Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, July 30, 2017

ဗုဒ္ဓဘာသာနှင့် အာဏာရှင်စနစ် (၄) (၅) (၆)

ဗုဒ္ဓဘာသာနှင့် အာဏာရှင်စနစ် (၄) (၅) (၆)
———————————————————
မောင်သာမည, DVB
BurmaDemocracy, 29 July 2017
ဗုဒ္ဓဘာသာနှင့် အာဏာရှင်စနစ် (၄)
——————————————
မြန်မာနိုင်ငံမှာ နေထိုင်ကြတဲ့ လူဦးရေ ကိုးဆယ် ရာနှုန်းလောက်ဟာ ဗုဒ္ဓ ဘာသာဝင်များ ဖြစ်ကြပါတယ်။ သည် ဗုဒ္ဓဘာသာဝင်များ နိစ္စဓူဝ ဆုတောင်း နေတဲ့အရာကတော့ နိဗ္ဗာန် ဆိုတဲ့ လွတ်မြောက်မှုပါ။ လွတ်မြောက်မှုကို တဖွဖွဆုတောင်းနေကြတဲ့ ဗုဒွ့ဘာသာဝင် အများအပြား နေထိုင်ရာ မြန်မာနိုင်ငံဟာ အာဏာရှင်စနစ်အောက်က မလွတ်မြောက် နိုင်သေးဘဲ အကျဉ်းအကျပ် အချုပ်အနှောင် အမျိုးမျိုးအောက်မှာ နှစ်ပေါင်းများစွာ တည်နေရတာကတော့ ကံကြမ္မာရဲ့ လှောင်ပြောင်မှု (Irony of Fate)လို့ ပြောရပါလိမ့်မယ်။

ဗုဒ္ဓမြတ်စွာအသက်ထင်ရှားရှိစဉ်က ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့ ဝေသာလီနိုင်ငံကို နှစ်သက် သဘောကျတဲ့အကြောင်း ပြောခဲ့တာတွေကို ပိဋကတ်စာပေထဲမှာ တွေ့ နိုင်ပါတယ် ။ ဗုဒ္ဓဖွဲ့စည်းခဲ့တဲ့ သံဃာအဖွဲ့ကို လေ့လာကြည့်မယ်ဆိုရင်လည်း ဒီမိုကရေစီဆန်တဲ့ ကျင့်စဉ် တွေ အများအပြားပါဝင်တာကို တွေ့ ရပါလိမ့်မယ်။ ဒါပေမယ့် မြတ်ဗုဒ္ဓရဲ့ တရားတော်များနဲ့  သံဃာတော်များရဲ့ ဆုံးမသွန်သင်မှုအောက်မှာ ရှိနေတယ် ဆိုတဲ့ မြန်မာနိုင်ငံသားတွေကတော့ ဒီမိုကရေစီနဲ့ အဝေးကြီး ဝေး နေဆဲ ဖြစ်ပါတယ်။
ဒါကို မထောက်မညှာ ပြန်သုံးသပ်ကြည့်မယ်ဆိုရင် ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံသား တွေဟာ ကိုယ့်ကိုယ်ကိုယ် ဗုဒ္ဓ ဘာသာဝင်အဖြစ် သတ်မှတ်ထားပေမဲ့ တကယ့်ဗုဒ္ဓဘာသာရဲ့  အနှစ်သာရဟာ ဘာလဲ၊ တကယ့်ဗုဒ္ဓဘာသာရဲ့ ကျင့်စဉ်တွေ ဟာ ဘာလဲဆိုတာကို အလေး အနက်ထားပြီး လေ့လာသင်ယူကြရဲ့လား၊ ပီပီပြင်ပြင် ကျင့်ကြံကြရဲ့လားဆိုတာ မေးခွန်း ထုတ်စရာပါ။
ယခင်ဆောင်းပါးမှာ တင်ပြခဲ့တဲ့ ကာလမသုတ္တန်တရားဆိုရင် ဘာသာရေးကို လေ့လာ လိုက်စားတဲ့ ခေတ်ပညာတတ်တချို့ ကသာ သိကြပေမယ့် အများစုကတော့ သိကြမှာ မဟုတ်ပါဘူး။ သိကြသူတွေကလည်း သည်တရားကို လိုက်နာ ကျင့်ကြံကောင်းမှ ကျင့်ကြံကြပါမယ်။ ပိဋကတ်ကျမ်းစာထဲမှာ ပါတယ်ဆိုပြီး အမှန်လို့ မယုံလိုက်နဲ့၊ ကိုယ့်ဆရာသမားက ပြောတာ၊ ရဟန်းသမဏက ပြောတာဆိုပြီး အမှန်လို့မယူလိုက်နဲ့ စသဖြင့် အဆင်ခြင်မဲ့တဲ့ အရမ်းယုံ အကန်းယုံ (Blind Faith)ကို တားမြစ်ပြီး ဘယ်အရာကိုမဆို ပညာနဲ့ ဝေဖန်စမ်းသပ်ပီးမှ ဆောင်ဖို့ ရှောင်ဖို့ သတိပေးခဲ့တဲ့ ကာလာမ တရားတော်ကို အလေးအနက် လိုက်နာသူ ရှားပါး ပါလိမ့်မယ်။
စာတလုံး ဘုရားတဆူဆိုတဲ့ အယူအဆက မြန်မာပြည်မှာ ထွန်းကားနေပြီး ဘုန်းကြီး တပါး တရားဟောရင် နားမလည် ပေမယ့် သာဓုခေါ်ဖို့တော့ အဆင်သင့် ဖြစ်နေ တတ်တဲ့ ဓလေ့ကို ထောက်ဆရင် ကာလာမသုတ်က ပြောတဲ့ ရဲရဲရင့်ရင့် ဝေဖန်မှုမျိုး ရှားပါးတယ်လို့  ကောက်ချက်ချ ရမှာပါ။ နားမလည်ဘဲနဲ့ နားလည်သယောင် ဟန်ဆောင်ပြီး ကောင်းလေစွ ကောင်းလေစွလို့ လုပ်တာမျိုး၊ သံသယရှိနေပါလျက် သံသယကို ဖုံးကွယ်ပြီး ထောက်ခံစကား ပြောကြား တာမျိုးဟာ ဗုဒ္ဓဘာသာ ကျင့်စဉ်မဟုတ်ပါဘူး။ အာဏာရှင်စနစ်ရဲ့ လက်ညှိုးထောင် ခေါင်းငြိတ်ဓလေ့သာ ဖြစ်ပါတယ်။
လွတ်လပ်စွာတွေးခေါ်ယူဆခွင့်၊ လွတ်လပ်စွာ ဝေဖန်ပြောဆိုခွင့်တွေကို လုံးဝပိတ်ပင် တားမြစ်နေတဲ့ အာဏာရှင် စနစ်အောက်မှာ နှစ်ပေါင်းများစွာနေထိုင်ခဲ့ရတာ ဖြစ်တဲ့အတွက် ရဲရဲရင့်ရင့်ဝေဖန်ရေးဆိုတဲ့ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုဟာ ပျောက်ကွယ်သလောက် ဖြစ်နေပါပြီ။ အမိန့်ဟူသမျှနာခံကြဆိုတဲ့ အာဏာရှင် အရိုင်းဓလေ့က လွှမ်းမိုး နေပြီလားလို့  ဗုဒ္ဓဘာသာဝင် များ ပြန်လည် စစ်ဆေးသင့်ပါပြီ။
ဗုဒ္ဓဘာသာတရားကို ပြတ်ပြတ်သားသား မကျင့်သုံးနိုင်ကြလို့အာဏာရှင်စနစ်က လွှမ်းမိုး၊ အာဏာရှင်စနစ်က လွှမ်းမိုးလို့ ဗုဒ္ဓဘာသာတရားတွေ တိမ်ကော၊ ဗုဒ္ဓဘာသာ တရားတွေ တိမ်ကောပျောက်ကွယ်လို့အာဏာရှင်စနစ်က ပိုပြီး အားကောင်း၊ ဒီလိုနဲ့ မြန်မာ နိုင်ငံမှာ အာဏာရှင် စနစ် အမြစ် တွယ်ပြီး စည်ပင်ကြီးထွားနေခဲ့ရတာလို့  ဆိုနိုင်ပါတယ်။
