သူ၏ မိဘနှစ်ဦးစလုံးကို အသက်ဆုံးရှုံးစေခဲ့သည့် အသည်းကင်ဆာ ဖြစ်ပွားစေသော အကြောင်းရင်းကို ဆေးကျောင်း မတက်မီအထိ နာရောင်းခန်တီကီယို မသိခဲ့ပေ။
ထိုင်းနိုင်ငံ အရှေ့မြောက်ဘက်တစ်လျှောက် ကျေးလက်ဒေသများ၌ နေထိုင်သည့် လူပေါင်းသန်းနှင့် ချီလျက်ကဲ့သို့ပင် သူ၏မိသားစုသည် ကိုအီပလာဟု ခေါ်သော ငါးဟင်းလျာကို ပုံမှန်စားသုံးကြသည်။ ကိုအီပလာဟူသည် ငါးအစိမ်းကို ငရုတ်သီးများ သံပရာများဖြင့်ရောထောင်းထားသည့် ဒေသခံ ဟင်းလျာတစ်မျိုးဖြစ်သည်။
အနံ့စူးရှသော ယင်းဟင်းလျာသည် ဈေးသက်သာပြီး မြန်မြန်ဆန်ဆန် ပြုလုပ်နိုင်သည့်အပြင် အရသာလည်း ရှိသည်။ သို့သော် ယင်းငါးသည် သေစေနိုင်သည့် အသည်းကင်ဆာရောဂါကို ဖြစ်ပွားစေသော ကပ်ပါးပိုးများ၏ အကြိုက်လည်း ဖြစ်သည်။ ထိုင်းနိုင်ငံတွင် နှစ်စဉ် အသည်းကင်ဆာရောဂါကြောင့် သေဆုံးသူပေါင်း ၂၀,၀၀၀ ရှိသည်။
ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းရှိ ကျယ်ပြောကာ ဆင်းရဲသား ပေါသောဒေသဖြစ်သည့် အီဆာအန်းတွင် မျိုးဆက်နှင့် ချီလျက် ကိုအီပလာကို စားသုံးလာခဲ့ကြပြီး ယခုအခါ ယင်းဒေသသည် ကမ္ဘာပေါ်တွင် သည်းခြေပြွန် ကင်ဆာ (CCA) ဖြစ်ပွားမှုနှုန်း အမြင့်မားဆုံးဖြစ်ကြောင်း သိရသည်။
CCA ဖြစ်ပွားရသည့် အဓိက အကြောင်းရင်းတစ်ရပ်မှာ သန်ပြားကောင် တစ်မျိုးကြောင့်ဖြစ်ပြီး ယင်းသန်ကောင်၏ မူရင်းဇာတိမှာ မဲခေါင်ဒေသဖြစ်ပြီး ရေချိုငါးများစွာတို့တွင် တွေ့ရသည်။
ယင်းသန်ကောင်ကို စားမိသည်နှင့် သန်ကောင်များသည် စုံစမ်းထောက်လှမ်း၍ မရဘဲ သည်းခြေပြွန်တွင် နှစ်ချီလျက်ရှိနေကာ ရောင်ရမ်းခြင်းကို ဖြစ်စေနိုင်သည်။ ယင်းက အချိန်နှင့်အမျှ ဆိုးရွားသည့် ကင်ဆာရောဂါဖြစ်စေရန် လှုံ့ဆော် နိုင်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုသည်။
“ဒီဒေသတစ်ဝိုက်မှာ ဒါက သိပ်ကိုကြီးမားတဲ့ ကျန်းမာရေး ၀န်ထုပ်ဝန်ပိုးပါ။ ဒါက မိသားစု၊ ပညာရေးနဲ့ လူမှုစီးပွား ဖွံ့ဖြိုးမှုတွေအပေါ် သက်ရောက်စေပါတယ်”ဟု အသည်း ခွဲစိတ်ဆရာဝန်ဖြစ်လာသူ နာရောင်းက ဆိုသည်။
Writer:
Ref: AFP
http://news-eleven.com/international/39121
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။