Bamaw Thein Pe added 4 new photos.
#သတ်သေဖို့_ကြံရွယ်ခြင်း
ကျွန်တော့်မှာ ဒစ်စလက်ရှား (dyslexia) ဆိုတဲ့ မွေးရာပါရောဂါ ရှိပါတယ်။ ရောဂါဆိုပေမယ့် ကူးစက်ရောဂါတော့ မဟုတ်ပါဘူး။ စာရေးစာဖတ်ခက်တဲ့ ရောဂါပါ။ စာတစ်ကြောင်းကို ဖတ်ပြီးသွားရင် ဆိုလိုရင်းအဓိပ္ပါယ်ကို မဖေါ်တတ်ဘူး။ ပြီးတော့ စာကြောင်းကိုလည်း ဖတ်ပြီးတာနဲ့ မေ့သွားတယ်။ စာလုံးကို ပေါင်းပြီးရင်လည်း အသံမထွက်တတ်ဘူး။ ဒီထဲက ကျွန်တော့်မျက်စေ့နှစ်ဖက်လုံးကလည်း အနီးမှုန် ဖြစ်နေသေးတယ်။ ကျွန်တော်ဟာ အတန်းထဲမှာ ရှေ့ဆုံးတန်းက ထိုင်တာပါ။ ဒါပေမဲ့ ကျောက်သင်ပုန်းပေါ်မှာ ဆရာရေးပြထားတာတွေကို ကောင်းကောင်းမမြင်ရဘူး။
စာသင်နှစ်ကုန်ခါနီးမှာ ကျောင်းကနေ ကျွန်တော့်မျက်စေ့ကို ဆရာဝန်နဲ့ စစ်ခိုင်းပြီး မျက်မှန်လုပ်ပေးလို့ မျက်မှန်တပ်ရတဲ့အခါမှ ကျောက်သင်ပုန်းပေါ်က စာတွေကို ကောင်းကောင်း မြင်ရတယ်။ ဒါပေမဲ့ ဘာတွေရေးထားမှန်း နားမလည်ဘူး။ ကျောင်းက ဆရာ၊ ဆရာမတွေရော အတန်းဖေါ်တွေပါ ဒစ်စလက်ရှားဆိုတဲ့ ရောဂါကို မကြားဖူးကြဘူး။ ဒါကြောင့် ကျွန်တော် စာမဖတ်တတ်တာ၊ စာလုံးမပေါင်းတတ်တာဟာ ကျွန်တော် ပျင်းလို့ ဒါမှမဟုတ် ဦးနှောက်ဥာဏ်ရည် နိမ့်ပါးလွန်းလို့ပါလို့ ထင်နေကြတယ်။ ကျွန်တော်ဟာ ကျောင်းစာ မလိုက်နိုင်လို့ဆိုပြီး တပတ်ကို တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်တော့ ဆရာတွေ ရိုက်တာခံနေရတယ်။
ကျွန်တော့်အတွက် ဖြေသိမ့်စရာလေး တစ်ခုတော့ ရလိုက်ပါတယ်။ အဲဒါက ကျောင်းအုပ်ဆရာကြီးရဲ့ ရှုမငြီးတဲ့ သမီးလေးပါ။ အသက် ၁၈ နှစ်အရွယ် ရှားလော့ (Charlotte) ဆိုတဲ့ ပိန်ပိန်သွယ်သွယ် ကောင်မချောချောလေးပါ။ သူက ကျွန်တော့်ထက် အတန်းကြီးပါတယ်။ အတန်းပြောင်းချိန်တွေမှာ သူက ကျွန်တော့်ကို မကြာခဏ ခိုးကြည့်နေတာကို သတိထားမိလို့ သူ ကျွန်တော့်ကို သဘောကျနေမှန်း သိနေပါတယ်။ အတန်းထဲက ကောင်လေးတွေ အများကြီးထဲက အသက် ၁၃ နှစ်တောင် မပြည့်သေးတဲ့ လူပျိုပေါက်စလေး ကျွန်တော့်ကို ရွေးကြိုက်တယ်ဆိုတော့ ကျွန်တော်လည်း တယ်ဟုတ်တဲ့ ငါပါလားဆိုပြီး ဘ၀င်မြင့်နေမိတယ်။
နောက်တော့ ရှားလော့နဲ့ ကျွန်တော်တို့ နှစ်ယောက်သား ညပိုင်းတွေမှာ ချိန်းတွေ့ကြတယ်။ ညရောက်ပြီဆိုတာနဲ့ ကျွန်တော်က အိပ်ဆောင်ရဲ့ ပြုတင်းပေါက်ကို ကျော်ခွထွက်ပြီး ကျောင်းအုပ်ကြီးအိမ်က ရှားလော့အခန်းထဲကို ပြုတင်းပေါက်ကနေ ကျော်ဝင်တယ်။ သူ့အခန်းထဲမှာ တညလုံး စကားတွေ ပြောကြတယ်။ နှစ်ယောက်သား ဖက်အိပ်ကြတယ်။ မနက်မိုးမလင်းခင် ကျွန်တော်ဟာ သူ့အခန်းက ပြန်ဆင်းလာပြီး အိပ်ဆောင်ကို တိတ်တိတ်လေး ပြန်လာအိပ်တယ်။ တစ်မနက်မှာ ကျွန်တော် ရှားလော့အခန်းရဲ့ ပြုတင်းပေါက်ကို ကျော်ခွပြီး အောက်ကို ဆင်းဖို့လုပ်နေတာကို အတန်းဆရာတစ်ယောက် မြင်သွားတယ်။ ကျွန်တော့်အတွက် အကြီးအကျယ် ကံဆိုးမိုးမှောင်ကျတော့မယ်ဆိုတာကို သိလိုက်ပါပြီ။
