ကျောက်သင်ပုန်း added 3 new photos.
အိပ်မက်ကိုအသက်သွင်းသူများ
(ခေတ်သစ်နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကဏ္ဍတွင် စွန့်ဦးတီထွင်လုပ်ငန်းရှင်များ (entrepreneurs) ၏ အခန်းကဏ္ဍမှာ ပိုမိုအရေးပါလျှက်ရှိလာပေသည်။ ယင်းတို့သည် ပေးလာသောအခြေအနေပေါ်တွင် ကိုယ်ပိုင် စိတ်ကူးစိတ်သန်းဖြင့် အခက်အခဲမှားကို ကြံ့ကြံ့ခံရင်ဆိုင်ကာ နောက်ဆုံးတွင်အောက်မြင်မှုပန်းတိုင်ကို မိမိကြုံတွေ့ဖြတ်သန်းခဲ့သော သင်္ခန်းစာများကိုအရင်းတည်၍ အောင်မြင်မှု သရဖူကို ဆောင်းခဲ့သူများဖြစ်သည်။
ယခုစာဖတ်ပရိတ်သတ်များကို တင်ပြမည့်အကြောင်းအရာမှာ အမေရိကန်မှ
ကောလိပ်ကျောင်းသား လူငယ်လေးနှစ်ဦးက
ယင်းတို့၏ကိုယ်ပိုင်စိတ်ကူးစိတ်သန်းဖြင့်
စီးပွားရေးလုပ်ငန်းရှင်ဖြစ်လာအောင် ကြိုးစားကြ သည့်
ဖြစ်ရပ်မှန်ဇာတ်လမ်းဖြစ်ပါသည်။)
ဓါတ်ပြားဟောင်းကြီး
ကောလိပ်ကျောင်းပိတ်ရက် ရောက်ပြီဆိုမှဖြင့် မိဘတွေတဖြစ်တောက်တောက်ပြောနေကျစကား…။ အထူးသဖြင့် ကျောင်းပိတ်ရက်၏ ဒုတိယမြောက်နေ့ တွင်ဖြစ်သည်။
“ကောင်လေး…မင်းအလုပ်ရှာတော့”
အိုမာဆိုလီမန်၏ မိခင်က ဖွင့်နေကျဓါတ်ပြားဟောင်းကိုဖွင့်သည်။ သူမဖက်ကလည်း သားတော်မောင် နွေရာသီကျောင်းပိတ်ရက်မှာ အတိုးချ၍ အိမ်နီးချင်းအဖေါ်အပေါင်းများနှင့် ဟေးလားဝါးလားအချိန်ဖြုံးနေမည် ကိုမလိုလား….။
“မင်း…တစ်ခုခုတော့လုပ်ကွယ်…”….ဟု ဆိုပြန်သည်။
ဆိုလီမန်၏သူငယ်ချင်းများက သူတို့၏ဇာတိချက်ကြွေ ၀ါရှင်တန်ဒီစီမှာပင် တန်ဖိုးရှိမည့်လုပ်ငန်း အတွေ့ အကြုံသစ်များကိုရယူရန် ဆုံးဖြတ်ခဲ့ပြီးဖြစ်သည်။ သို့သော်…သို့သော်…ဆိုလီမန်ကိုတိုင်က ပါတီပွဲတက်ရသည်ကို ခုံခုံမင်မင်ရှိလှသည်။ တစ်နေကုန်စားပွဲတွင်ထိုင်ရန်အရေးကိုတော့ အတွေးထဲပင်မထည့်။ မိခင်ဖြဖစ်သူ၏ စတိုးဆိုင် တွင် ပရိဘောဂပစ္စည်း နှင့် အခန်းအပြင်အဆင်တို့ကို ကူညီလုပ်ကိုင်ပေးရင်းဖြင့် လူအတော်များများတွင် စွန့်ပစ်ရန် လိုအပ်သည့် ပစ္စည်းများရှိနေကြသည်ကိုတော့ သတိထားမိလိုက်သည်။ အမေ့ဆီက ပစ္စည်းသယ်သည့် ဗင်ကား တစ်စီးလောက်ငှား၍ ရလျှင်ပင် အမှိုက်တွေစွန်ပစ်ပေးပြီး ငွေရှာနိုင်မည်ဟု…စိတ်ကူးဖဲရိုက်နေမိတော့သည်။
လုပ်ငန်းသစ်
ထိုညမှာပင် စီးပွားရေးလုပ်ငန်းအသစ်တစ်ခုက အမည်အသစ်နှင့် အတူထွက်ပေါ်လာခဲ့သည်။
“ကောလိပ်ကျောင်းတော်က အမှိုက်သယ်ယာဉ်”……ဟူ၏။
နောက်တစ်နေ့….
