Win Nyunt with Ck Alexandria and မောင် အေးကို ပေါင်းတလည် at Government of Technological Institute Insein.
စာဖတ်ခြင်း အပေါ် စာဖတ်ခြင်း
______________________
၂၀၁၃ ခုနှစ်မှာ အိမ်နီးချင်းတရုတ်နိုင်ငံက စာအုပ်အမျိုးအစားပေါင်း လေးသိန်းလေးသောင်းလောက် ထုတ်ဝေ ခဲ့ပါတယ်။ ၁၂၃ နိုင်ငံအနက် ထုတ်ဝေမှုနံပါတ် ၁ ပါ။ သူ့ရဲ့နောက်မှာ အမေရိကန်က သုံးသိန်းသုံးသောင်းကျော် နဲ့ ဒုတိယ။ မြန်မာလည်း စာအုပ်ထုတ်ဝေမှုအပိုင်းမှာ အံ့အားသင့်စရာပါ။ ၁၉၉၃ ခုနှစ်မှာ စာအုပ်အမျိုးအစားစုံ ၃၆၆၀မျိုး ထုတ်ဝေခဲ့တော့ အဆင့်အနေနဲ့ ၅၂ မှာရှိနေပါတယ်။ လက်ရှိစာရင်း မဟုတ်ပါဘူး။ ယူနက်စကိုရဲ့မှတ်တမ်းတစ်ခုကို ကိုးကားတင်ပြတာဖြစ်ပါတယ်။ အနိမ့်ဆုံး နိုင်ငံ ကတော့ အိုမန်နိုင်ငံ ဖြစ်ပါတယ်။ တစ်နှစ်လုံး စာအုပ် ခုနှစ်မျိုးသာထုတ်ဝေခဲ့နိုင်ပါတယ်။
မိတ်ဆွေဟာ ပိုက်ဆံတတ်နိုင်လို့ ထွက်သမျှ အကုန်ဝယ်နိုင်တယ် ဆိုပါဦး။
တစ်နှစ်တစ်နှစ်ကို အုပ်ရေ သုံးထောင်လောက် ထွက်သမျှ မြန်မာစာအုပ်ကို
လိုက်ဖတ်နိုင်ဖို့ မလွယ်လှပါဘူး။ ဒါက ပြည်တွင်းက ထုတ်ဝေတဲ့ စာအုပ်ပဲ
ရှိပါသေးတယ်။ ဒီလောက်များတဲ့ စာအုပ်တွေကို မိတ်ဆွေ အကုန်ဖတ်နိုင်မလား။
တစ်နေ့ အနည်းဆုံး ဆယ်အုပ်ဖတ်မှ ပြီးပါလိမ့်မယ်။ မဖြစ်နိုင်ဘူးလို့တော့
ကျွန်တော်ယူဆပါတယ်။
ဆရာမ ဂျူး လက်ဆင့်ကမ်းတဲ့ (Mortimer J Adler ရဲ့ How to read a book) မှာ အောက်ဖော်ပြပါအတိုင်း စာဖတ်ခြင်းကို ခွဲခြမ်းစိတ်ဖြာခဲ့ပါတယ်။
ပထမအဆင့် အခြေခံစာဖတ်နည်း (Elementary reading) မှာ ဒီစာက ဘာအကြောင်းလဲ၊ စာရေးသူက ဘယ်လိုရည်ရွယ်ချက်နဲ့ ရေးတာလဲ၊ နောက်ကွယ်က အရင်းခံက ဘာတွေလဲ စသည်ဖြင့် သိလာတဲ့အဆင့်ပါ။
ဒုတိယအဆင့် စူးစမ်းလေ့လာစာဖတ်နည်း (Inspectional reading) မှာတော့ ပေးထားတဲ့အချိန်အတွင်း စာကို နားလည်အောင် ဖတ်တဲ့အဆင့်ပါ။
တတိယအဆင့်ဖြစ်တဲ့ ပိုင်းခြားဝေဖန်စာဖတ်နည်း (Analytical reading) ကတော့ စာအုပ်တစ်အုပ်ကို အပြည့်အ၀နားလည်အောင် စိတ်ရှည်လက်ရှည် စနစ်တကျ အကောင်းဆုံး ဖတ်တဲ့အဆင့်ပါ။