ကာလာမသုတ္တန်တရားကို ဗုဒ္ဓဘာသာဝင်တွေ မေ့ပျောက်ပစ်ကြပုံနဲ့ ပတ်သက်ပြီး သီရိလင်္က နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ စစ်တမ်း တခုအကြောင်း ပြောပြချင်ပါတယ်။
တက္ကသိုလ်ကျောင်းသား သုံးရာတက်ရောက်တဲ့ အစည်းအဝေးတခုမှာ ကာလာမ သုတ္တန်ကို သိသူ ဘယ်နှယောက် ရှိသလဲ ဆိုတာ စစ်တမ်းကောက်ယူခဲ့တာပါ။ ပရိသတ်သုံးရာ ထဲမှာ ရဟန်း အပါးနှစ်ဆယ်လည်း ပါဝင်ပါတယ်။
စစ်တမ်းအရ သိတဲ့သူက သံဃာတစ်ပါး လူနှစ်ယောက် စုစုပေါင်းမှ သုံးဦးပဲ ရှိပါတယ်။ သိသူသုံးဦးကို သေသေချာချာ မေးကြည့်တော့ လည်း ကာလာမသုတ္တန်တရားရဲ့  ဆိုလိုချက် အနက်အဓိပ္ပါယ်ကို လုံးစေ့ပတ်စေ့ နားမလည်ကြောင်း တွေ့ ရပါတယ်။
ဗုဒ္ဓဘာသာ အလွန် ထွန်းကားတယ်ဆိုတဲ့ သီရိလင်္ကာနိုင်ငံမှာ သည်လို ကမ္ဘာကျော် ဗုဒ္ဓတရားကို သိရှိရကောင်းမှန်းမသိ၊ လိုက်နာကျင့်ကြံရကောင်းမှန်းမသိဖြစ်နေတာကတော့ စိတ်မကောင်းစရာပါ။ သီရိလင်္ကာနိုင်ငံရဲ့ လူဦးရေ ခုနှစ်ဆယ် ရာခိုင် နှုန်းလောက်က ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ပါတယ်။
ဗုဒ္ဓဘာသာဝင် သီရိလင်္ကာနိုင်ငံသားတွေဟာ ဗုဒ္ဓတရားတော်တွေကို လေးလေးနက်နက် လိုက်နာကျင့်သုံးခြင်း မရှိကြတော့ တဲ့အတွက် သီရိလင်္ကာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အကြမ်းဖက်မှုတွေ ထွန်းကားလာနေတာလို့ စစ်တမ်း ကောက်ယူတဲ့ သူက ကောက်ချက်ချပါတယ်။
မြန်မာနိုင်ငံမှာလည်း သည်တရားကို သိရှိကျင့်သုံးသူ အများအပြားရှိကြောင်း အထောက် အထား မတွေ့ ရပါဘူး။ သည်တရားနဲ့ ပတ်သက်ပြီး ဟောကြားထားတာတွေ ရေး သား ထား တာတွေကို အနည်းအကျဉ်းပဲ တွေ့ ရပါတယ်။ မိသားစု နေအိမ်တွေနဲ့ စာသင်ခန်း တွေမှာလည်း ဝေဖန်ရေး ယဉ်ကျေးမှု မထွန်းကားသလို ဗုဒ္ဓတရားတော်များကို သင်ကြားဟောပြောနေတဲ့ ဘုရားကျောင်းကန်များမှာလည်း ဝေဖန်ရေး ယဉ်ကျေးမှုကို ကျယ်ကျယ်ပြန့် ပြန့်  မတွေ့ရပါဘူး။
ဝေဖန်ရေးလို့ဆိုလိုက်တာနဲ့တီကိုဆားနဲ့တို့လိုက်သလိုမျိုး တွန့်သွား ရွံ့သွား တော့ တာ ပါပဲ။ တယောက်နဲ့ တယောက် တဖွဲ့နဲ့တဖွဲ့  မဟုတ်မတရား စွပ်စွဲပုတ်ခတ် ပြောဆိုတာ မျိုး ကို ဝေဖန်ရေးလို့သတ်မှတ်နေကြတာပဲများပါတယ်။ ဗုဒွ့ဘာသာ ဟောညွှန်ခဲ့တဲ့ တကယ့် ဝေဖန်ရေးယဉ်ကျေးမှုကို မျက်ကွယ်ပြုခဲ့ကြတဲ့အတွက် အသိပညာရှိရှိ ဝေဖန်တာမျိုး၊ အကျိုးသင့် အကြောင်းသင့် ဝေဖန်တာမျိုး၊ မေတ္တာဖြင့် ဝေဖန်ထောက်ပြတာမျိုးကို မလုပ်တတ်တော့ သလောက် ဖြစ်နေပါပြီ။
ဗုဒ္ဓအလိုကျ ဝေဖန်ရေးမျိုးနဲ့ အသိဥာဏ်ဖွင့်ပေးတဲ့ အလုပ်ကို လုပ်တဲ့သူများ ကျပြန် တော့လည်း အာဏာရှင်များက မလိုလားကြပြန်ဘူး။ ဝေဖန်ရေးစာပေတွေ ရေးသား ထုတ်ဝေ နိုင်ခြင်းမရှိအောင် စာပေစီစစ်ရေးဌာနများ ဖွင့်လှစ်ပြီး တားဆီးသလို စာပေစီစစ်ရေးကို ကျော် လွန်ပြီး ဝေဖန်ရေး လုပ်တဲ့သူတွေကိုလည်း ဖမ်းဆီးထောင်ချ နေပါတယ်။
အကျဉ်းထောင်ထဲမှာ နှစ်ရှည်ထောင်ဒဏ် ကျခံနေကြတဲ့ ရဟန်းသံဃာတော်များ၊ နိုင်ငံရေး သမားများ၊ စာရေးဆရာ သတင်းစာဆရာများ အစရှိသူတွေဟာ အာဏာရှင်စနစ်ရဲ့ ဆိုးဝါးပုံတွေကို စေတနာနဲ့ရဲရဲရင့်ရင့် ထောက်ပြ ဝေဖန်တာ ကြောင့် သည်လိုအပြစ်ဒဏ်များ ကျခံနေရတာပါ။
ဒါကြောင့် အာဏာရှင်စနစ်ဟာ ဗုဒ္ဓဘာသာရဲ့ တကယ့် တရားကောင်း တရားမြတ်တွေကို ဖျက်ဆီးပစ် နေတယ်လို့ ပြောရတာပါ။ လက်ရှိအနေအထားကို ပြန်ကြည့်လိုက်မယ်ဆိုရင် အာဏာရှင်စနစ်ဟာ ဗုဒ္ဓဘာသာ နယ်ပယ်ကို လည်း ထင်သလို ချယ်လှယ်နေပြီလို့ပင် ပြောနိုင်ပါတယ်။ ရဟန်းသံဃာများပင်လျှင် ပြည်သူလူထုနည်းတူ အာဏာရှင်စနစ်ရဲ့ အောက်မှာ လွတ်လွတ်လပ်လပ် လှုပ်ရှားလို့မရနိုင်အောင် အဖိနှိပ်ခံနေရပြီ ဖြစ်ပါတယ်။
ဗုဒ္ဓသာသနာတော်ကိုတည်တံ့ပြန့်ပွားအောင် လုပ်မယ်လို့ ကြွေးကြော်နေတဲ့ သာသနာ့ဝန်ထမ်း တချို့ဟာလည်း အာဏာ ရှင်တွေ နဲ့ ပေါင်းမိသွားပီး အာဏာနဲ့ သာသနာ ပြုမယ်ဆိုတဲ့ အထိ အယူရိုင်းတွေ ၀င်နေပါတယ်။ အာဏာနဲ့ သာသနာ ပြုမယ်ဆိုတဲ့ အယူရိုင်းကြောင့် ဘာသာရေးစစ်ပွဲတွေ ဖြစ်ခဲ့တာ သမိုင်းမှာ အထင်အရှား ရှိပါတယ်။
