ပညာရည်မြင့်မှသာ………..
ကိုယ့်နိုင်ငံရဲ့ ပညာရေးမြင့်ဖို့… မြှင့်တင်ဖို့ ဆိုတာကို ကမ္ဘာ့နိုင်ငံတိုင်းက လိုလားကြပါတယ်.။ ဆန္ဒပြင်းပြ ကြပါတယ်..။ ကြိုးစားကြပါတယ်..။ အဲဒီလို ကြိုးစားကြရာမှာ အရေးပါဆုံး အရင်းအမြစ် တစ်ခုက ပညာရည် မြှင့်ဖို့ပါ..။ ပညာရေးကို လက်ဆင့်ကမ်း သင်ပေးကြမယ့် ပညာရှင်တွေရဲ့ ပညာရည်ကို ပေတံ အသီးသီးနဲ့ တိုင်းတာပြီး လိုအပ်သလောက် အရင်မြှင့်ပေးကြလေ့ ရှိပါတယ်.. .။
ပညာရပ်ကို ချဉ်းကပ်တဲ့ အခါမှာ Benjamin Bloom ရဲ့ Bloom’s Taxonomy (Revised) နဲ့ ဆန်းစစ် ကြည့်နိုင်ပါတယ်..။ အဲဒီမှာ အဆင့် ၆ ဆင့် ပါပါတယ်..။
ပထမအဆင့်က
Remember ဆိုတဲ့ အဆင့် ဖြစ်ပါတယ်..။ အဲ့ဒီ အဆင့်မှာ အဓိက လုပ်ရတာက Memorizing နဲ့ Recognizing ဖြစ်ပါတယ်..။ (စာပါ အကြောင်းအရာအချက်အလက် များကို အလွတ်ကျက် အလွတ်မှတ်တာပေါ့ခင်ဗျာ)
အဲဒီ အဆင့်ကို ကျော်နိုင်လာပြီဆိုရင် ဒုတိယ ဆင့်ကို ဆက်ရပါတယ်..။
ဒုတိယဆင့်က
Understand ဖြစ်ပါတယ်..။ ဒီအဆင့်မှာ ပထမအဆင့်မှာတုန်းက အလွတ်ရအောင်အာဂုံဆောင်ပြီး ကျက်ခဲ့ မှတ်ခဲ့ရတဲ့ စာပါ အကြောင်းအရာတွေဟာ ဘာကို ဆိုလိုတာလဲ ဆိုတာကို သေသေချာချာ နားလည်အောင် လုပ်ရတဲ့ အဆင့်ပါ..။
အဲဒီအဆင့်ပြီးရင် တတိယ အဆင့်ကို ဆက်သွားရပါတယ်..။
တတိယအဆင့်ကတော့
Apply ဖြစ်ပါတယ်..။ ပထမအဆင့်တုန်းက ကျက်ခဲ့မှတ်ခဲ့ နာယူခဲ့တာတွေဟာ ဘာကြောင့် ကျက်ရ မှတ်ရတယ် ဆိုတာ ဒုတိယ အဆင့်မှာ နားလည်ပြီးရင် တတိယအဆင့်မှာ အမှန်တကယ် အသုံးချရတာပါ..။ ကိုယ် သင်ယူ နားလည် တတ်မြောက်ခဲ့တဲ့ အရာတွေ .. အတွေးအခေါ်တွေ .. စိတ်ကူးစိတ်သန်း တွေကို အကောင်အထည်ဖေါ်.. အသုံးချတဲ့ အဆင့်ဖြစ်ပါတယ်..။ လက်တွေ့ လုပ်ရတာပါ..။
စတုတ္ထအဆင့်က
Analyze ဖြစ်ပါတယ်..။ ကိုယ် လက်တွေ့လုပ်လိုက်လို့ ရလာတဲ့ အချက်အလက်တွေကို သေသေချာချာ တစ်စစီ ခွဲထုတ်ပြီး စိတ်ရှည်လက်ရှည်နဲ့ ခွဲခြမ်းစိတ်ဖြာ လေ့လာရတာပါ..။ (သုတေသန အဆင့်ပါ)