စတုတ္ထအဆင့် နှိုင်းယှဉ်လေ့လာ စာဖတ်တဲ့အဆင့် (Syntopical reading) ကတော့ အမြင့်ဆုံးပါပဲတဲ့။
စာတမ်းပြုစုမယ့်သူ၊ စာအုပ်တစ်အုပ်ရေးမယ့်သူဟာ ကိုယ်ရေးမယ့်စာအတွက် ဘာသာရပ်တူညီသော စာအုပ်တွေကို အများအပြား နှိုင်းယှဉ်လေ့လာ ဖတ်ရှုတာမျိုးဖြစ်ပါတယ်။ စနစ်အကျဆုံး စာဖတ်အဆင့်လည်း ဖြစ်ပါတယ်။
ဆရာမက စာရေးဆရာမဖြစ်တဲ့အပြင် စာဖတ်အားလည်းကောင်းတော့ သူနှစ်သက်လက်ခံတဲ့ စာဖတ်နည်း ဖြစ်လို့ တခြားစာဖတ်သူတွေအတွက် အသုံးကျမှာ အသေအချာပါပဲ။
၂၀၁၆ နှစ်လယ်ပိုင်းလောက်မှာ ပညာရေးနဲ့ ပတ်သက်တဲ့ သင်တန်းတစ်ခုတက်ခွင့်ရပါတယ်။ အဲဒီသင်တန်းရဲ့ မိတ်ဆက်ပေးမှုအရ ဘလွန်းရဲ့ ပညာရေးခွဲခြမ်းစိတ်ဖြာမှု ခြောက်ချက်ကို တွေ့ခဲ့ရပါတယ်။ ဘလွန်းကတော့ ပညာရေး အဆင့်တွေကို ခွဲခြမ်းစိတ်ဖြာဖို့ရည်ရွယ်ချက်အတွက် ဒီမော်ဒယ်ကို ရေးခဲ့တာပါ။ စာအုပ်ကတော့ အတော်ကြာခဲ့ပါပြီ။ Bloom’s Taxonomy လို့ ခေါ်ပါတယ်။ Knowledge, Comprehension, Apply, Analysis, Synthetic, Evaluation ဆိုပြီး အဆင့်ခြောက်ဆင့် သတ်မှတ်ထားပါတယ်။
ကျွန်တော်ကတော့ မြန်မာပီပီ ကားဘီးခွေတစ်ခု မသုံးဖြစ်တဲ့အခါ မီးသံချောင်းခေါက်တဲ့နေရာမှာသုံးသလို သဘောထားပြီး ဘလွန်းရဲ့ မော်ဒယ်ကိုမူလဖွင့်ဆိုချက်က သွေဖယ်လို့ အသုံးချခဲ့ပါတယ်။ ကိုယ့်ရဲ့ စာဖတ်အရည် အသွေးကို ဘယ်ရောက်နေသလဲ ဆိုတာ တိုင်းတာကြည့်ခဲ့ပါတယ်။
Bloom Taxonomy Model ကိုဖော်ထုတ်ခဲ့တဲ့ ဘင်ဂျမင် အက်စ် ဘလွန်း (1913-1999) က လူတစ်ယောက်ရဲ့ ကျွမ်းကျင်မှုကို အကျဉ်းအားဖြင့် အဆင့်ခြောက်ဆင့် ပိုင်းခြားပါတယ်။ ကျော်သွားလို့ မရတဲ့ တစ်ဆင့်ပြီး တစ်ဆင့် တည်ဆောက်ရတဲ့ ပုံစံပါ။
၁။ အကြားအမြင် ဗဟုသုတကြွယ်ဝခြင်း (Knowledge)
ဒီအဆင့်မှာတော့ ကိုယ့်အတတ်ပညာဆိုင်ရာ သိသင့်သိအပ်တာ မှန်သမျှကို မဖြစ်မနေ လေ့လာဆည်းပူး မှတ်သားရပါလိမ့်မယ်။ Memory to recall လို့လည်း ခေါ်ပါတယ်။ မှတ်ထားပြီး လိုအပ်တဲ့အချိန်မှာ အံဝင်ဂွင်ကျ သုံးတတ်ရပါမယ်။ စုတုပြုမှာတော့ စု ဆိုတဲ့အဆင့်နဲ့ ကိုက်ညီပါလိမ့်မယ်။
၂။ အသိမှ အရှိဖြစ်စေခြင်း (Comprehension)