ကြော်ငြာများဖြန့်ဝေအပြီး နာရီအနည်းငယ်အတွင်းမှာပင် တယ်လီဖုန်းမြည်းလာခဲ့သည်။ ဆိုလီမန်က သူငယ်ချင်း နစ်ခ်ဖရီးမင်းကိုအကူအညီတောင်းခံသည်။ ပြီးနောက် သူတို့နှစ်ယောက် အမျိုးသမီးကြီးတစ်ဦး၏ အိမ်ခြံဝင်းကို နှစ်နာရီအတွင်း အပြောင်ရှင်း၍ ဒေါ်လာ ၂၅၀ ကို ဖန်းတီးလိုက်နိုင်သည်။ ထိုနှစ်နွေရာသီတွင် ဆိုလီမန်နှင့်ဖရီမင်းတို့အဖို့ ဒေါ်လာတစ်သောင်းကို အိပ်ဝင်သပိတ်ဝင်ရလိုက်လေသည်။
အိပ်မက်မှသည် လုပ်ငန်းကြီးတစ်ခုသို့
လေးနှစ်အကြာ…။ ၂၀၀၈ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃သန်းအထိဝင်ငွေရှာဖွေနိုင်သော၊ နိုင်ငံနှင်ချီ၍ ကျယ်ကျယ်ပြန့်ပြန့်လုပ်ကိုင်နိုင်သော ကုမ္ပဏီကြီးတစ်ခုအဖြစ် လုပ်ကိုင်လာနိုင်ကြပေပြီ။ ကောလိပ်ကျောင်းတော်က အမှိုက်သယ်ယာဉ်သည် ၀န်ထမ်းအင်အား တစ်ရာ့သုံးဆယ်ဖြင့် လည်ပတ်လာနိုင်ပြီဖြစ်သည်။ အမေရိကန်နိုင်ငံ၏ ပြည်နယ် ၁၀ ခု နှင့် ၀ါရျင်တန်ဒီစီအပါအ၀င် လုပ်ငန်းခွဲပေါင်း (၁၆) ခုရှိနေသည်။ ယင်းတို့သည် အထက်တွင် ဖေါ်ပြခဲ့သော အမှိုက်အဟောင်းအဆွေးများမှသည် ကွန်ပျူတာမော်ဒယ်အဟောင်းများအထိ ရှင်းလင်းသယ်ထုတ် နိုင်ပြီး ၂၀၁၂ တွင် လုပ်ငန်းခွဲပေါင်း (၈၀) အထိ တိုးချဲ့ရန်လည်း စီမံချက်ဆွဲထားသည်။
လုပ်ငန်းအတွေ့အကြုံ
“လူတွေက ရင်းရင်းနှီးနှီး ဖေါ်ဖေါ်ရွေရွေရှိတဲ့ ဆံပင်တိုတိုလူငယ်လေးတွေရယ်… အမှိုက်တွေကို ရှင်းပစ်မယ်ဆိုတဲ့ အိုင်ဒီယာကို သိပ်သဘောကျတာဗျ”…ဟု ဖရီးမင်းကဆိုသည်။
သို့သော် ယင်းတို့နှစ်ယောက်စလုံး သန့်ရှင်းရေးသမားများအဖြစ်လုပ်ကိုင်ရန် အဆင်သင့်မဖြစ်ကြသေး။
“ ကျွန်တော်တို့အနေနဲ့ ကျောင်းပြီးဖို့ရယ် အလုပ်အကိုင်ကောင်းကောင်းတစ်ခုရဖို့ရယ် လက်ချာ အပေးခံရတာဆိုပါတော့ဗျာ..”
