Bamaw Thein Pe added 2 new photos.
#အနာဂတ်ကို_ရှုမြင်ပါ
စာအုပ်တစ်အုပ်မှာ ဖတ်ဖူးတယ်။ လူတွေကို အုပ်စု ၅ မျိုး ခွဲခြားလို့ရတယ်တဲ့။ အုပ်စုတွေက -
- (၁) အလွန်ဆင်းရဲသူ
- (၂) ဆင်းရဲသူ
- (၃) အလယ်အလတ်တန်းစား
- (၄) ချမ်းသာသူနဲ့
- (၅) အလွန်ချမ်းသာသူ တွေတဲ့။
သူတို့ကို ငွေကြေးချမ်းသာမှုကြောင့်ချည်းပဲ အုပ်စုခွဲထားတာ မဟုတ်ပါဘူး။ သူတို့ရဲ့ မတူညီကြတဲ့ စဉ်းစားတဲ့ အကျင့်ကြောင့်လည်း ပါပါတယ်။
- (၁) အလွန်ဆင်းရဲသူတွေဟာ တစ်နေ့တာအတွက်ပဲ စဉ်းစားတယ်တဲ့။ တစ်နေ့စာ စားရဖို့ပဲ စဉ်းစားနေတတ်ကြတယ်။
- (၂) ဆင်းရဲသူတွေကတော့ တစ်ပတ်စာပဲ စဉ်းစားတယ်။ တစ်ပါတ်စာ စားစရာ၊ သုံးစရာရှိရင် ဖူလုံပြီလို့ ထင်ကြတယ်။
- (၃) အလယ်အလတ်တန်းစားလူတွေ (၀န်ထမ်းများဟာ ဒီအမျိုးစားထဲပါဝင်) ဟာ တစ်လစာပဲ စဉ်းစားတယ်တဲ့။ လကုန်ရင် ပေးစရာဘီလ်တွေ၊ အိမ်ငှားခတွေ၊ ကလေးကျောင်းလခတွေ၊ အကြွေးတွေပေးနိုင်ဖို့ပဲ စဉ်းစားတတ်ကြတယ်။
- (၄) ချမ်းသာသူတွေကတော့ တစ်နှစ်တာအတွက်ပဲ စဉ်းစားကြတယ်။ ဒီတစ်နှစ်အတွင်း ရင်းနှီးငွေထဲက ဘယ်လောက်တိုးပွားလာမလဲ၊ အမြတ်ငွေဘယ်လောက်ရမလဲဆိုတာ တွေးကြတယ်။
- (၅) အလွန်ချမ်းသာသူ (မီလျံနာ၊ ဘီလျံနာ သူဋ္ဌေးကြီးတွေ) ကတော့ ၁၀ နှစ်စာလောက် ကြိုတွေးတယ်တဲ့။ သူတို့ရဲ့လုပ်ငန်းသစ်တွေ ဘယ်တော့ထပ်ဖွင့်မယ်။ ဘယ်လိုလုပ်ငန်းတွေ လျှော့ချပြီး ဘယ်လုပ်ငန်းတွေကို တိုးချဲ့မယ်ဆိုတာ ၁၀ နှစ်စာလောက် ကြိုတင်ပြီး အစီအစဉ်တွေကို ဆွဲထားတတ်ကြတယ်။
အောင်မြင်ကြီးပွားသူတွေဟာ ရှေ့ဘာလုပ်ဖြစ်မလဲဆိုတာကို စဉ်းစားတွက်ချက်ထားတာမို့ သူတို့ ရောက်ချင်တဲ့ ရည်မှန်းချက်ပန်းတိုင်ကို မျက်စိထဲမှာ ရှင်းရှင်းလင်းလင်း မြင်နေကြတယ်။ အဲဒီလို ပန်းတိုင်ကို မြင်နေလို့လဲ လမ်းခုလတ်မှာ ကြုံတွေ့ရတဲ့ အခက်အခဲ၊ ဒုက္ခတွေကို ကျော်လွှားနိုင်တဲ့ စိတ်ဓာတ်ခွန်အား၊ ကာယခွန်အား ရရှိနေကြတာပါ။ သူတို့မြင်နေတဲ့ပန်းတိုင်ကို မစွန့်လွှတ်နိုင်လို့ ဘေးပတ်ဝန်းကျင်က ကဲ့ရဲ့ ရှုတ်ချတာတွေ၊ ဝေဖန်ပြစ်တင်တာတွေ မဖြစ်နိုင်ဘူးဆိုတဲ့စကားတွေဟာ သူတို့ခေါင်းထဲ မရောက်တော့ဘူး။ သူတို့ ယုံကြည်ချက်ဟာ ကျောက်ဆောင်ကြီးလို ခိုင်မာလွန်းလို့ ဝေဖန်ပြစ်တင် ရှုံချတဲ့ လေမုန်တိုင်းကြောင့် ကျောက်ဆောင်ဟာ ဘာမှမဖြစ်သလို သူတို့ယုံကြည်ချက်ဟာ မသွေစောင်းသွားပါဘူး။
သင်အောင်မြင်ကြီးပွားချင်ရင် ယနေ့ကစလို့ နောက်တစ်နှစ်ကြာရင် ဘာဖြစ်ချင်သလဲ။ နောက် ၃ နှစ်ကြာရင်၊ နောက် ၁၀ နှစ်ကြာရင် ဘယ်လို လူမျိုးဖြစ်ချင်သလဲ ဆုံးဖြတ်ပြီး စတင် လုပ်ဆောင်ပါ။ အဲဒီ ဖြစ်ချင်တာတွေကို မျက်စိထဲ ကွက်ကွက်ကွင်းကွင်း ပေါ်အောင်ကြည့်ပါ။ သင်ရဲ့အနာဂါတ် ဘာဖြစ်ချင်တယ်ဆိုတာ ယနေ့သင့်ဆုံးဖြတ်ချက်ပေါ်မှာ မူတည်နေပါတယ်။ ဒါဟာလည်း အောင်မြင်ကြီးပွားသူတွေ ကျင့်သုံးတဲ့ လျှို့ဝှက်နည်းလေး တစ်ခုပါပဲ။
ဗန်းမော်သိန်းဖေ
၀၆-၀၂-၂၀၁၇

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။