သိတဲ့အတိုင်း ထားလို့မရတော့ဘဲ စားသမျှ အစာချေရသလို ဖတ်၊မှတ်၊ လေ့လာသမျှကို တကယ်နားလည်တတ်မြောက်အောင် အားထုတ်ရတဲ့ အပိုင်းပါ။ အချို့စာတွေဟာ ငယ်ငယ်က ဖတ်ဖူးပြီး အချိန်အတော်ကြာမှ ဟာကနဲ သဘောပေါက်မိတဲ့အခါတွေ ရှိတတ်ပါတယ်။ အရွယ်နဲ့ အတွေ့အကြုံအရ အလိုလို နားလည်လာနိုင်သလို၊ အားထုတ်ရင်လည်း နားလည်နိုင်ပါတယ်။
၃။ လေ့လာစည်းပူးသမျှကို ပြန်လည်အသုံးပြုနိုင်ခြင်း (Application)
ကိုယ်သိသမျှအရာအတော်များများကို လက်တွေ့အသုံးကျလာတဲ့အဆင့်ပါ။ စာရေးခြင်းကို ဒီအချိန်မှာ စတင်လုပ်ဆောင်နိုင်ပါပြီ။ ခိုင်လုံတဲ့စည်းဘောင်၊ အမျိုးအစား၊ အကွာအဝေး ကို နားလည်စပြုပြီး အသုံးချ ရမယ့်အဆင့်ပါ။
၎။ ခွဲခြမ်းစိတ်ဖြာခြင်း (Analysis)
အလေးအနက် နားလည်ဖို့ နည်းပေါင်းစုံက ခွဲခြမ်းစိတ်ဖြာခြင်းကို လုပ်ဆောင်ရတဲ့အဆင့်ပါ။ လက်တွေ့ အတွေ့အကြုံလည်း ကောင်းမွန်ဖို့လိုအပ်သလို အမြင်အားဖြင့်လည်း စူးရှထက်သန်ဖို့လိုပါတယ်။ ပင်ကိုယ်စိတ်ထက်သန်မှုကလည်း အရေးပါလာပါပြီ။ စာပေမှာတော့ဒီအဆင့်ကို Application ကိုကျော်လွန်ပြီး ရောက်လာတာမျိုး ဖြစ်တာပါတယ်။ ဥပမာ အားဖြင့် ဆရာဝင်းငြိမ်း၊ ဆရာကိုလေးမြတ်။ ပင်ကိုယ်ရေး အများကြီးမရှိပေမဲ့ ခွဲခြမ်းစိတ်ဖြာနိုင်တဲ့နေရာမှာ ထူးချွန်သူတွေဖြစ်ကြပါတယ်။ ဆရာကိုလေးမြတ်ရဲ့ လက်သုံး စကားကတော့ မုန့်ဟင်းခါးမချက်တတ်လည်း ကောင်းကောင်းစားတတ်ရင် အရသာသိနိုင်တယ်လို့ ဆိုပါတယ်။
၅။ ကိုယ်တိုင်ဖန်တီးခြင်း၊ အသစ်တည်ဆောက်ခြင်းနှင့် ဦးစီးဦးဆောင်ပြုခြင်း (Synthesis)
အတော်ခက်တဲ့အဆင့်ပါပဲ။ ဘာသာရပ်မှာ ဆိုရင်တော့ ဆရာ (Master) အဆင့်ပါ။ အသစ်ကို ရှာဖွေ ဖော်ထုတ်တာ၊ အတွေးအမြင်အသစ်၊ ရှုထောင့်အသစ်တွေ၊ သီအိုရီအသစ်တွေကို ဖော်ထုတ်တဲ့အဆင့်ပါ။ အတွေးအမြင်ဆောင်းပါးရှင်တွေမှာအများစုတွေ့ရပါတယ်။သုတေသနပညာရှင်တွေမှာလည်းတွေ့နိုင်ပါ တယ်။
၆။ ရလဒ်တစ်ခုအတွက် မျှော်မြင်တွက်ဆခြင်း (Evaluation)