သုတေသနလုပ်ငန်းကြီးတစ်ခုတွင် အရောင်းမြှင့်တင်ရေးဝန်ထမ်းအဖြစ်လုပ်ကိုင်ခဲ့ဖူးသည့် ဆိုလီမန်က ပြောပြသည်။ ဖရီးမင်းကလည်း ခေသူမဟုတ်။ အတိုင်ပင်ခံ ကုမ္ပဏီတစ်ခုတွင် စီးပွားရေးစိစစ်အကဲဖြတ်သူ ဖြစ်ခဲ့ပါသေးသည်။
လအနည်ငယ်သာကြာသည်…။
“ကျွန်တော်မနေနိုင်တော့ဘူးဗျာ… ဒါကြောင့် ဆိုလီမန်ဆီကို အီးမေးလ် တစ်စောင်ပို့လိုက်တယ်” “ဟေ့ကောင်…မင်းစီးပွားရေးလုပ်ငန်းကြီးက ဘယ်တော့စမှာလည်း”
ဆိုလီမန်ကလည်း ချက်ချင်းအကြောင်းပြန်ပါသည်။
“ ခုပဲ !”
သူတို့ အလုပ်ကထွက်လိုက်ကြသည်။ သို့သော် ငွေထုတ်ချေးရန်ဆန္ဒရှိသည့် ဘဏ်ကိုရှာရသည်မှာ အလွန်ဒုက္ခများလှပေသည်။
“ချေးငွေရဖို့လမ်းစက သိပ်မမြင်ခဲ့ပါဘူး”
ဆိုလီမန်ကပြောပြသည်။
ငါးကြိမ်မက အငြင်းပယ်ခံဖြစ်ပြီးနောက်တွင်တော့ ဘဏ်တစ်ခုက ယင်းတို့၏ စိတ်ကူးစိတ်သန်းအသစ်ကို ဒေါ်လာငါးသောင်းဖြင့် အလောင်းအစားလုပ်ရန် ဆုံးဖြတ်ခဲ့သည်။ လိုအပ်သော ကျန် ဒေါ်လာခြောက်သောင်းကို မိဘများဆီမှလည်းကောင်း၊ ကိုယ်ပိုင်စုဆောင်းငွေများမှလည်းကောင် ကြံရဖန်ရသည်။ ခုန်ပျံကျော်လွှား စီးပွားရေးလုပ်ငန်းကြီးအတွက် ထရပ်ကားတစ်စီးဝယ်ယူသည်။ လုပ်ငန်းအမှတ် တံဆိပ်အတွက် ဂရပ်ဖစ်ဒီဇိုင်းနာ တစ်ယောက်ကိုငှားသည်။ သတင်းစာရေဒီယိုများတွင်လည်းောက်ာငြာထည့်ရန်စီစဉ်ရသည်။ ကျောင်းပရ၀ုဏ် အတွင်းမှ သူငယ်ချင်းတွေကိုငှားရမ်း၍ လုပ်သားအင်အား စုဆောင်းရပြန်သည်။
ပြီးတော့ ယင်းတို့အဖွဲ့က ကော်လာပါသည့်အစိမ်းရောင်စပို့ရှပ်အင်္ကျီ နှင့် ကာကီရောင်ယူနီဖေါင်း ဘောင်းဘီ ကိုဝတ်ဆင်ကာ ကျေးလက်ကုန်စည်ပြပွဲများ၊ စီးပွားရေး လုပ်ငန်းရှင်များအသင်းနှင့် အိမ်မြေ အကျိုးတော်ဆောင် ရုံးများတွင် ရှင်းလင်းဟောပြောမှုများ လုပ်ခဲ့ကြရသည်။
ရှုံးနိမ့်မှုက သင်ကြား
“အစပိုင်းက ရှုံးလိုက်တာသောက်သောက်လဲပေါ့”
“ဈေးနှိမ်တာလည်းခံရသေးတယ်”
ဖရီးမင်းက ဇာတ်ကြောင်းပြန်သည်။ ဖေါက်သည်တစ်ဦးဆိုလျှင် ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲက ကျောင်းခဲအပိုင်အစများပြည့်နေသည့် အမှိုက်ပုံတစ်ဒါဇင်ကျော်ကို ဖယ်ရှားပေးရန် ငှားရမ်းခဲ့သည်။ သူတို့ခမြာ မတန်တဆလုပ်ကိုင်ခဲ့ကြရသော်လည်း ဒေါ်လာတစ်ရာ့သုံးဆယ်သာ ရရှိခဲ့သည်။
ဆိုလီမန်က….
