တောင်ကိုရီးယား အဆိုတော်တွေဟာ အဆိုတော်မှန်ရင် ရုပ်ချောရမယ်၊ ချစ်စဖွယ်မျက်နှာနဲ့ ရင်သပ်ရှုမောဖွယ် ခန္ဓာကိုယ်ရှိရမယ်။ ငယ်ရွယ်ရမယ်။ ဒီလိုအချက်အလက်တွေနဲ့ ပြည့်စုံမှ အောင်မြင်ကျော်ကြားတဲ့ အဆိုတော်တစ်ယောက်အဖြစ် ပရိသတ်က လူသိများကြမယ်။ ဒါတွေက အောင်မြင်တဲ့ အဆိုတော်တစ်ယောက်ရဲ့ အောက်ပါအချက်အလက်တွေနဲ့ ပြည့်စုံမှုတစ်ရပ်ပါ။ ဒါပေမဲ့ ဒါတွေ တစ်ခုမှမပါပဲ ကမ္ဘာကို ကိုင်လှုပ်သွားနိုင်တဲ့ အဆိုတော်တစ်ယောက်ရှိပါတယ်။ သူက ရုပ်လည်းမချောဘူး။ အသက်ကလည်း ၃၄နှစ်။ ခန္ဓာကိုယ်ကလည်း ဆယ်ကျော်သက်တွေ ရင်ခုန်လောက်တာမျိုး တစ်ခုမှမရှိဘူး။ နောက်ပြီး အိမ်ထောင်သည်တစ်ယောက်လည်း ဖြစ်တယ်။ ဒါပေမဲ့ သူဟာ ကုလအတွင်းရေးမှူး ဘန်ကီမွန်းကိုယ်တိုင် ဂုဏ်ယူရလောက်တဲ့သူ၊ တောင်ကိုရီးယားမှာ ဆယ်စုနှစ်တစ်ခုအတွင်း အအောင်မြင်ဆုံး ရက်ပ်ပါတစ်ယောက်အဖြစ် စံချိန်တင်နိုင်သူ၊ နိုင်ငံပေါင်းများစွာရဲ့ဇယားထိပ်မှာ နံပါတ်တစ်အဖြစ် စံချိန်ချိုးခဲ့တဲ့ ပီအက်စ်ဝိုင်(ခေါ်)ရက်ပ်ပါ ပါ့ခ်ဂျေးဆန်ပဲဖြစ်ပါတယ်။ သူ့ရဲ့ ဂန်းနန်စတိုင်လ်ဟာ ကိုရီးယားမှာ သာမက ကမ္ဘာမှာပါ ကျော်ကြားခဲ့တယ်။ သူ့အကြောင်းကို ဒီတစ်ပတ်မှာ ပရိသတ်များအတွက် တင်ဆက်ပေးလိုက်ရပါတယ်။
Q. ခင်ဗျားအနေနဲ့ ဂန်းနန်စတိုင်လ်ဟာ ဒီလိုနာမည်ကျော်ကြား လာလိမ့်မယ်လို့ မျှော်လင့်ထားခဲ့လား။
A. ဟင့်အင်း။ ကျွန်တော်လုံးဝကို မမျှော်လင့်ထားတာ။ ကျွန်တော် သီချင်းတစ်ပုဒ်ရေးတိုင်း လူတွေ ကျွန်တော့်သီချင်းကို ကြိုက်ကြမယ်လို့ မျှော်လင့်တယ်။ ဒါပေမဲ့ ကျွန်တော် အဆိုတော်တစ်ယောက် စဖြစ်ကတည်းက ပြည်ပကလူတွေ ကျွန်တော့်သီချင်းကို နားထောင်ခဲ့ဖူးတာ တစ်ခါမှ မဖြစ်ခဲ့ဖူးဘူး။ ဒါကြောင့် ကျွန်တော့်မှာ ပြည်ပကပရိသတ် မရှိခဲ့ဘူး။ ကျွန်တော် သီချင်းတစ်ပုဒ် ရေးတဲ့အခါ တစ်ခုပဲ စိတ်ထဲထည့်ထားတယ်။ အဲဒါက ရယ်စရာကောင်းတဲ့ သီချင်းတစ်ပုဒ် ဖန်တီးဖို့ပဲ။
Q. ဒီသီချင်းဟာ ဘာကြောင့် ပြည်ပအထိ ကျော်ကြားသွားတယ်လို့ ထင်လဲ။
A. အမှန်အတိုင်းပြောရရင် အဲဒါက အခွင့်အလမ်းတစ်ရပ်ပဲလို့ မြင်ပါတယ်။ ကျွန်တော် ဒီသီချင်းကို ပြည်ပနိုင်ငံတွေမှာ ပေါက်တဲ့အထိ မရည်ရွယ်ခဲ့ဘူး။ ကျွန်တော့်သီချင်းကို တခြားနိုင်ငံက မီဒီယာတွေ ရေးသားကြတယ်လို့ ကြားတဲ့အခါ ကျွန်တော့်ကိုယ်ကျွန်တော် မယုံရဲခဲ့ဘူး။ ကျွန်တော့်ရဲ့ ရုပ်ရည်ကြောင့်လား ဆိုပြီးတော့တောင် စဉ်းစားမိတယ်။ ကျွန်တော်ရုပ်က တခြားကိုရီးယားအဆိုတော်တွေနဲ့ ယှဉ်ရင် တခြားစီပဲလေ။
