ကိုဇင် အဓိပတိပစ္စယော added 9 new photos.
************************
တောင်ငူမှာ အခုနောက်ပိုင်း ဆိုင်ကယ်အခြေခံ ဘေးတွဲဆိုက်ကားတွေ အတော်များများတွေ့လာရပါပြီ ...
မူမမှန်သေးတဲ့ ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ ဖြစ်သလိုတွဲစပ်ထားကြတာ တွေ့နေရတုန်းပါပဲ ...
လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ ကျော် စစ်ပြီးခေတ်၊ စက်ဘီးအခြေခံဘေးတွဲခေတ်တုန်းကတော့ တောင်ငူကဆိုက်ကားဒီဇိုင်းဟာ တခြားမြို့တွေက ဒီဇိုင်းနဲ့ ကွဲပြားခြားနားပါတယ် ...
ကျနော်တို့မျက်မြင်မှာတော့ တောင်ငူဆိုက်ကားဒီဇိုင်းဟာ ပိုပြီးပဏ္ဍာတင့်တယ်လို့ ထင်မိတယ် ... ကျစ်လစ်တယ် ... ခိုင်မာတယ် ... ဝန်ဆောင်မှုအားကောင်းတယ် ... အချိုးစားနားကျနပြီး အင်အားကိုအရင်းအနှီးပြုရတဲ့ဆိုက်ကားဆရာတွေကို သက်သာစေတယ်လို့ဆိုပါတယ် ...
တောင်ငူက ဆိုက်ကားကို ညာဖက်မှာပဲတွဲစပ်လေ့ရှိပါတယ် ...
တောင်ငူကဆိုက်ကားတွဲစပ်ဒီဇိုင်းချိုးစပ်သူတွေမှာ မျိုးချစ်၊ သာဒင်၊ အောင်မင်း၊ တင့်ဆန်း၊ ဝင်းလွင်ဆိုပြီး ဆိုက်ကားလောကမှာ နာမည်ကြီးတဲ့ ပညာရှင်တွေလည်းဖြစ်ကြပါတယ် ... တောင်ငူဆိုက်ကားလောကမှာတော့ ဦးမျိုးချစ်က သူ့နည်းသူ့ဟန်သူ့ဒီဇိုင်းနဲ့ ပထမဦးဆုံးတွဲစပ်ခဲ့တာလို့ဆိုပါတယ် ... အဲဒါ လွန်ခဲ့တဲ့နှစ်ပေါင်း ၆၀ ကျော်လောက်ကပါ ... အခုတော့ အခြားဆိုက်ကားတွဲစပ်သူတွေလည်း တောင်ငူမှာရှိကြပေမယ့် ... ဆိုက်ကားလောကမှာတော့ ဒီလူတွေရဲ့နာမည်ဟာ မှတ်မှတ်ထင်ထင်ကျန်ရစ်နေဆဲပါ ...
ဒီဘီးကတော့ မျိုးချစ်ချိုး၊ ဒီဘီးကတော့ သာဒင်ချိုးရယ်လို့ ဆိုက်ကားဒီဇိုင်းချိုးသူတွေရဲ့ နာမည်ကိုအစွဲပြုပြီး ဆိုက်ကားဆရာတွေအကြိုက် ရွေးချယ်ဝယ်ယူကြလေ့ရှိတယ်လို့ ဆိုက်ကားဆရာ ကိုသီဟက ကျနော့်ကိုပြောပြပါတယ် ...
ဒီကနေ့မှာတော့ စက်ဘီးကိုအခြေခံပြီး ဆိုက်ကားတွဲစပ်တဲ့ခေတ်ကို ပြောင်းလဲဖို့ ဆိုက်ကားဆရာတွေ တာစူနေကြပါပြီ ...
“ကျနော်က ဒီဆိုင်ကယ်ကို ဘေးတွဲတွဲမယ်စဉ်းစားတော့ တောင်ငူဆိုက်ကားဒီဇိုင်းကိုပဲတပ်မက်နေတာနဲ့ တောင်ငူပုံစံမပျက် ဘေးတွဲဆိုင်ကယ်ဒီဇိုင်းတွဲဖို့ အပ်လိုက်တာပါ” လို့ ကိုသီဟက ရှင်းပြပါတယ် ...