“အဲဒီကွန်တိန်နာတွေက အရမ်းလေးတာပဲ…ကျွန်တော်တို့တစ်နာရီခွဲလေထာက် အချိန်ယူပြီးလုပ်လိုက်ရ တယ်”
“ဒါမျိုးတွေရှင်းဖို့ဆိုရင် ဒေါ်လာ ၂၅၀ ထက်မနည်း ရကြရမှာ”
သို့သော်နောက်ပိုင်တွင် ယင်းတို့၏အတွေ့အကြုံများက ဘာကိုလုပ်သင့်တယ်..၊ ဘာကိုမလုပ်သင့်ဘူး စသည်တို့ကို ‘မုဆိုးဆိုးစိုင်သင်’ လုပ်ပေးသွားလေသည်။ ယင်းတို့သည် အီလက်ထရွန်းနစ်ပစ္စည်းများကို ရီဆိုင်ကယ် ပြုလုပ်ခြင်း၊ ယင်းတို့စုဆောင်းထားသည့် တစ်ပတ်ရစ်ပစ္စည်းများကို လူမှုရေးအဖွဲ့အစည်းများသို့လှူဒါန်းခြင်း စသည်တို့ဖြင့် မြေမြှုပ်ကာ စွန့်ပစ်ရမည့် ကုန်ကျစရိတ်ကို လျှောချနိုင်ခဲ့သည်။ ယင်းတို့၏ ကုမ္ပဏီလက်ခွဲများ ထူထောင်ရာတွင်အဆင်ပြေစေရန် အကြံပေး ပုဂ္ဂိုလ်တစ်ဦးကို ငှားရမ်းသည်။ အကောက်ခွန်လွတ်နံပါတ်တစ်ခု ကိုဝယ်ယူပြီး 1800.junkusa.com အမည်ဖြင့် website တစ်ခုကိုထူထောင်လိုက်သည်။ လွန်ခဲ့သည့်နှစ်ကထက် ငှာရမ်းခ ပို၍ ဈေးချိုသည့် Tampa တွင်အခြေချခဲ့သည်။
ထိုအချိန်က ၂၆ နှစ်အရွယ် ဆိုလီမန်သည် မြော်အမြင်ရှိသောလုပ်ငန်းရှင်ဖြစ်လာပြီး ၂၇ နှစ်အရွယ် ဖရီးမင်း ကတော့ စေ့စပ်သေချာသည့် လက်တွေ့လုပ်ငန်းကျွမ်းကျင်သူဖြစ်လာသည်။ တွဲဖက်လုပ်ငန်းအနေနှင့် စွန့်စားတီထွင်လိုသောလူငယ်များအား စွန့်စားဆောင်ရွက်နိုင်စေရန် တွန်းအားပေးနိုင်သည့် စာအုပ်ဆိုင်ဖွင့်သည့် လုပ်ငန်းကိုဆောင်ရွက်သည်။
ဆိုလီမန်က
“ကျွန်တော် အမှိုက်ကား စပြီးမောင်းတုန်းကစွန့်ဦးတီထွင်သူတစ်ယောက်ဖြစ်ခဲ့တယ်ဆိုတာကို မသိခဲ့ ဘူး”….