ပါရဂူမြောက်ကျွမ်းကျင်အဆင့်ပါ။ ဖြစ်လာနိုင်ချေတွေ ခန့်မှန်းတွက်ဆ အတည်ပြုနိုင်တဲ့အဆင့်ပါ။ စာပေသဘောတရားကတော့ အသေကိုင်စွဲဖို့ ခက်ပါတယ်။ စာရေးဆရာကြီး ဂျိမ်း အေ မစ်ချနာ စာပေပါရဂူဘွဲ့ယူတော့ စာတမ်းကို စစ်ဆေးတဲ့အဖွဲ့က စာပေအလုပ်ကိုစတင်လုပ်ဖို့ခြေလှမ်းစနိုင်ပြီလို့ မိန့်ခဲ့ပါသတဲ့။
ဆရာမဂျူးလက်ဆင့်ကမ်းတာကတော့ စာဖတ်နည်းဖြစ်ပြီး Bloom Taxonomy က စာဖတ်ခြင်း၊ စာရေးခြင်းတို့အပေါ်မှာခွဲခြမ်းစိတ်ဖြာနိုင်တယ်လို့ သုံးသပ်ပါတယ်။
စာအုပ်တွေကို လောဘတကြီးဖတ်မယ်ဆိုရင်တောင် တစ်သက်လုံးဖတ်မကုန်အောင် ထွက်နေပါလိမ့်မယ်။ သူဖတ်ဖူးပြီး ကိုယ်မဖတ်ဖူးတာ၊ ကိုယ်ဖတ်ဖူးပြီး သူမဖတ်ဖူးတာ အများကြီးရှိလာနိုင်ပါတယ်။ ဖတ်မိသမျှ အကျိုးကြီးအောင် ဖတ်ဖို့သာ အရေးကြီးတယ်လို့ ကျွန်တော်ယူဆပါတယ်။
ဆရာရဲ ပြောဖူးတဲ့စကားတစ်ခွန်းရှိပါတယ်။ ကျမ်းလျှောက်တော့တစ်သက်၊ ကျမ်းပေါက်တော့ တစ်ချက် ဆိုတဲ့စကားပါ။ အများကြီးဖတ်နေလို့လည်း ကျွန်တော်တင်ပြခဲ့တဲ့နောက်ဆုံးအဆင့်ကို ရောက်ချင်မှ ရောက်နိုင်ပါလိမ့်မယ်။ စာတစ်အုပ်ကို အနုလုံပဋိလုံ အပြန်ပြန်အလှန်လှန် သုံးသပ်ခြင်းအားဖြင့် ဆရာမဂျူးတင်ပြခဲ့တဲ့ ဝေဖန်ပိုင်းခြားစာဖတ်ခြင်း (Analytical Reading) အဆင့်ကို ရောက်သွားနိုင်ပါတယ်။ စာရေး ဝါသနာပါသူတွေ အတွက်ကတော့ စနစ်တကျ ဖတ်လိုက်တာနဲ့ မြန်မြန်ဆန်ဆန် ခရီးပေါက်ဖို့ ရှိပါတယ်။ ခံစားတတ်တဲ့ အပြင် စာရေးသူရဲ့ ဖန်တီးမှုအတိမ်အနက်ကိုပါ မှန်းမိထောက်မိ ရှိတတ်လို့ပါ။
စာဖတ်တာက ဘုရားရှိခိုးသလို၊ဝတ်ပြုဆုတောင်းသလို အချက်မျိုးနဲ့ တူပါတယ်။ အများသိဖို့ထက် ကိုယ်တိုင် ကိုယ်ကျ အရသာရှိရှိ ခွဲခြမ်းစိစစ်၊ နှိုင်းယှဉ်တွေးတောနိုင်ရေးကသာ အဓိကကျပါလိမ့်မယ်။ စာတစ်အုပ်ကို အထပ်ထပ် ဖတ်နေသူတွေကို တွေ့ဖူးကြမှာပါ။ သူတို့ဆီမှာ အလွန်လေးစားလောက်တဲ့ အသိအမြင်တွေ တွေ့ရတတ်ပါတယ်။ ဘုရားက ပြန်တယ်မရှိပေမဲ့ တရားမဲ့သူတွေကို ဝန်းကျင်မှာ သတိပြုမိကြမှာပါ။ စာအုပ်ကြီးတကိုင်ကိုင်နဲ့ ကျွန်တော်တို့လို လွတ်နေတဲ့သူတွေ လည်းအများကြီးတွေ့နိုင်ပါလိမ့်မယ်။
စာဖတ်သူ မိတ်ဆွေအပေါင်း ကြံစည်သမျှ ပေါက်မြောက်ကြပါစေ။
ကိုစက်ဖေ

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။