လူ့လောကကြီး ငြိမ်းချမ်းသာယာဖို့အတွက် ကိုယ်ကိုယ်တိုင်လည်း သမာတရား တွေကို ကျင့်ကြံလိုက်နာရမှာဖြစ်သလို လူသားတွေကိုလည်း သမာတရား တွေ ကျင့်ကြံ အား ထုတ် လာအောင် သွန်သင်ပြသပေးဖို့ပဲ ရှိပါတယ်။ တခြား နည်းလမ်းတွေဟာ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ကို ဖော်ဆောင်နိုင်ခြင်း မရှိပါဘူး။
ဒါပေမယ့် မြန်မာနိုင်ငံက သာသနာ့ဝန်ထမ်းတချို့ကတော့ အာဏာရှင်အလိုကျ အာဏာနဲ့ ငြိမ်ဝပ်ပိပြားအောင် လုပ်ဖို့ အားပေးအားမြှောက် လုပ်နေကြပါတယ်။
မြတ်ဗုဒ္ဓလမ်းညွှန်ခဲ့တဲ့ တရားတော်တွေကို တန်ဖိုးထားရမယ့်အစား အာဏာရှင်တွေက ပေးတဲ့ ဘွဲ့လက်မှတ်တွေကို ပိုပြီးတန်ဖိုးထားသူက ထားနေကြပါပြီ။ လွတ်လပ်ခြင်း ၀ိမုတ္တိရသ ထက် အာဏာရှင်က ပေးတဲ့ကျောင်းကန်များကို ပိုပြီးတပ်မက်သူက တပ်မက် နေကြပါပြီ။ လွတ်လပ်စွာပြောဆိုခွင့် ဆွေးနွေးခွင့် ဝေဖန်ခွင့်တွေကို အကြီးအကျယ် ပိတ်ပင် နေတဲ့ စာပေ စီစစ်ရေးလို အသိပညာ ဖျက်ဆီးရေးလုပ်ငန်းများမှာပင် အားတက်သရော ပါဝင်သူက ပါဝင် နေပါပြီ။
အာဏာရှင်က ချီးမြှင့်တဲ့ ဘွဲ့ထူးဂုဏ်ထူး ဆုတံဆိပ်တွေနဲ့ လုပ်ပိုင်ခွင့်အာဏာကို တပ်မက်ယစ်မူးပြီး သာသာရေးအာဏာရှင်များဘ၀မှာ ကျေနပ်နေသူတွေရဲ့ အရေအတွက် မနည်းလှတာကို ကြည့်ရင် အာဏာရှင်စနစ်က ဗုဒ္ဓဘာသာကို ဘယ်လောက် အတိုင်းအတာအထိ ဖျက်ဆီးနေပြီလဲဆိုတာ အလွယ်နဲ့  တွက်ချက်နိုင်ပါတယ်။ ။
မောင်သာမည
09 March 2011
(ဒီမိုကရက်တစ်မြန်မာ့အသံရေဒီယိုတွင် ထုတ်လွှင့်ခဲ့သော ဆောင်းပါးဖြစ်ပါသည်။)
Credit: ဆရာတော် Dr. Nanda Mala #BurmaDemocracy
———————————————————————
ဗုဒ္ဓဘာသာနှင့် အာဏာရှင်စနစ် (၅)
———————————————
မောင်သာမည, DVB
BurmaDemocracy, 29 July 2017
အာဏာရှင်စနစ်ဆိုတာ လူတယောက် သို့မဟုတ် လူတစုက တိုင်းသူ ပြည်သား လူအများကို အမိန့် အာဏာတွေနဲ့ အုပ်ချုပ်ပြီး ဂုတ်သွေးစုပ်တဲ့ စနစ် ဖြစ်ပါတယ်။ လူလူချင်း အဆင့်အတန်း ခွဲခြားပြီး အာဏာရှိသူက အာဏာမဲ့သူကို မတရား အသုံးချတဲ့ စနစ်ဖြစ်ပါတယ်။ သည်လို အမြတ်ထုတ် သွေးစုပ်နိုင်ဖို့အတွက် တိုင်းသူပြည်သားတွေကို အခိုင်းအစေ ဘ၀မျိုး၊ ကျေးကျွန်ဘ၀မျိုးရောက်အောင် နှိမ့်ချထားပါတယ်။ အာဏာရှင်က သခင် ဖြစ်ပြီး အာဏာမဲ့က ကျွန်ဖြစ်နေရတဲ့ စနစ်ပါ။ ဒါကြောင့် အာဏာရှင်စနစ်ဆိုတာ ကျေးကျွန်စနစ် တမျိုး ဖြစ်ပါတယ်။ လူတွေကို အနိမ့်ဆုံးအဆင့်ရောက်အောင် ပို့ဆောင်ပေးတဲ့ စနစ်လို့ ပြောရပါမယ်။
သခင်က ကျေးကျွန်ကို အပိုင်အနိုင်ထိန်းချုပ်ထားသလိုမျိုး တိုင်းသူပြည်သား တွေကို လုံးဝ ထိန်းချုပ်ထားနိုင်အောင် အာဏာရှင်က စနစ်တကျ စီမံ ထားပါတယ်။ လက်နက်တွေ အမိန့်အာဏာ တွေနဲ့ ခြိမ်းခြောက် ထိန်းချုပ်ထားသလို စားဝတ်နေရေး စီးပွားရေး အခွင့်အလမ်းတွေနဲ့ မက်လုံးပေးပြီးလည်း ထိန်းချုပ်ထားပါတယ်။
ကျေးကျွန်တွေဟာ သူတို့ သခင်ကျွေးမှ စားရသလိုမျိုး ပြည်သူလူထုကို သူတို့ ကျွေးမှ စားရမယ့် ဘဝမျိုး ရောက်အောင် လုပ်ထားပါတယ်။ ထမင်းဝတဲ့သူ ထက် ဗိုက်ဆာနေတဲ့သူကို အုပ်ချုပ်လို့ ပိုလွယ် ကူတယ်လို့ အာဏာရှင်များက ခံယူကြပါတယ်။ ဒါကြောင့် အာဏာရှင် စနစ်အောက်မှာ နေရတဲ့သူ တွေဟာ ဆင်းရဲနေကြပါတယ်။ စားရမဲ့မဲ့ သောက်ရမဲ့မဲ့ ဖြစ်နေကြ ပါတယ်။
အလုပ်လက်မဲ့ အများအပြားဖြစ်အောင် လုပ်ထားတာဟာ အာဏာရှင် စနစ်ရဲ့ နည်းဗျူဟာ တမျိုးပါ။ လူတွေ အငတ်ငတ် အပြတ်ပြတ် ဖြစ်နေလေ အာဏာရှင် များ လုပ်ချင်ရာ လုပ်နိုင်လေပါပဲ။ အာဏာရှင်စနစ်ကို တင်းပြည့် ကျပ်ပြည့် ကျင့်သုံးခဲ့တဲ့ သက်ဦးဆံပိုင် ဘုရင်စနစ် ကြီးစိုးခဲ့တဲ့ ခေတ်ကာလကို ပြန်ကြည့် ရင် ဒါကို အလွယ်နဲ့ မြင်နိုင် ပါတယ်။