ဒီလို ဆိုင်ကယ်နဲ့ ဆိုက်ကားဘော်ဒီကို တွဲစပ်တဲ့အခါမှာ လိုအပ်ချက်တွေလည်းရှိနေတုန်းပါပဲ ...
“ဆိုင်ကယ်နောက်ဘီးနဲ့ ဘေးတွဲဘီးတွေဟာ ဝင်ရိုးတတန်းတည်းညီနေတာမျိုးဖြစ်သင့်တယ် ... အခုတွဲထားတဲ့ ဆိုင်ကယ်ဘေးတွဲအတော်များများဟာ ဒီအချက်ကို သတိမပြုမိကြဘူး” လို့ ကိုသီဟက ထပ်ပြီးရှင်းပြပါတယ် ...
ဆိုင်ကယ်နောက်ဘီးနဲ့ ဘေးတွဲဘီးတွေ တတန်းတည်းမညီနေဘူးဆိုရင် ဆိုင်ကယ်ဘေးတွဲဟာ အချိန်အဆအချိုးအစား (alignment) မညီညွတ်တဲ့အတွက် မောင်းတဲ့အခါမှာ ရှေ့လက်ကိုင်ခါရမ်းနေတာမျိုး၊ ဘေးတွဲဟာ ဒရွတ်ဆွဲလိုက်ပါနေရတာမျိုးဖြစ်နေတတ်တယ်လို့လည်း ဖြည့်စွက်ရှင်းပြပါတယ် ...
ကျနော်လည်း မပြောမဆိုနဲ့ ကိုသီဟဆီက သော့တောင်းပြီး သားအဖနှစ်ယောက် ရပ်ကွက်တစ်ပတ် မောင်းကြည့်လိုက်တယ် ...
ကိုသီဟတွဲထားတဲ့ တောင်ငူဒီဇိုင်း ဘေးတွဲဆိုင်ကယ်လေးဟာ တလိမ့်လိမ့်သွားနေရင်းမှာပဲ ကျနော့်ခေါင်းထဲမှာလည်း အတွေးစတချို့ဝင်လာတယ် ...
တောင်ငူဆိုက်ကားလောကဟာ မျိုးချစ်၊ သာဒင်၊ အောင်မင်း၊ တင့်ဆန်း၊ ဝင်းလွင်ဆိုတဲ့ ခေတ်တစ်ခေတ်ကနာမည်တွေကို သမိုင်းထဲမှာ ထားပစ်ခဲ့ကြတော့မယ် ...
အချိုးအစားပြေပြစ်လှပတဲ့ စက်ဘီးအခြေခံ တောင်ငူဆိုက်ကားတွေ တဖြည်းဖြည်းပျောက်ကွယ်သွားကြတော့မယ် ...
ဘာပဲပြောပြော ဒါဟာ ခေတ်တစ်ခေတ်ရဲ့အပြောင်းအလဲတစ်ခုပါပဲ ...
ဒီနေ့အချိန်အထိတော့ ဆိုင်ကယ်ဘေးတွဲချိုးရာမှာ ကိုယ့်နည်းကိုယ့်ဟန် ကိုယ့်ဒီဇိုင်းနဲ့ အချိုးကျတာရော မကျတာရော တွေ့နေရတုန်းပါပဲ ...
တောင်ငူက စက်မှုလက်မှုပညာရှင်တွေအနေနဲ့ တောင်ငူမူဟန်မပျက် ကျစ်လစ်လှပတဲ့ ဘေးတွဲဆိုင်ကယ်တွေ တွဲစပ်နိုင်ဖို့ ဆိုက်ကားဆရာတွေကို ကူညီဖို့လိုအပ်နေသေးတယ်လို့ ကျနော်တွေးနေရင်း ...။
ကိုဇင် အဓိပတိပစ္စယော
၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။