မနက် အတန်းထဲကို ၀င်လိုက်တာနဲ့ အတန်းဆရာက ကျွန်တော့်ကို ကျောင်းအုပ်ဆရာကြီးရုံးခန်းကို ခေါ်သွားပါတယ်။ ကျောင်းအုပ်ဆရာကြီးက ကျွန်တော့်ကို မြင်မြင်ချင်းပဲ လေသံမာမာနဲ့ မေးလိုက်ပါတယ်။
“ညက မင်း ဘာလုပ်နေတာလဲ ရစ်ချတ်”
ကျွန်တော့်ခေါင်းထဲမှာ ပေါ်လာတာကို ဖြေလိုက်ပါတယ်။
“ကျွန်တော် ဆရာကြီးသမီးအခန်းပြုတင်းပေါက်က ဆင်းပြီး ကျွန်တော့်အိပ်ဆောင်ကို ပြန်ဖို့ လုပ်နေတာပါ”
ဆရာကြီးဟာ ကျွန်တော့်စကားကို လက်ခံတယ်လို့ မထင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့်ကို ကျောင်းက ချက်ခြင်းထုတ်ပစ်လိုက်ပါတယ်။ ကျွန်တော့်မိဘတွေဆီကိုလည်း ကျွန်တော့်ကို နောက်တစ်ရက်မှာ လာခေါ်ဖို့ အကြောင်းကြားလိုက်ပါတယ်။
အဲဒီနေ့ ညနေပိုင်းရောက်တော့ နောက်နေ့မှာ ရောက်လာကြမယ့် ကျွန်တော့်မိဘတွေကို ရင်မဆိုင်ရဲတာကြောင့် ကျွန်တော်ကိုယ် အဆုံးစီရင်လိုက်ပြီဆိုတဲ့ စာတစ်စောင်ရေးပြီး အတန်းထဲက သူငယ်ချင်းတစ်ယောက်ကို အပ်ခဲ့တယ်။ စာကို နောက်တစ်နေ့ ညနေကျမှ ဖွင့်ဖတ်ကြည့်ဖို့ မှာခဲ့တယ်။ ဒါပေမဲ့ သူဟာ အလွန်စပ်စုသူတစ်ယောက်မို့ စာရရချင်းမှာပဲ သူဖွင့်ဖတ်ကြည့်ပြီးပြီဆိုတာကို ကျွန်တော် နောက်မှ သိရပါတယ်။
မနက်မိုးလင်းခါနီးလေးမှာ ကျွန်တော်ဟာ ဘော်ဒါအိပ်ဆောင်ကနေ ထွက်၊ ကျောင်းဝင်းတံခါးမကြီးကို ကျော်ဖြတ်ပြီး အဝေးက တောင်ကုန်းမြင့်မြင့်တစ်ခုဆီကို ဖြည်းဖြည်းချင်း လမ်းလျှောက်သွားလိုက်တယ်။ ကျောင်းနဲ့ ခတ်လှမ်းလှမ်းကို ရောက်တဲ့အခါ နောက်ဖက်က လူအော်သံတွေကြားလို့ ကျွန်တော် လှည့်ကြည့်လိုက်တယ်။ ကျွန်တော့်အတန်းက ဆရာတချို့နဲ့ သူငယ်ချင်းတချို့ ပြေးလိုက်လာတာကို တွေ့ရတယ်။ ကျွန်တော် သူတို့ကို ရပ်စောင့်လိုက်တယ်။ သူတို့ အနားကို ရောက်လာတာနဲ့ ကျွန်တော့်ကို ၀ိုင်းချုပ်ပြီး ဒရွတ်တိုက်ဆွဲလို့ ကျောင်းကို ပြန်ခေါ်လာကြတယ်။ ကျွန်တော်သတ်သေသွားရင် သူ့ကို အမှုပတ်မှာ စိုးရိမ်လို့ ထင်ပါတယ်။ ကျောင်းအုပ်ကြီးက ကျွန်တော့်ကို ကျောင်းထုတ်လိုက်တဲ့ အမိန့်ကို ချက်ခြင်းပြန်လည်ရုပ်သိမ်းပေးလိုက်တယ်။
နောက်နေ့မှာ အဖေနဲ့ အမေတို့ ကျောင်းကို ရောက်လာကြတယ်။ ပထမတော့ ကျွန်တော်သတ်သေမယ်ဆိုတာ ကြားရလို့ အရမ်းစိတ်ပူနေကြတယ်။ အခု ကျွန်တော့်ကို မြင်လိုက်ရလို့ သူတို့ အကြီးအကျယ် စိတ်သက်သာရာ ရသွားကြတယ်။ အဖေက ရွာမပြန်ခင်မှာ အမေ့ရှေ့မှာ ကျွန်တော့်ကို ခုလိုနောက်ပြီး ပြောသွားသေးတယ်။
“မင်းရဲ့ကောင်မလေး ရှားလော့က မဆိုးဘူးကွ။ ချစ်စရာလေး။” တဲ့။
အမေက အဖေ့ကို ဘာတွေလျှောက်ပြောနေတာလဲဆိုတဲ့ အဓိပ္ပါယ်နဲ့ မျက်စောင်းထိုးလိုက်ပါတယ်။ ဘာပဲဖြစ်ဖြစ် အဲဒီအဖေ့စကားလေးကြောင့် ကျွန်တော် အများကြီး စိတ်သက်သာရာ ရသွားပါတယ်။
မှတ်ချက်။ မကြာခင်ထွက်တော့မယ့် ရစ်ချတ်ဘရင်ဆန်အကြောင်းစာအုပ်ထဲက စာမြည်းလေးပါ။
ဗန်းမော်သိန်းဖေ
၂၃-၀၂-၂၀၁၇

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။