အာဏာရှင်တွေဟာ လူတွေကို ရုပ်ပိုင်းဆိုင်ရာအားဖြင့်သာ ကျေးကျွန်ဖြစ်အောင် လုပ်နေတာမဟုတ်ဘဲ အသိဥာဏ်ပိုင်း အားဖြင့်လည်း ကျေးကျွန်ဖြစ်အောင် လုပ်နေပါတယ်။ တိုင်းသူပြည်သားများကို ထားရာနေ စေရာသွား အကြွင်းမဲ့ နာခံသူတွေဖြစ်အောင် ပုံသွင်းရာမှာ အသိပညာ ဆင်းရဲစေတဲ့နည်းဟာ အဓိကကျတဲ့ နည်းလမ်းဖြစ်ပါတယ်။ အသိပညာ ရှိတဲ့သူကို ခြိမ်းခြောက်ဖို့ ခက်သလို အလွယ်တကူလည်း ဖျားယောင်းလို့လည်း မရနိုင်ဘူးဆိုတာ အာဏာရှင်များ သိနေပါတယ်။
အာဏာရှင်တွေ ကိုယ်တိုင်ကလည်း အသိပညာမဲ့သူများ ဖြစ်နေပြီး အသိပညာရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ မိုက်ကျင့် မိုက်ကြံများနဲ့ အာဏာရလာတာဖြစ်တဲ့အတွက် အသိပညာကို တန်ဖိုးမထားတတ်သလို အသိပညာရှင်ကို ကြောက်လည်း ကြောက်၊ မုန်းလည်း မုန်းပါတယ်။ အာဏာရှင်စနစ်အောက်က တိုင်းပြည်မှန်သမျှမှာ ပညာရှင်ရှားပါးပြီး ပညာရေးစနစ် ပျက်စီးနေတာ မထူးဆန်းတဲ့ သဘာဝပါ။
အသိပညာကင်းမဲ့ပြီး အမိုက်မှောင် ဖုံးလွှမ်းတဲ့နေရာဟာ ကျေးကျွန်စနစ် ဒါမှမဟုတ် အာဏာရှင်စနစ်အတွက် ဘူမိ နက်သန် ဖြစ်ပါတယ် ။ ဒါကြောင့် အာဏာရှင်များဟာ ပြည်သူလူထုထံမှာ စီးပွားရေးရော ပညာရေးပါ ဆင်းရဲ ချို့တဲ့အောင် ရည်ရွယ်ချက်ရှိရှိ (တနည်းပြောရရင်) စီမံကိန်းနဲ့ ဆောင်ရွက်ပါတယ်။ လူတွေ ညံ့ဖျင်းလေလေ ကျေးကျွန်စနစ်ကို တည်ဆောက်ဖို့ လွယ် လေလေပါ။
အာဏာရှင်ဟာ ကျေးကျွန်စိတ်ဝင်သွားသူတွေထဲက လူမိုက်ထိပ်ခေါင်တွေကို စိတ်ကြိုက်ရွေးချယ်ပြီး အာဏာရှင်စနစ်ရဲ့ ယန္တရားထဲမှာ ခွေးသွားစိပ်များအဖြစ် ထည့်ပါတယ်။အာဏာတစိတ်တပိုင်းပေးပြီး အချင်းချင်း အနိုင်ကျင့်တဲ့နည်းတွေနဲ့ ရပ်တည်ခိုင်းပါတယ်။ လာဘ်ပေးလာဘ်ယူနည်းတွေနဲ့ ဝမ်းစာ ရှာစေပါတယ်။ မသမာတဲ့ နည်းတွေနဲ့ ဝင်ငွေရအောင် ဖန်တီးပါတယ်။ နိုင်ရာစား စိတ်ဓာတ်ဟာ အာဏာရှင်စနစ်အောက်မှာ ထွန်းကားနေတဲ့ စိတ်ဓာတ် ဖြစ်ပါတယ်။
လာဘ်ပေးလာဘ်ယူတွေ လုပ်နိုင်အောင် မတရားတဲ့ အမိန့်တွေ၊ အယောင်ဆောင် ဥပဒေတွေကို ထုတ်ပြန်ပေးပါတယ်။ နေရာတကာ အကန့်အသတ်တွေ အချုပ်အချယ်တွေကို ချမှတ်ပြီး ငွေရှာကွက်တွေ ဖန်တီးပါတယ်။ သာမန် ပြည်သူ ပြည်သားတွေဟာ သည်အကန့်အသတ်တွေ၊ အချုပ်အချယ်တွေ၊ အမိန့်တွေ၊ ဥပဒေတွေကြားမှာ အသက်မွေးနိုင်ဖို့ အတွက် အာဏာပိုင်များကို လာဘ်ပေးရပါတယ်။ လာဘ်ပေးလာဘ်ယူမှု အကျင့်ပျက် ခြစားမှုတွေဟာ အာဏာရှင် စနစ်ရဲ့ ဓလေ့ စရိုက်များ ဖြစ်ပါတယ်။
နိုင်ရာစား စိတ်ဓာတ်နဲ့ အကျင့်ပျက်ခြစားတဲ့ ဓလေ့စရိုက်များဟာ ခေတ်သစ် ကျေးကျွန်စနစ်တစ်မျိုးဖြစ်တဲ့ အာဏာရှင် စနစ်ကြီး လည်ပတ်နေဖို့အတွက် လောင်စာ ဆီ သဖွယ် အားဖြည့်ပေးနေပါတယ်။
အာဏာရှင်စနစ်ရဲ့ ယန္တရားထဲမှာ ပါဝင်ရတဲ့သူတွေဟာ မသမာတဲ့ နည်းတွေနဲ့ အသက်မွေးနေရတဲ့အတွက် သူတို့ အထက်က အာဏာရှင် အပေါ် ပြန်မလှန်နိုင် တော့ပါဘူး။အာဏာရှင်နဲ့ တဂိုဏ်းတည်းဖြစ်လာပြီး အာဏာရှင် ခိုင်းစေသမျှ ကို လိုက်နာ လုပ်ဆောင် လာရပါတယ်။ ပြည်သူလူထုအပေါ် ညှင်းပန်းနှိပ်စက်တဲ့ လက်မရွံ့များအဖြစ် သရုပ်ဆောင် ကြရပါတယ်။ သည်လိုနဲ့ ပြည်သူပြည်သား အချင်းချင်းကြားမှာ နှိပ်စက်သူနဲ့ နှိပ်စက်ခံရသူ၊ လိမ်လည်သူနဲ့ လိမ်လည် ခံရသူ၊ အနိုင်ကျင့်သူနဲ့ အနိုင်ကျင့်ခံရသူ ဆိုပြီး စိတ်ဝမ်းကွဲပြားမှုတွေ လွှမ်းမိုးနေပါ တော့တယ်။
တယောက်ကို တယောက် ပြောင်လိမ်ရတာတွေ၊ ပြောင်လှည့်ပတ်ရတာ တွေ၊ ပြောင်အနိုင်ကျင့်ရတာတွေကြောင့် အာဏာရှင် စနစ်အောက်မှာ တယောက်ကို တယောက် ရန်သူတွေလို မြင်နေကြပါတယ်။ ရန်ဘက်တွေလို ပြုမူဆက်ဆန် နေပါတယ်။ အိမ်ကြက်ချင်း အိုးမဲသုတ်ပီး ခွပ်ခိုင်းတဲ့ နည်းနဲ့ အာဏာရှင်က တိုင်းသူ ပြည်သားတွေကို ခွဲခြား အုပ်ချုပ် နေတာပါ။
အာဏာရှင်စနစ်- နိုင်ရာစားစိတ်ဓာတ်- အကျင့်ပျက်ခြစားဓလေ့စရိုက်- စိတ်ဝမ်းကွဲပြားမှု- ခေတ်သစ်ကျေးကျွန်ဘဝ သည်လို ကြောင်းကျိုး ဆက်စပ် နေတာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ သည်လို စိတ်ဓာတ်မျိုးတွေ ၊ သည်လို ဓလေ့ စရိုက်မျိုး တွေဟာ ဗုဒ္ဓဘာသာဝင်တွေမှာ ရှိရမယ့် စိတ်ဓာတ်တွေ ဓလေ့စရိုက်တွေနဲ့ လုံးဝ ခြားနားနေပါတယ်။ စိတ်ဝမ်းကွဲမှုတွေ ပတိပက္ခတွေဟာလည်း ဗုဒ္ဓဘာသာဝင် အချင်းချင်းကြားမှာ ဖြစ်ပွားရမဲ့ အရာတွေ မဟုတ်ပါဘူး။ ကျေးကျွန်လို ဘဝတွေ ဟာ လည်း ဗုဒ္ဓဘာသာဝင်တွေနဲ့ လားလားမှ မဆိုင်တဲ့ ဘဝတွေပါ။