Q. ကျွန်တော်တို့ တခြား မိန်းကလေး အတော်များများကို မေးကြည့်ပြီးသွားပြီ။ သူတို့က ခင်ဗျားကို နှစ်လိုဖွယ် ကောင်းတဲ့သူလို့ ဆိုကြတယ်။ ဒါပေမယ့် ခင်ဗျားရုပ်က သိပ်အချောကြီးထဲမှာ မပါဘူး။ အဲဒါ ခင်ဗျား လက်ခံလား။
A. ကျွန်တော့်ရုပ်က ရုပ်ချောတယ်လို့ ဆိုကြတဲ့ပုံစံထဲမှာ မပါတဲ့ ဆွဲဆောင်မှုတစ်ခုရှိတဲ့သူလို့ ပြောချင် ပြောလို့ရမယ်ထင်တယ်။
Q. ကိုရီးယားဂီတဟာ ဟာသတွေ ပိုပြီးပါသင့်တယ်လို့ ခင်ဗျား လက်ခံလား။
A. အဲဒီစကားကတော့ ကျွန်တော့်အတွက် သီးသန့်ဆိုရင်တော့ ဖြစ်ကောင်းဖြစ်မှာပါ။ တခြားကိုရီးယား အဆိုတော်တွေကိုတော့ တွန်းအားပေးလို့ မရပါဘူး။ ကျွန်တော် နောက်တာပါ။
Q. ဂန်းနန်စတိုင်လ်နဲ့ ပတ်သက်ပြီး ဘယ်လိုထင်လဲ။
A. ဒီသီချင်းက နာမည်ကြီးလာတော့ လူတွေက ကျွန်တော့်ကို မေးကြတယ်။ ဒီသီချင်းရဲ့ နောက်ကွယ်မှာ ပေးချင်တဲ့ဟာက ဘာလဲပေါ့။ ခေတ်ရဲ့ စီးပွားရေးအခြေအနေက ဆိုးနေတယ်။ ရာသီဥတုကလည်း တဖြည်းဖြည်း ပူအိုက်လာနေတယ်။ ကျွန်တော် လူတွေကို အဲဒီ့သောကအပူတွေကြားထဲက ယာယီမေ့ပျောက်သွားချင်တဲ့ ဆန္ဒရိုးရိုးလေးနဲ့ ဖန်တီးခဲ့တာပါ။
Q. ဒီလို မြင်းစီးတဲ့ အကက ဘယ်လိုဖြစ်လာခဲ့တာလဲ။
A. ကျွန်တော် ငယ်ငယ်လေးကတည်းက ဟာသသီချင်းတွေ၊ အကတွေ ဖန်တီးဖို့ကြိုးစားခဲ့တယ်။ ဒါပေမဲ့ မိန်းကလေးတွေရဲ့အာရုံစိုက်မှုကို လိုချင်တာတစ်ခုတည်း သက်သက်ရယ်ပါ။ ရယ်စေချင်လို့။ ကျွန်တော် သမားရိုးကျ အကတွေကို ဖန်တီးလို့ မရဘူး။ ကျွန်တော်နဲ့ အံမ၀င်ဘူး။ ဘယ်သူက ပိုပြီးရယ်အောင် ကနိုင်လဲဆိုတာနဲ့ ပတ်သက်ပြီး ကျွန်တော် ပြိုင်ပွဲတွေ လုပ်ပြီး ပြိုင်ခဲ့ဖူးတယ်။
Q. ခင်ဗျားနောက်အပတ်ဆို အမေရိကန်ကို လာမယ်လို့ ကိုရီးယားမီဒီယာတချို့က ရေးနေကြတယ်။ ခင်ဗျားနဲ့ ဂျက်စတင်ဘီဘာတို့တွဲပြီး တစ်ခုလုပ်မယ်လို့ ကြားရတယ်။ အဲဒါဟုတ်လား။