ပဉ္စမ အဆင့်က
Evaluate ဖြစ်ပါတယ်..။ အကဲဖြတ်တာပါ..။ ကိုယ် ရလိုက်တဲ့ သတင်းအချက်အလက်တွေ အကြံဉာဏ်တွေ.. စိတ်ကူးစိတ်သန်းတွေဟာ ဘယ်လောက်တန်ဖိုးရှိသလဲ.. ဘယ်လောက်အသုံးဝင်သလဲ ဆိုတာ ကို တန်ဖိုးဖြတ် အကဲဖြတ် ရတဲ့ အဆင့်ပါ..။ (ပညာရှင် အသီးသီးကို ဖိတ်ခေါ်ပြီး အကဲဖြတ် ခံယူလေ့ရှိပါတယ်.. )
ဆဋ္ဌမ အဆင့်က
Create ဖြစ်ပါတယ်..။ ကိုယ်သေသေချာချာ ခွဲခြမ်း စိတ်ဖြာ သုံးသပ်ပြီးခဲ့ တဲ့ အစိတ်အပိုင်းတွေကို ဆက်စပ်ပြီး အသစ် တစ်ခုဖြစ်လာအောင် ဖန်တီး တည်ဆောက်ရတာပါ။ (စနစ်အသစ်တစ်ခုကို ကိုယ့် နာမည်တပ်ပြီး တည်ဆောက်လို့ရပါပြီ)
အဲဒီ အဆင့် ၆ ဆင့်ကို စံ ပေ တံ သဖွယ် အသုံးချပြီး တိုင်းတာကြည့်လိုက်မယ် ဆိုရင် ကိုယ့်နိုင်ငံရဲ့ ပညာရေးဟာ ဘယ်အဆင့်မှာ ရှိနေပြီး.. ကိုယ့် ပတ်ဝန်းကျင် နိုင်ငံတွေ ရဲ့ ပညာရေးက ဘယ်အဆင့်ရှိ လို့.. ဟိုး သမုဒ္ဒရာ ခြားတဲ့ တစ်ဖက်ခြမ်းက တိုးတက်ပြီး နိုင်ငံတွေရဲ့ ပညာရေးက ဘယ်အဆင့် ရှိသလဲ ဆိုတာ တိုင်းတာ နိုင်ပါတယ်…။
ပထမ သုံးဆင့်ကို ကိုယ်ကိုယ်တိုင် လုပ်လို့ရပါတယ်..။ စတုတ္ထအဆင့်က စလို့ စနစ်တကျဖြစ်ချင်ရင်တော့ နည်းနာခံယူရပါမယ်..။ လမ်းညွှန်လမ်းပြ လိုပါတယ်..။ ပဉ္စမ အဆင့်ကို
ရောက်ပြီလို့ ယုံကြည်ရင်တော့ အကဲဖြတ်ခြင်းကို ခံယူနိုင်ဖို့ ကမ္ဘာ့ အဆင့်မီ ပညာရှင်တွေကို ဖိတ်ကြားဖို့ လိုလာပါပြီ..။ အဲဒီလို ဘက်မလိုက်တဲ့ အကဲဖြတ်ခြင်းကို ခံယူပြီးရင်တော့ ဆဋ္ဌမ အဆင့်ဖြစ်တဲ့ တီထွင်ဖန်တီးနိုင်စွမ်း ဆီကို ဆက်ချီ ရတော့မှာပါ..။ အဲဒီ အဆင့်ကို အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ပြီ ဆိုရင် ပညာရေး မြင့်ပြီ လို့ မှတ်ယူနိုင်ပါပြီ..။
ကဲ………. တိုင်း.. ကြည့်… ကြ .. ရ.. အောင်… နော်..။
ချစ်ခင်စွာဖြင့်
ကောင်းလွန်း (၃၀.၇.၂၀၁၇)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။