ဗုဒ္ဓမြတ်စွာက သူ့ရဲ့တရားတော်တွေကို ကျင့်သုံးရင် ဥတ္တရိမနုဿ လို့ခေါ်တဲ့ အမြင့်မြတ်ဆုံး လူသားများအဖြစ်သို့ ဧကန်ရောက်ရှိရမယ်လို့ ပြောခဲ့ပါတယ်။ မြတ်ဗုဒ္ဓဟောညွှန်တဲ့ သမာတရားတော်တွေဟာ အမြင့်ဆုံးဂုဏ်ရည် တွေကို ရရာရကြောင်း အကျင့်တွေ ဖြစ်လို့ပါပဲ။
ဗုဒ္ဓဘာသာမှာ လူသားများ ကျင့်ကြံအားထုတ်စရာ အဖြစ် သမ္မာ တရား (၈)ပါး ကို ဟောညွှန်ပါတယ်။ သမ္မာတရားဆိုတော့ ဆရာယုဒသန် ဘာသာပြန်သွားတဲ့ ခရစ်ယန် သမ္မာကျမ်းစာ ဘိုင်ဘယ်လ် (Bible) နဲ့ ရောထွေး စရာလိုလို ဖြစ်သွား တယ်။ တကယ်တော့ ဆရာယုဒသန်ဟာ ဗုဒ္ဓဘာသာ ထဲက အနှစ်သာရအရှိဆုံး အရေးပါဆုံး စကားလုံးကို အရယူသွားနိုင်တဲ့ သူပါပဲ။ ဒါကြောင့် ဒီနေ့ ဗုဒ္ဓ ဘာသာ ဝင် များဟာ သမ္မာတရားဆိုရင် ခရစ်ယန် ဘိုင်ဘယ်လ်ကျမ်းထဲက တရား တွေကို ပြော တာလားလို့ ဇဝေဇဝါပင် ဖြစ်တတ်ကြပါတယ်။ တကယ် တော့ ဗုဒ္ဓ ဘာသာ တရား တွေကိုသာ သမ္မာ တရားတွေလို့ ခေါ်သင့်ပါတယ်။
လွတ်မြောက်လိုတဲ့ လူသားများအနေနဲ့ ကျင့်သုံးရမယ့် တရားတွေဟာ သမ္မာတရား မှတပါး အခြားမရှိဘူးလို့ ဗုဒ္ဓကိုယ်တိုင်က အတိအလင်း ပြောဟော သွားတာကြောင့်ပါ။ သူကိုယ်တိုင် လည်း သမ္မာတရားကို သိရှိကျင့်သုံးပြီးမှ လွတ်မြောက် ပြီ လို့  ကြွေးကြော်သွားခဲ့တာ ဖြစ်ပါတယ်။ သမ္မာတရားတွေကို ကိုယ်တိုင် သိရှိကျင့်သုံးပြီး တဲ့နောက်မှာမှ သမ္မာသမ္ဗုဒ္ဓ ဆိုတဲ့ ဘွဲ့ထူးကို ခံယူလိုက်တာပါ။ သည်ဘွဲ့ထူးက သမ္မာတရားကို ကိုယ်တိုင် သိရှိသူလို့  အနက်ထွက်ပါတယ်။
သမ္မာတရားဆိုတာ စင်ကြယ်မြင့်မြတ်တဲ့ အဆင့်ကို ရောက်ဖို့အတွက် လူသား များ ကျင့်ရမယ့် အရာတွေ ဖြစ်ပါတယ်။ အတော်အတန် ဗဟုသုတရှိတဲ့ ဗုဒ္ဓ ဘာသာဝင်တွေက မဂ္ဂင်ရှစ်ပါးလို့ သိထားတဲ့ အရာတွေဟာ သမ္မာတရား တွေ ပါပဲ။
ရှေးက ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတွေဟာ ဒီစကားလုံးကို မြန်မာမှုပြုခဲ့ ကြပါတယ်။ သမာတယ် မသမာဘူးဆိုတဲ့ မြန်မာ့ အသုံးအနှုန်းဟာ ဗုဒ္ဓဘာသာလာ သမ္မာ ဆိုတဲ့ ပါဠိစကားလုံးကို မြန်မာမှုပြုပြီး သုံးစွဲခဲ့တဲ့ အသုံးအနှုန်း ဖြစ်ပါတယ်။
သမာတဲ့ အမြင်၊ သမာတဲ့ အတွေး၊ သမာတဲ့ အပြော၊ သမာတဲ့ အလုပ်၊ သမာတဲ့ အသက်မွေးမှု၊ သမာတဲ့ အားထုတ်မှု၊ သမာတဲ့ သတိ၊ သမာတဲ့ တည်ကြည်မှု ဆိုတဲ့ သမာတရား ရှစ်ပါးဟာ ဗုဒ္ဓဘာသာဝင်လို့ ကိုယ့်ကိုယ်ကို သတ်မှတ်ထား သူတိုင်း ကျင့်ရမယ့် အရာတွေ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဗုဒ္ဓဘာသာဝင် တယောက်လို့ သတ်မှတ်ခံယူထားပါ လျက် သည်သမာ တရားတွေကို မသိရှိ မကျင့်သုံးဘဲ အခြားတပါး အကျင့် အကြံတွေကို စွဲမြဲကျင့်သုံးနေရင် ဟန်ဆောင် ပန်ဆောင် အမည်ခံဗုဒ္ဓဘာသာဝင်တယောက်သာ ဖြစ်ပါလိမ့်မယ်။
လူတယောက်ဟာ မသမာမှုတွေကို ရှောင်ရှားပီး သမာ တရား တွေကိုပဲ ကျင့်သုံးမယ်ဆိုရင် သမာသမတ်ကျတဲ့ အမြင့်ဆုံး လူသား( ဥတ္တရိမနုဿ) ဖြစ်လာမယ်လို့ ဗုဒ္ဓဟောညွှန်ခဲ့တဲ့အတိုင်း ဗုဒ္ဓဘာသာဝင်တွေက အလေးအနက် ခံယူခဲ့ကြပါတယ်။
တမျိုးပြောရမယ်ဆိုရင် လူတယောက်ဟာ မသမာမှုတွေကို ရှောင်ရမယ့် အစား ကျင့်သုံးမယ်ဆိုရင် မသမာသူတွေ ဖြစ်လာပြီး လူ့လောကမှာ အောက်ပိတ် ဆုံး အယုတ် နိမ့်ဆုံးအဆင့်ကို ကျရောက်သွားမယ်လို့ ခံယူထား ခဲ့ကြတာပါ။
ဗုဒ္ဓဘာသာရဲ့ ပေတံနဲ့ ကြည့်လိုက်မယ်ဆိုရင် အာဏာရှင်စနစ်ကို ကျင့်သုံး နေသူများဟာ အနိမ့်ဆုံးလူသားတွေထဲမှာပင် အောက်ဆုံး အဆင့်မှာ ရှိနေသူ တွေလို့ မြင်ရပါမယ်။ ကိုယ်ကိုယ်တိုင်လည်း မသမာမှုတွေကို အချိန်ရှိသရွေ့ ကျင့်သုံးနေကြသလို တိုင်းသူပြည်သားတွေကိုလဲ မသမာမှုတွေ ကျင့်သုံး လာအောင် တွန်းထိုးအားပေးနေလို့ပါပဲ။
ဗုဒ္ဓဘာသာဝင် ကိုးဆယ် ရာနှုန်းလောက်ရှိတဲ့ မြန်မာနိုင်ငံမှာ တကယ် ထွန်းကား နေရမှာက သမာတရားတွေပါ။ ဒါပေမဲ့အခုအချိန်မှာတော့ အာဏာရှင် စနစ်က ဖန်တီးတဲ့ မသာမှုတွေကိုပဲ လိုက်လိုက်လျောလျော ကျင့်သုံးနေကြပါတယ်။ သူ့အလှည့်မှာ သူစား ၊ ငါ့အလှည့်မှာ ငါစားမယ်ဆိုတဲ့ နိုင်ရာစားစိတ်ဓာတ်တွေပဲ လွှမ်းမိုးနေပါတယ်။