A. မဟုတ်ပါဘူး။ အမှန်ကတော့ ဂျက်စတင်ဘီဘာ အခွေတွေကို ထုတ်တဲ့ ထုတ်လုပ်သူ စကော်တာဘရွန်နဲ့ သွားတွေ့မှာကတော့ မှန်ပါတယ်။ မစ္စတာဘရွန်က ကျွန်တော်နဲ့သူ တွေ့မယ်လို့ တွစ်တာ (Twitter) မှာရေးထားခဲ့တယ်။ သာမန်တွေ့ဆုံမှုတစ်ခုပါပဲ။ သတင်းထောက်တွေ ဘယ်လိုအနံ့ ရကြလဲတော့မသိဘူး။ မသိရင် ကျွန်တော်နဲ့ဂျက်စတင်ဘီဘာနဲ့က အစကတည်းက သူငယ်ချင်းတွေ ကျနေတာပဲ။ ကျွန်တော်နည်းနည်းလေး စိတ်ကသိကအောက်တော့ ဖြစ်မိတယ်။ အမှန်အတိုင်းပြောရရင်ကျွန်တော် အမေရိကန်ကလူတွေ ကျွန်တော့်ကို အသိအမှတ်ပြုကြတာ လုံးဝမမျှော်လင့်ထားခဲ့ပါဘူး။ ကျွန်တော် အဲဒီနေရာကို ရောက်ရင် မီဒီယာတွေနဲ့ အမေးအဖြေလုပ်ဖို့ပဲ အစီအစဉ် ရှိထားတာပါ။
Q. ခင်ဗျားအနေနဲ့ အမေရိကန်မှာ ပညာသင်ခဲ့ဖူးတယ်လို့ ကြားရတယ်။ အဲဒီအချက်က ခင်ဗျားဂီတကို အကျိုးသက်ရောက်မှု ဘယ်လိုရှိစေခဲ့လဲ။
A. ကျွန်တော် အမေရိကန်မှာ ၁၉၉၆ခုနှစ်ကနေ ၂၀၀၀ပြည့်နှစ်အထိ နေခဲ့ပါတယ်။ ကျွန်တော် ၁၉၉၇ခုနှစ်မှာ ဘော့စတွန်က ဘာကလီ ဂီတကောလိပ်မှာ တက်ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်က စာသိပ်ကြိုးစားတဲ့သူ မဟုတ်ဘူး။ ကျွန်တော် ကျောင်းပြေးနေတာများတယ်။ အဲဒီအချိန်တုန်းက ကျွန်တော့်ကိုယ်ကျွန်တော် စဉ်းစားမိခဲ့တာက ကျွန်တော်ဟာ ကျောင်းမှာ ထူးထူးချွန်ချွန် သင်ယူနိုင်တဲ့သူ မဟုတ်ဘူးလို့ ကိုယ့်ကိုယ်ကိုယ် သံသယရှိခဲ့တယ်။ ဂီတဆိုတာ တခြားသူတွေဆီကနေ သင်ယူလို့ရတဲ့အရာ မဟုတ်ဘူး။ တစ်ခါတလေကျရင် ကျွန်တော် ကျောင်းမှာ လွတ်ခဲ့တဲ့ ဂီတသင်ခန်းစာအချိန်တွေကို ပြန်နောင်တရမိတယ်။ ကျွန်တော်ရက်ပ်ပါတစ်ယောက် ဖြစ်လာခဲ့ချိန်မှာ အက်မီနမ်နဲ့ တူးပက်သီချင်းတွေ အတော်များများ နားထောင်ဖြစ်ခဲ့တယ်။ ကျွန်တော် သူတို့ရဲ့သီချင်းတွေ၊ စာသားတွေကို ကြိုက်တယ်။
Q. ခင်ဗျားရဲ့ ပီအက်စ်ဝိုင်က ဘယ်လိုကနေ ဘယ်လိုဖြစ်ခဲ့တာလဲ။
A. ဒီနာမည်က ကျွန်တော့်ရဲ့ ပထမဆုံးအယ်လ်ဘမ် (Psy from the Psycho World) ကနေ လာတာပါ။ ဆိုက်ကိုဆိုတဲ့ စကားကနေ လာတာပါ။ ဆိုလိုတာက ကျွန်တော်ဟာ တစ်ခုခုနဲ့ပတ်သက်ပြီး အရမ်းကို ရူးသွပ်နေတဲ့သူပေါ့။ ခင်ဗျားဟာ တစ်ခုခုနဲ့ ပတ်သက်ပြီး ရူးသွပ်နေရင် အဲဒီလိုင်းမှာ ခင်ဗျားဟာ စပါယ်ရှယ်လစ်တစ်ယောက်ပဲ။ ကျွန်တော် ဂီတနဲ့ပတ်သက်ပြီး အရမ်းကို စိတ်အားထက်သန်ပြီး ရူးသွပ်တဲ့သူတစ်ယောက်ဆိုတာ ပြောတာပါ။
ဂီတလောကရဲ့ ဆိုက်ကိုတစ်ယောက်အကြောင်း ဒီမျှနဲ့တင်ပြရင်း ရပ်နားလိုက်ရပါတယ်။
Ref: 8 Days Journal
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။