Bamaw Thein Pe added 2 new photos.
#ခရစ္စမတ်လက်ဆောင်
ကျွန်တော့်သူငယ်ချင်းပေါလ်ဟာ သူ့အကိုဆီက ခရစ္စမတ်လက်ဆောင်အဖြစ် မော်တော်ကားလေးတစ်စီးကို လက်ဆောင်ရလိုက်တယ်။ တောက်ပတဲ့ အနီရောင် အမိုးဖွင့်ကားလေးမို့ ကားလေးဟာအတော်လေးကို လှတယ်။ ခရစ္စမတ်နေ့၊ သူ့အိမ်ကအထွက်မှာ လမ်းပေါ်မှာ တောင်းစားနေတဲ့ ကောင်လေးတစ်ယောက်ဟာ သူ့ကားကို လှည့်ပတ်ကြည့်နေတာကို ပေါလ်တွေ့လိုက်ရတယ်။ ကောင်လေးက အနားရောက်လာတဲ့ သူ့ကို မေးလိုက်တယ်။
"မစ္စတာ၊ ဒီဟာ ခင်ဗျားကားလား ခင်ဗျာ"
ပေါလ်က ခေါင်းငြိမ့်ပြရင်း
"အေး ဟုတ်တယ်။ ငါ့အကိုက ခရစ္စမတ်လက်ဆောင် ပေးလိုက်တာ"
ကောင်လေးဟာ အရမ်းအံ့သြသွားတဲ့ အမူအရာနဲ့
"ဟာ အကိုက လက်ဆောင်ပေးတယ်ဆိုတော့ ခင်ဗျား ပိုက်ဆံပေးစရာ မလိုတော့ဘူးပေါ့နော်။ ကျွန်တော့်ဆန္ဒက အဲဒီလို"
ကောင်လေးရဲ့ စကားပြတ်သွားတယ်။ ဒါပေမဲ့ သူဘာပြောချင်တယ်ဆိုတာ ပေါလ် ရိပ်မိပါတယ်။ ကောင်လေးဆန္ဒက ပေါလ်လို အကိုတစ်ယောက် ရှိချင်တယ်လို့ ပြောချင်တာ ဖြစ်ပါလိမ့်မယ်။
"ကျွန်တော့် ဆန္ဒက" ကောင်လေးဟာ စကားကို ခဏနားပြီးမှ ဆက်ပြောတယ်။ "ခင်ဗျားအကိုလိုမျိုး အကိုတစ်ယောက် ဖြစ်ချင်တာပါ"
ပေါလ်ဟာ သူ့အထင်နဲ့ လွဲသွားလို့ အံ့သြသွားပြီး လွှတ်ကနဲ ပြောလိုက်တယ်။
"မင်း ငါ့ကားနဲ့ လိုက်စီးချင်သလား"
"ဟုတ်ကဲ့ မစ္စတာ။ သိတ်စီးချင်တာပေါ့" အရမ်းဝမ်းသာတဲ့ အမူအရာနဲ့ ပြန်ပြောလိုက်တယ်။
ပေါလ်က သူ့ကို ကားရှေ့ခန်းမှာ အတူထိုင်ခိုင်းပြီး အနီးနားမှာ ကားကို တပတ်မောင်းပေးလိုက်တယ်။ ကားစီးရင်း ကောင်လေးဟာ ရုတ်တရက် ပြောလိုက်တယ်။
"မစ္စတာ၊ ကျွန်တော့်အိမ်ရှေ့နား ဖြတ်မောင်းလို့ ရမလား"
ပေါလ်က တချက်ပြုံးလိုက်တယ်။ သူက ကောင်လေး ဘာလုပ်ချင်တယ်ဆိုတာ ရိပ်မိပါတယ်။ ကောင်လေးဟာ သူ့အိမ်နီးချင်းတွေကို ကားလှလှလေး စီးနေတာကို ကြွားချင်လို့ ဖြစ်ပါလိမ့်မယ်။ ဒီတခါလည်း ပေါလ်ရဲ့ အထင် လွဲမှားသွားပြန်ပြီ။
"မစ္စတာ၊ ရှေ့နားက လှေခါး ၂ ထစ်ရှိတဲ့ အိမ်ရှေ့မှာ ရပ်ပေးလို့ ရမလား ခင်ဗျာ"
ပေါလ်က ကားကို ရပ်ပေးလိုက်တယ်။ ကောင်လေးဟာ ကားပေါ်က ဆင်းပြီး အိမ်ပေါ်ပြေးတက်သွားတယ်။ ခဏလေးနေတော့ သူပြန်လာတဲ့ ခြေသံကို ကြားရတယ်။ ခြေသံက စောစောကလို မမြန်ဘဲ နှေးနေတယ်။ ပေါလ်က လှည့်ကြည့်လိုက်တော့ ကောင်လေးဟာ အောက်ပိုင်းသေနေတဲ့ သူ့ညီကို ကုန်းပိုးပြီး အောက်ဆုံးလှေခါးထစ်ပေါ်မှာ ချပေးလိုက်တယ်။ သူက သူ့ညီဘေးနားမှာ ပူးကပ်ထိုင်လိုက်ပြီး ကားကို လက်ညိုးထိုးပြရင်း သူ့ညီကို ခုလို ပြောပြလိုက်တယ်။
"ညီလေး၊ အိမ်ပေါ်မှာ အကို ပြောတဲ့ကားဆိုတာ အဲဒီကားလေးပေါ့။ အဲဒီကားက ကားပေါ်က လူကြီးကို သူ့အကိုက ခရစ္စမတ်လက်ဆောင်ပေးတာတဲ့။ သူ့ပိုက်ဆံနဲ့ ဝယ်တာ မဟုတ်ဘူး။ တနေ့ကျရင် ငါလည်း မင်းကို ကားတစ်စီး ဝယ်ပေးမယ်။ မင်းကိုယ်တိုင်မောင်းပြီး ခရစ္စမတ်ပွဲတော်ကျင်းပတဲ့ နေရာတွေကို လိုက်ကြည့်ပေါ့နော်"
အဲဒီစကားကို ကြားတဲ့ ပေါလ်ဟာ ကားပေါ်က ဆင်းပြီး မသန်စွမ်းလူငယ်လေးကို မချီပြီး ကားရှေ့ခန်းမှာ ချပေးလိုက်တယ်။ ကောင်လေးလည်း သူ့ညီဘေးမှာ ကပ်ထိုင်လိုက်တယ်။ ပေါလ်ဟာ ကားကို မြို့တပတ်မောင်းပေးလိုက်တယ်။ အားရကျေနပ်တဲ့ အပြုံးကိုယ်စီနဲ့ ညီအစ်ကို နှစ်ယောက်ကို ပေါလ်က အကောင်းဆုံးခရစ္စမတ်လက်ဆောင် ပေးလိုက်နိုင်ပါတယ်။
မှတ်ချက်။ Chicken Soup for the Soul စာအုပ်မှ ယူထားတာပါ။
ငွေပေးမှ၊ ပစ္စည်းပေးမှ လက်ဆောင်မဟုတ်ပါဘူး။
ဗန်းမော်သိန်းဖေ
၂၁-၀၂-၂၀၁၇
ငွေပေးမှ၊ ပစ္စည်းပေးမှ လက်ဆောင်မဟုတ်ပါဘူး။
ဗန်းမော်သိန်းဖေ
၂၁-၀၂-၂၀၁၇
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။