ဗုဒ္ဓဘာသာဝင်တွေဟာ အာဏာရှင်တွေ ဖန်တီးထားတဲ့ နိုင်ရာစား လောကကြီး ထဲမှာ နစ်မွန်းနေရမှာ မဟုတ်ပါဘူး။ အကျင့်ပျက်ခြစား လောကကြီးထဲမှာ ကျင်လည်နေရမှာ မဟုတ်ပါဘူး။ အသိပညာမဲ့တဲ့ ကျေးကျွန်ဘ၀မျိုး အရောက်ခံရမှာ မဟုတ်ပါဘူး။ ဒီလို အကျင့်စရိုက်ဆိုးတွေ ဘ၀ဆိုးတွေကို တွန်းလှန်ပြီး အမြင့်မြတ်ဆုံး လူသားများ အဖြစ် ရောက်အောင် ဗုဒ္ဓဘာသာက လမ်းညွှန် ထားတဲ့ သမာတရားတွေကို ကျင့်ကြံ အားထုတ်ရမှာသာ ဖြစ်ပါတယ်။
ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံသားတွေ အနေနဲ့ အာဏာရှင်တွေရဲ့ မသမာမှု ကျော့ကွင်း ထောင်ချောက်တွေထဲကို မဝင်ဘဲ မြတ်ဗုဒ္ဓဟောကြားခဲ့တဲ့ သမာ တရားတော်တွေကို လေးလေးနက်နက် လိုက်နာကျင့်သုံးဖို့ လိုအပ်ပါတယ်။ သည်လို သမာတဲ့ တရားတွေကို ကျင့်သုံးခြင်းသည်ပင် အာဏာရှင်များနဲ့ လမ်းခွဲ ခြင်း ဖြစ်ပါတယ်။
အာဏာရှင်တွေရဲ့ မသမာတဲ့ ယန္တရားအတွင်းမှာ ၀င်ရောက် အမှုမထမ်းဘဲ နေခြင်းသည်ပင် သမာအာဇီဝတရားကို ကျင့်သုံးခြင်း ဖြစ်ပြီး အာဏာရှင် စနစ် ရဲ့ အောက်က လွတ်မြောက်ဖို့ ပထမဆုံး ခြေလှမ်း ဖြစ်တယ်ဆိုတာ သတိ စွဲမြဲဖို့ လိုပါတယ်။
သမာတဲ့အမြင်၊ သမာတဲ့အကြံ၊ သမာတဲ့အလုပ် စတဲ့ သမာတရားတွေကို အပီအပြင်ကျင့်သုံးရင် ခေတ်သစ်ကျေးကျွန် စနစ်ကို ဖော်ဆောင်နေတဲ့ အာဏာရှင်ယန္တရားထဲက လွတ်မြောက်နိုင်မှာ ဖြစ်သလို မြင့်မြတ်စင်ကြယ်တဲ့ လူသားများ အဖြစ်နဲ့ လောကရဲ့ ထိပ်တန်းအဆင့်ကိုလည်း တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။ ။
မောင်သာမည
15 March 2011
(ဒီမိုကရက်တစ်မြန်မာ့အသံ ရေဒီယိုတွင် ထုတ်လွှင့်ခဲ့သော ဆောင်းပါး ဖြစ်ပါသည်)
Credit: ဆရာတော် Dr. Nanda Mala #BurmaDemocracy
——————————————————————
ဗုဒ္ဓဘာသာနှင့် အာဏာရှင်စနစ် (၆)
———————————————
မောင်သာမည, DVB
BurmaDemocracy, 29 July 2017
ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများဟာ ခွင့်လွှတ် သည်းခံခြင်းတရားကို အလွန်တန်ဖိုးထားကြ ပါတယ်၊၊ ခွင့်လွှတ်ခြင်းဆိုတဲ့ ဥပေက္ခာတရားနဲ့ သည်းခံခြင်းဆိုတဲ့ ခန္တီတရားများဟာ မြတ်စွာ ဘုရား ဟောညွှန်တဲ့ တရားတွေ ဖြစ်သလို ဘုရားလောင်းများ ကျင့်တဲ့
ပါရမီ ဆယ်ပါးထဲက အရေးပါတဲ့ ပါရမီကျင့်စဉ်များ ဖြစ်တယ် ဆိုပြီး အထွတ်အမြတ် ထားကြပါတယ်၊၊ ဒါကြောင့် ကိုယ်ကိုယ်တိုင်လည်း သည်းခံခွင့်လွှတ်နိုင်အောင် ကြိုးစား အားထုတ်ကြပါတယ်။ သည်းခံခွင့်လွှတ်နိုင်သူတွေကိုလည်း အားပေး ချီးမွမ်းကြပါတယ်၊၊
ဒါပေမယ့် ခွင့်လွှတ်သည်းခံခြင်းဆိုတာ ဘယ်လိုအရာလဲ။ မြတ်ဗုဒ္ဓ ဟောကြားတဲ့ ဥပေက္ခာ တရား ဆိုတာ ဘာလဲ၊၊ ဒါတွေကို အသိပညာနဲ့ သေသေချာချာ ဝေဖန်သုံးသပ် တာမျိုးတော့ တော်တော်ရှား ပါတယ်၊၊
သူတပါးက မတရားလုပ်ရင် ဘာမှ မတုံ့ပြန်ဘဲ ကြိတ်မှိတ်ခံတာမျိုး၊ အမှားကျူးးလွန်သူကို ဘာမှ အပြစ် ပြန်မပေးဘဲ လွတ်ငြိမ်းခွင့်ပေးလိုက် တာမျိုး၊ ကောင်းကောင်းဆိုးဆိုး ဘယ်လို အမှုမျိုးကိုမဆို လျစ်လျုရှုနိုင် တာမျိုး၊ ကိုယ့်ကို သတ်ဖြတ်မယ်ဆိုရင်သော်မှ မတုံ့ပြန်ဘဲ ငုံ့ခံတာမျိုး၊ သည်လိုအကျင့်မျိုးတွေကို ခွင့်လွှတ် သည်းခံခြင်းတရား ဖြစ်တယ်လို့ ခံယူကျင့်သုံး နေတတ်ပါတယ်၊၊
ကြိတ်မှိတ်သည်းခံတတ်တဲ့အကျင့်နဲ့ ဘာကိုမဆို လျစ်လျူရှုတတ်တဲ့ အကျင့်တွေကြောင့်ပဲ အဆိုးဆုံး အညစ်ဆုံး အလိမ်ဆုံး အကောက်ဆုံး ဂုဏ်သိက္ခာအမဲ့ဆုံးလို့ ဆိုနိုင်လောက်တဲ့ စစ်အာဏာရှင်စနစ်ဟာ မြန်မာနိုင်ငံမှာ အမြစ် စွဲနေတာပါ၊၊ သူများလုပ်သမျှ ငုံ့ခံတတ်တဲ့ အကျင့်ကို ကောင်းတဲ့အကျင့် မြတ်တဲ့အကျင့်လို့ လွဲလွဲမှား မှား ခံယူနေလေတော့ ဒီလို ငုံ့ခံတတ်မှုကို အခွင့်ကောင်းယူပြီး အမြတ်ထုတ် တတ်တဲ့ စစ်အာဏာရှင်များ အတွက် မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ ဖြစ်နေပါတော့တယ်၊၊
