Bamaw Thein Pe added 2 new photos.
အမေရိကန်နိုင်ငံ ဘာလ်တီမိုးမြို့ ကောလိပ်က လူမှုဗေဒသင်တဲ့ပါမောက္ခတစ်ယောက်ဟာ ဆင်းရဲသားရပ်ကွက်က မူလတန်းကျောင်းသား ၂၀၀ ကို သုတေသန စမ်းသပ်မှုတစ်ခုလုပ်တယ်။ သူတို့ ကြီးလာရင် ဘာဖြစ်မလဲဆိုတဲ့ သူတို့ကိုယ်ကို ခန့်မှန်းတဲ့ မေးခွန်းကို ဖြေခိုင်းတယ်။ ပါမောက္ခဟာ သူတို့ရဲ့အဖြေလွှာတွေကို စက္ကူသေတ္တာတစ်လုံးမှာ ထည့်ပြီး သူ့ရုံးခန်းထဲမှာ သိမ်းထားလိုက်တယ်။
၂၅ နှစ်ကြာသွားပြီ။ အရင်ပါမောက္ခလည်း ပင်စင်ယူပြီး ဘယ်ရောက်သွားမှန်း မသိတော့ဘူး။
အဲဒီဌာနကို ရောက်လာတဲ့ နောက်ပါမောက္ခက တနေ့မှာ ရုံးခန်းကို ရှင်းလင်းရင်း အရင်ပါမောက္ခထားခဲ့တဲ့ စက္ကူသေတ္တာထဲက မှတ်တမ်းတွေကို တွေ့သွားတယ်။ သူဟာ အရမ်းစိတ်ဝင်စားသွားပြီး သူ့တပည့်ကျောင်းသားတွေကို မှတ်တမ်းထဲက ကျောင်းသားတွေ အခု ဘာလုပ်နေကြသလဲ၊ ဘာဖြစ်နေကြသလဲဆိုတာ စုံစမ်းခိုင်းလိုက်တယ်။
ကျောင်းသားတွေဟာ တလကြာ စုံစမ်းကြပြီး သူတို့ပါမောက္ခဆီကို တွေ့ရှိချက်တွေကို
ပြန်ပြောကြတယ်။ ကျောင်းသား ၂၀၀ ထဲက ၂၀ ကိုတော့ စုံစမ်းမရတော့ဘူး။
တခြားမြို့ကို ထွက်ခွာသွာကြပြီး သေသလား၊ ရှင်သလား မသိတော့ဘူးတဲ့။ ဒါပေမဲ့
ကျန်တဲ့ ကျောင်းသား ၁၈၀ ထဲက ၁၇၆ ယောက်ကတော့ သာမန်အဆင့်ထက်
ထူးချွန်နေကြတယ်တဲ့။
ဒီတွေ့ရှိချက်ကို အံ့သြလွန်းလို့ သူ့တပည့်တွေကို နောက်တစ်ခု ထပ်စုံစမ်းခိုင်းပြန်တယ်။ အဲဒါက သူတို့ဘာကြောင့် အောင်မြင်ရသလဲဆိုတဲ့ မေးခွန်းကို ၁၇၆ ယောက်ထဲက တစ်ယောက်ချင်းကို မေးခိုင်းပြန်တယ်။ ကံကောင်းတာက အဲဒီလူအားလုံးဟာ ဘာလ်တီမိုးမြို့ထဲမှာ နေကြလို့ ပါမောက္ခရဲ့ တပည့်တွေဟာ တစ်ပတ်အတွင်း အဖြေတွေ ရယူနိုင်ခဲ့ကြတယ်။
ဒီတခါလည်း ပါမောက္ခဟာ အံ့သြသွားပြန်တယ်။ အဲဒီလူတွေ အများစုရဲ့ အဖြေက ဆရာမတစ်ယောက်ကြောင့် အောင်မြင်တာပါတဲ့။
ဒီတစ်ခါတော့ ပါမောက္ခဟာ အဲဒီဆရာမကို ကိုယ်တိုင်သွားတွေ့တယ်။ ဆရာမဟာ ပင်စင်ယူပြီး အသက်အတော်ကြီးနေပေမယ့် သတိကောင်းနေပါသေးတယ်။ ပါမောက္ခက ဆရာမကြီးကိုသူ့ကျောင်းသားတွေ ဘဝမှာ အောင်မြင်ဖို့ ဘယ်လိုနည်းတွေ သုံးခဲ့သလဲလို့ မေးကြည့်လိုက်တယ်။
ဆရာမရဲ့ မျက်လုံးတွေဟာ ရွှန်းလဲ့တောက်ပလာကြတယ်။ နူတ်ခမ်းမှာ အပြုံးတစ်ချက်ပေါ်လာပြီး ပါမောက္ခကို ခုလို ပြောလိုက်ပါတယ်။
"ကျွန်မ လုပ်တာ လွယ်လွယ်လေးပါ။ ကျွန်မ သူတို့ကို အရမ်းချစ်တယ်။"
မှတ်ချက်။ Chicken Soup for the Soul စာအုပ်မှ ယူထားတာပါ။
ဆရာ၊ ဆရာမတွေသာ တကယ့်မေတ္တာ၊ စေတနာ ထားနိုင်ရင် ကျောင်းသူကျောင်းသားတွေရဲ့ အနာဂတ်ဘဝဟာ သာယာစိုပြေကြမှာပါ။
ဗန်းမော်သိန်းဖေ
၂၁-၀၂-၂၀၁၇

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။