“….နစ်ခ်လည်းဒီလိုပဲ မသိခဲ့ပါဘူး…သိတာတစ်ခုပဲရှိတယ်… အဲဒါက ကိုယ်ပိုင်လုပ်ငန်းလုပ်ချင် တာပဲ.. ကျွန်တော်တွေးမိတယ်..တကယ်လို့များ ကျွန်တော် နဲ့ နစ်ခ် သာ ရှုံးနိမ့်ခဲ့မယ်ဆိုရင်တောင် လုံးဝဆက်မကြိုးစားဘဲ နေတာထက် ..အရှုံးတွေကနေ ပိုပြီးသင်ယူခဲ့မှာပဲ..”
အိုမာဆိုလီမန် နှင့် နစ်ခ်ဖရီးမင်းတို့နှင့်အင်တာဗျူးး
မေး။ “ခင်ဗျားတို့ရဲ့ ကောလိပ်ကျောင်းက အမှိုက်သိမ်းလုပ်ငန်းစဖို့ အလုပ်ကထွက်တော့ သူငယ်ချင်းတွေက ဘာပြောလဲ”
ဖရီးမင်း။ “ကျွန်တော်တို့ကို ရူးသွားပြီတဲ့ အဲလိုထင်ကြတယ်ဗျ… မင်းတို့ရဲ့အရည်အချင်းသတ်မှတ်ချက် တွေက ဘာတွေလည်းပေါ့”
မေး။ “နောင်တရမိသေးလား”
ဖရီးမင်း။ “နိုးပါ…အတိုင်ပင်ခံ ကုမ္ပဏီမှာ အလုပ်လုပ်ရတာ အခွင့်အာဏာအတွက် အကြိတ်အနယ်၊ အလုအယက်ပြိုင်ဆိုင်နေကြရတယ်လို့ ခံစားမိတယ်…၊ အလုပ်ဆင်းတဲ့ရက် တွေမှာလည်း အတော်အား လပ်နေတာက များတယ်..။ ခုများတော့ အိုမာနဲ့ကျွန်တော် ကိုယ်ပိုင်လုပ်ငန်းလည်းရှိရော လုပ်ချင်တာ များလွန်းလို့ အချိန်တောင် မလောက်တော့ဘူး…”
မေး။ “တစ်ယောက်ယောက် အနေနဲ့… အမှိုက်ရှင်းရတာနဲ့ပတ်သက်ပြီး ထူးခြားဖြစ်စဉ်အတွေ့အကြုံလေး ပေါ့… ရှိသလား”
ဆိုလီမန်။ “ ဟား…စပါးကျီးမြွှေ အရှည်ကြီးတစ်ကောင်ပေါ့ဗျာ ထူးထူးခြားခြားတွေ့ရတာ..၊ ပြီးတော့ ဒုတိယ ကမ္ဘာစစ်အတွင်းက အမြောက်ဆံကြီးကိုလည်း ရှင်းခဲ့ရသေးတယ်..။ ၁၉၆၀ လောက်ကထုတ်ဝေခဲ့တဲ့ နာမည်ကြီး Playboy မဂ္ဂဇင်းအတွဲလိုက်ရယ် ( ထိုမဂ္ဂဇင်းအတွဲကို တွေ့ရှိသောဝန်ထမ်းက e-Bay online shopping တွင်ရောင်းချရာ ဒေါ်လာ ၃၀၀ ရရှိခဲ့သည်)၊ နောက်တော့ နာမည်ကြီးဘေ့စ်ဘော ကစားသမား တွေဖြစ်တဲ့ ဟန့်စ်အေရွန် နဲ့ ၀ီလီမေးစ် တို့ လက်မှတ်ထိုးထားတဲ့ ဘေ့စ်ဘော ဘော ဘောလုံးတွေကိုတော့ ကျွန်တော့ စားပွဲမှာပဲထားတယ်”
မေး။ “ခင်ဗျားတို့အတွက် အရေးအကြီးဆုံး သင်ယူခဲ့တဲ့အရာကို ပြောပါဆိုရင်”
ဖြေ။ “လူတွေက မရှုံးနိမ့်နိုင်ဘူးဗျ….စနစ်တွေကသာ အလုပ်လုပ်သွားတာပါဗျာ.. တကယ်လို့တစ်ခုခုမှာပြီဆိုပါစို့ …ခင်ဗျားအနေနဲ့ ၀န်ထမ်းတွေကို အပြစ်တင်မနေပါနဲ့ …ငါတို့ရဲ့စနစ် ဘာမှားနေလဲဆိုတာကိုသာ မေးစမ်းပါဗျာ..”