တကယ်တော့ မြတ်ဗုဒ္ဓဟောကြားတဲ့ ဥပေက္ခာတရားနဲ့ အရာခပ်သိမ်း ခွင့်လွှတ်သည်းခံခြင်းနဲ့ တခြားစီပါ၊၊ သူများလုပ်သမျှ ငုံ့ခံတာမျိုး၊ အပြစ်ကျူးလွန်တာတွေကို ဘာမှ အရေးမယူ လျစ်လျူရှုတာမျိုးဟာ ဗုဒ္ဓမြတ်စွာ ဟောညွှန်တဲ့ ဥပေက္ခာတရား နဲ့ ဘာမှ မဆိုင်ပါဘူး၊၊ မြတ်ဗုဒ္ဓ ကိုယ်တိုင်က သူ့ ရဲ့တပည့်သားမြေးတွေကို ဘာလုပ်လုပ် သည်းခံခွင့်လွှတ်ခဲ့လေသလား၊၊ ဒါမှမဟုတ် ပညာပါပါနဲ့ မှန်မှန်ကန်ကန် အရေးယူ တုံ့ပြန်ခဲ့လေ သလား၊၊ ဒါကို ပြန်ဆန်းစစ်ဖို့ လိုပါတယ်၊၊
ဥပမာ ပြရရင် သံဃာကို သင်းခွဲခဲ့တဲ့ ဒေဝဒတ်ကို မြတ်ဗုဒ္ဓဟာ ခွင့်လွှတ်သည်းခံခဲ့ခြင်း မရှိပါဘူး၊၊ လျစ်လျူ မရှုခဲ့ပါဘူး၊၊ ဘာမှ အရေးမယူဘဲ ပေယျာလကံ မထားခဲ့ပါဘူး၊၊ ဗုဒ္ဓဘာသာ သံဃာအဖွဲ့ ရဲ့ အကြီးဆုံး ပြစ်ဒဏ် ဖြစ်တဲ့ ပကာသနိယကံ နဲ့  အရေးယူခဲ့ပါတယ်၊၊ သံဃာ့အဖွဲ့ နဲ့ လုံးဝ မသက် ဆိုင်တဲ့ သူတဦးဖြစ် ကြောင်း လူသိရှင်ကြားကြေညာပြီး သံဃာ့အဖွဲ့ ထဲက ထုတ်ပယ်ပစ်လိုက်တာပါ၊၊ ဗုဒ္ဓမြတ်စွာဟာ မဟုတ်တာ လုပ်သူကို လုပ်တဲ့အပြစ်နဲ့ အညီ အရေးယူတုံ့ ပြန်ခဲ့သူဖြစ်ပါတယ်၊၊
ဒါကို ထောက်ဆရင် ဗုဒ္ဓ ဟောကြား တဲ့ ဥပေက္ခာတရားဆိုတာ ဘာမဆိုခွင့်လွှတ်သည်းခံပြီး လျစ်လျူရှုတဲ့ အကျင့်မျိုး မဟုတ် ကြောင်း ထင်ရှားပါတယ်၊၊
ဥပေက္ခာတရားဆိုတာက မဟုတ်တာလုပ်တဲ့သူကို မဟုတ်တာလုပ်တဲ့အတိုင်း၊ ဟုတ်တာ လုပ်တဲ့ သူကို ဟုတ်တာလုပ်တဲ့အတိုင်း ဘက်လိုက်ခြင်းမရှိဘဲ အရေးယူတုံ့ ပြန်ခြင်းသာ ဖြစ်ပါတယ်၊၊ ဘယ်ဘက်ကိုမှ မလိုက်ဘဲ တရားဥပဒေအတိုင်း ဆုံးဖြတ်စီရင်တတ်တဲ့ တရားသူကြီးကောင်းများရဲ့ စိတ်နေစိတ်ထားနဲ့ တူတယ်လို့ ပြောရပါလိမ့်မယ်၊၊
တရားသူကြီးကောင်းဆိုတာ ဥပဒေအတိုင်း ပြစ်မှုနဲ့ ပြစ်ဒဏ်ကို မျှတအောင် ဖြောင့်ဖြောင့်မတ်မတ် ဆုံးဖြတ် ပေးရ ပါတယ်၊၊ ခိုးမှုအတွက် ပြစ်ဒဏ်က ထောင်တလဆိုရင် ခိုးမှုကျူးလွန်သူ မည်သူ့ကိုမဆို ထောင်တလ ချရ ပါမယ်၊၊ ချစ်သူဖြစ်လို့ တရက်ပဲ ကျခံစေ၊ မုန်းသူဖြစ်လို့ တနှစ်ကျခံစေ စသဖြင့် ဆုံးဖြတ်တတ်တဲ့ သူဟာ အဂတိလိုက်စားသူသာ ဖြစ်လို့  တရားသူကြီးစစ်စစ် မဟုတ်ပါဘူး။
ခွင့်လွှတ်ခြင်းဆိုတာဟာ မြတ်ဗုဒ္ဓ ဟောကြားတဲ့ ဥပေက္ခာတရား ဖြစ်တာကြောင့် ခိုးတဲ့သူကို ခွင့်လွှတ်လိုက်တာအကောင်းဆုံးပဲလို့ တရားသူကြီးက ဆုံးဖြတ်ရင် ဘယ်သူမှ လက်ခံမှာ မဟုတ်ပါဘူး၊၊ ခွင့်လွှတ်တာ ကောင်းတယ်ဆိုပြီးတော့ သူခိုးဓားပြတွေကို ဘာအပြစ်ဒဏ်မှ မပေးတဲ့ တရားသူကြီးကို ဘယ်သူကမှ ထောက်ခံမှာ မဟုတ်ပါဘူး၊၊
တရားသူကြီးများအပါအဝင် တိုင်းသူပြည်သားတွေအားလုံး ခိုးမှု သတ်မှု စတဲ့ ရာဇဝတ် ပြစ်မှုတွေကို ခွင့်လွှတ်သည်းခံရင် သေချာတာ ကတော့ တိုင်းပြည်မှာ ခိုးမှုသတ်မှုတွေ တိုးပွားများပြားလာပါလိမ့်မယ်၊၊ စည်းမဲ့ကမ်းမဲ့ လုပ်ချင်ရာ လုပ်တဲ့ ကသောင်းကနင်း လောကကြီး ဖြစ်လာပါလိမ့်မယ်၊၊
ဗုဒ္ဓဘာသာက ဟောညွှန်တဲ့ သည်းခံခွင့်လွှတ်ခြင်းတရား ဥပေက္ခာ တရားဟာ သည်လို လောကဆိုးကြီးကို ဖြစ်ပေါ်စေမယ့် တရားမျိုး မဟုတ်ပါဘူး၊၊
ခွင့်လွှတ်သည်းခံ လျစ်လျူရှုတဲ့ ဓလေ့စရိုက်နဲ့ ပတ်သက်ပြီး ရုရှ ကဗျာဆရာကြီး ယက်ဗ်တူရှင်ကို က အက်ဆေးတပုဒ် ရေးခဲ့ဖူး ပါတယ်၊၊
တနေ့တော့ ကဗျာဆရာကြီးဟာ သူ့မိတ်ဆွေတယောက်အိမ်ကို သွားပါ တယ်၊၊ မိတ်ဆွေအိမ် မှာ အပေါင်းအသင်းတွေစုပြီး အလုပ်သမား နေ့ အထိန်းအမှတ်နဲ့ စားသောက်ပွဲလေးတခု လုပ်ကြမလို့ပါ၊၊ စားသောက် ပွဲအတွက် တယောက်က ဂျုံယူလာတယ်၊၊ နောက်တယောက်က ဗော့ဒဂါအရက်ယူလာတယ်၊၊ တခြားတယောက်က အာလူးယူလာ ပါတယ်၊၊၊ ကိုယ့်မှာ ရှိတဲ့ စားစရာသောက်စရာလေးတွေ ယူလာပြီး အလုပ်သမားနေ့ အောင်ပွဲကို ကျင်းပကြဖို့ပါ၊၊
ဒါပေမယ့် အဲသည်နေ့က တယောက်မှ ယူမလာနိုင်တဲ့ ပစ္စည်းတခု ရှိနေပါတယ်၊၊ အဲဒါက သကြားပါ၊၊ ရုရှပြည်ကြီးတခုလုံး သကြားပြတ်နေတဲ့အတွက် ဘယ်သူမှ ယူမလာနိုင်ခဲ့တာပါ၊၊ဒီအခါမှာ အိမ်ရှင်အမျိုးသမီးက ပေါက်ကွဲပြီး သူ့ ရဲ့အမြင်ကို ထုတ်ပြောပါတယ်၊၊ ရုရှလူမျိုးတွေ ခွင့်လွှတ်သည်းခံစိတ် မွေးနေတဲ့အတွက် နောက်ဆုံး ဒီလို ငတ်ပြတ်ရတဲ့ အနေအထားကို ရောက်ရတာလို့ နာနာကြည်းကြည်းပြောတာပါ၊၊
ဒါကို ကဗျာဆရာ ယက်ဖ်တူရှင်ကို က အလွန်မှန်ကန်တယ်လို့ ထောက်ခံ ရှင်းပြပါတယ်၊၊
