြို့မငြိမ်း ရေးမှန်း မသိ၍ ကျွန်တော့်အား ဖိနှိပ်ရန် ရည်ရွယ်၍ ပြောလိုက်ခြင်း ဖြစ်ပါလိမ့်မည်။ သို့သော် ထိုနေ့ညက ဒေါ်ဩဘာသောင်း ကကွက်ကို ဤသီချင်းပင် ထပ်ခါ တီးလိုက်ရာ ကန့်ကွက်သူ မပေါ်တော့ပါ။ ထို့ကြောင့် ဤသီချင်းနှင့်ပင် ဒေါ်ဩဘာသောင်း ကကွက်တို့ ထပ်ခါတလဲလဲ တီးပေးရင်း အက မှတ်တမ်းတင် ရုပ်ရှင် ရိုက်ကူးကြရ ပါတော့သည်။
* * *
-------------
စိန်တင်ဟန်
(ဆိုင်းသမား ... မှ)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။