မေး။ “ကောလိပ်ကျောင်းသား အလုပ်သမားတွေကိုငှားရတာဆိုတော့ ကောင်းတာ၊ ဆိုးတာတွေရှိရင် ဖေါက်သည်ချပါအုံး”
ဆိုလီမန်။ “ သူတို့တွေက အလုပ်လုပ်ရင် အင်တိုက်အားတိုက်လုပ်တယ်… ဆင်ခြေမပေးဘူး၊ မကျေနပ်ချက် တွေကိုလည်း တေးမထားတတ်ဘူး…၊ အားနည်းချက်ကတော့ ညမရောက်သေးဘူး ပါတီပွဲတက်ချင်နေပြီ၊ ပြီးတော့ အလုပ်နဲ့သက်သေပြမယ်ဆိုတာ တစ်ခါမှမရှိဘူး “
မေး။ “ခင်ဗျားတို့လုပ်ငန်းရဲ့ အခိုင်အမာဆုံးအပိုင်းက ဘာများဖြစ်နိုင်မလဲ”
ဖြေ။ “အိုင်ဒီယာတွေကို ညှစ်ထုတ်ရတဲ့အလုပ်ဗျ…. ကောက်ကာငင်ကာလုပ်ရမယ့်အလုပ်ရှိတယ်..၊ အသေအချာ စဉ်းစားပြီးမှ လုပ်ရကိုင်ရတဲ့ ရီဆိုင်ကယ် (recycle) လိုဝန်ဆောင်မှုမျိုး လည်းရှိတယ်။ ဒါပေမယ့် ကျွန်တော်တို့ အလုပ်ကိုအာရုံစိုက်ဖို့သာလိုပါတယ်ဗျာ..၊ လုပ်ဖေါ်ကိုင်ဖက်အသစ်တွေကိုတော့ ရှာဆဲပါပဲ..၊ ဘာလို့လည်းဆိုတော့ နောက်ထပ်စီးပွားရေးလုပ်ငန်းအသစ်ဖြစ်တဲ့ College Foxes Packing Boxes အတွက်ပေါ့ဗျာ”
(စွန်ဦးတီထွင်လိုစိတ်ရှိသူ လူငယ်များအတွက်ရည်ရွယ်၍ ဘာသာပြန်ခြင်းဖြစ်ပါသည်။ ယင်းတို့နှစ်ဦး၏ အမှိုက်သိမ်းစီးပွားရေးလုပ်ငန်းမှာ ၂၀၁၇ ယခုအခါ ပြည်တွင်း၊ ပြည်ပ မည်မျှအထိကြီးပွားနေသည်ကို ညီ၊ ညီမတို့ လက်တွေ့အားကျနိုင်ရန် ဤဆောင်းပါးတွင်ပါဝင်သည့် website လိပ်စာဖြစ်သော 1800.junkusa.com ကို ကိုယ်တိုင်ရှာဖွေကြည့်ရှုခြင်းဖြင့် အောင်မြင်မှုလမ်းစရယူနိုင်ကြပါစေ။ (လူငယ်များပီပီ ဂျပန်လူဆိုဂိုဏ်း ယာကူဆာ ရှိသကဲ့သို့ သူတို့ကလည်း ဂျန်ကူဆာအမှိုက်သိမ်းဂိုဏ်းကြီးဆိုသည့် အမည်မှာလည်း အိုင်ဒီယာကောင်းပင်ဖြစ် သည်။ စာရေးသူ) ။
Original- ထင်အောင်အောင် ( ၂၄၊ ၇၊ ၂၀၁၇)
“Dreamers”, by Lynn Rosellini, Reader Digest, June 2009

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။