ရုရှလူမျိုးတွေဟာ အလွန်ခွင့်လွှတ်သည်းခံတတ်တယ်တဲ့၊၊ အုပ်ချုပ်တဲ့ အစိုးရကြောင့် ဘာပဲဖြစ်နေနေ ရေငုံနှုတ်ပိတ်ပြီး ခွင့်လွှတ်သည်းခံနေတာပဲတဲ့၊၊ ပထမတော့ အာလူးတွေ ပျောက်သွားတယ်တဲ့၊၊
အာလူးတွေ ပျောက်သွားပေမယ့် အာလူးမရှိလည်း ဖြစ်တယ်၊ ဒါကို သည်းခံနိုင်တယ်ဆိုပြီး လျစ်လျူရှုနေခဲ့တယ်တဲ့၊၊ နောက်တော့ သကြားတွေ ပျောက်သွား ပြန်တယ်တဲ့၊၊ သည်အခါမှာလည်း သကြားပျောက်တာ ဘာမှုစရာ ရှိသလဲ ဆိုပြီး အသာ လျစ်လျူရှု နေလိုက်တာပဲတဲ့၊၊ ဘာပစ္စည်းတွေ ပျောက်ပျောက် ရုရှလူမျိုးများကတော့ ခွင့်လွှတ်သည်းခံမှု အပြည့်နဲ့  လျစ်လျူရှုနေခဲ့တယ်တဲ့၊၊
လူသုံးပစ္စည်းတွေ ပျောက်သွားတဲ့ နောက်မှာ လူတွေ ပျောက်ကုန်တော့တာပဲတဲ့၊၊ အာဏာရှင် အစိုးရက နှိပ်စက် ဖမ်းဆီးမှုတွေကြောင့် ရုရှလူမျိုးတွေ သန်းနဲ့ချီပြီး ပျောက်ကွယ်ခဲ့တာပါ၊၊ အာလူးတွေ သကြားတွေ ရှားပါးပျောက်ကွယ်ခဲ့တုန်းက ခွင့်လွှတ်သည်းခံခဲ့တဲ့ ရုရှ လူမျိုးများဟာ လူတွေ ပျောက်ကွယ်ကုန်တော့လည်း ဘာမှ ထူးပြီး မခံစားရတော့ပါဘူးတဲ့၊၊
သည်လိုနဲ့ ရုရှလူမျိုးများ ခွင့်လွှတ်သည်းခံ လျစ်လျူရှုလာလိုက်တာ နောက်ဆုံးတော့ ရုရှပြည်ကြီး စုတ်ပြတ်နုံချာတဲ့အဆင့်အထိ ရောက်လာတော့တာပဲ လို့ ကဗျာဆရာ ယက်ဗ်တူရှင်ကို က ပြောပါတယ်၊၊ ဒါဟာ ဘာကိုမဆို ခွင့်လွှတ်သည်းခံဖို့  အဆင်သင့်ဖြစ်နေ တတ်တဲ့ ဓလေ့စရိုက်ရဲ့ အကျိုးရလဒ်ဖြစ်တယ်လို့ သူက ကောက်ချက်ချပါတယ်၊၊
သည်အက်ဆေးကို ရုရှကဗျာဆရာ ယက်ဖ်တူရှင်ကို ရေးခဲ့တာ ၁၉၈၈ ခုနှစ် ဝန်းကျင်ကပါ၊၊ ယခုတော့ ရှရှပြည်ကြီးဟာ အပြောင်းလဲကြီး ပြောင်းလဲ သွားပါပြီ၊၊ ၁၉၉ဝ ခုနှစ်များ အစပိုင်းမှာပဲ ရုရှလူမျိုးများဟာ မဟုတ်မတရားဖြစ်ပွားမှုတွေကို ဆက်လက်ခွင့်လွှတ် သည်းခံခြင်း မရှိတော့တဲ့ နောက်မှာ တပါတီ အာဏာရှင် စနစ်ဟာ ကျဆုံးသွားခဲ့ပါပြီ၊၊ အာဏာရှင်စနစ်နဲ့ ဖွဲ့ စည်းတည်ထောင်ထားခဲ့တဲ့ ဆိုဗီယက်အင်ပါယာကြီးလည်း ကမ္ဘာ့မြေပုံပေါ်က ပျောက်ကွယ်သွားခဲ့ပါပြီ၊၊
ဗုဒ္ဓဘာသာဝင်မြန်မာနိုင်ငံသူနိုင်ငံသားအများစုရဲ့ ခွင့်လွှတ်သည်းခံတဲ့စိတ်ဓာတ်နဲ့ လျစ်လျူရှုတတ်တဲ့ စရိုက်ဟာ အာဏာရှင်စနစ်အောက်က ရုရှ နိုင်ငံသားတွေရဲ့ စိတ်ဓာတ်စရိုက်နဲ့ တူနေပြီ လားဆိုတာ စဉ်းစားစရာပါ၊၊
ဆန်တွေ ပျောက်သွားလည်း ခွင့်လွှတ်သည်းခံခဲ့ပါတယ်၊၊ ဆီတွေ ပျောက်သွားလည်း ခွင့်လွှတ် သည်းခံခဲ့ ပါတယ်၊၊ အခုတော့ လူတွေ ပျောက်ကွယ်ကုန်ပါပြီ၊၊ စစ်ကြောရေး စခန်းတွေနဲ့  အကျဉ်းထောင်တွေ ထဲမှာ ပျောက်ကွယ်သွားတဲ့ သူတွေ ထောင်သောင်းချီနေပါပြီ။ ပြည်တွင်းစစ်ရဲ့ မီးလျှံထဲမှာ ပျောက်ကွယ် သွားတဲ့ သူတွေ သိန်းသန်းချီနေပါပြီ၊၊
အာဏာရှင်စနစ်ကပ်ဆိုးကြီးအောက်မှာ နေ့မြင်ညပျောက် ဖြစ်သွားခဲ့ရတဲ့ ဘဝတူလူသားတွေ အမြောက်အများ ရှိနေခဲ့ ရှိနေဆဲပါ၊၊သည်လို ဖြစ်ရပ်ဆိုးတွေကို လျစ်လျူရှုတာ ခွင့်လွှတ် သည်းခံတာဟာ ဗုဒ္ဓဘာသာနဲ့  ညီညွတ်ပါရဲ့လား၊၊
ဗုဒ္ဓနည်းကျ ဥပေက္ခာတရားဆိုတာက အချစ်တွေ အမုန်းတွေ အကြောက်တွေ အမက်တွေ မပါဘဲ မှန်ရင်မှန်တဲ့အတိုင်း လက်ခံပြီး မှားရင်မှားတဲ့အတိုင်း ဆန့်ကျင်ခြင်းသာ ဖြစ်ပါတယ်၊၊ မထုံတက်သေး နုံအအ စိတ်ဓာတ်မျိုးနဲ့  ဘယ်လို မတရားမှုမျိုးကို မဆို အရေးမယူ လျစ်လျူရှုပြီး ခွင့်လွှတ်တာဟာ ဗုဒ္ဓအလိုကျ ဥပေက္ခာတရား မဟုတ်ပါဘူး၊၊
မတရားမှုတွေကို ခွင့်လွှတ်သည်းခံနေသေးသရွေ့ မြန်မာနိုင်ငံသားများဟာ စစ်အာဏာရှင်တွေရဲ့ အောက်မှာ ပြားပြားမှောက်နေရပါလိမ့်မယ်၊၊ အာဏာရှင် တွေကို ခွင့်လွှတ်သည်းခံ နေသေးသရွေ့  ဗုဒ္ဓဘာသာရဲ့ ပန်းတိုင်ဖြစ်တဲ့ လွတ်လပ်ခြင်း ငြိမ်းချမ်းခြင်းများနဲ့ ဝေးနေရပါလိမ့်မယ်၊၊ ၊၊
မောင်သာမည
21 March 2011
(ဒီမိုကရက်တစ်မြန်မာ့အသံ ရေဒီယိုတွင် ထုတ်လွှင့်ခဲ့သော ဆောင်းပါး ဖြစ်ပါသည်)
Credit: ဆရာတော် Dr. Nanda Mala #BurmaDemocracy
ဆရာတော် Dr. Nanda Mala's Facebook မှကူးယူဖော်ပြပါသည်။#BurmaDemocracy

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။