စာပေဝေဖန်ရေး ဆိုသည်မှာ
ဆရာကြီးဦးဖေမောင်တင်က "မြန်မာစာအရေးအသား တိုးတက်စေနည်း" စကားပြေမှာ ဖတ်သင့်တဲ့စာအုပ်တွေ ညွှန်းပြီး
"စာကျတာ ကျန်တာတွေ သိအောင် ဝေဖန်ဖတ်ပါ။ ဝေဖန်တယ်ဆိုတာ အပြစ်ရှာတာပဲ။ ရင်းနှီးသူထက် ကိုယ်နဲ့ ဆန့်ကျင်ဘက်လူကို ဝေဖန်ခိုင်းရင် အပြစ် ပိုတွေ့နိုင်တယ်။ ဒါပေမဲ့ တရားသဖြင့် အပြစ်ရှာတာပဲ ဖြစ်သင့်တယ်။ သည်လို ဝေဖန်တာဟာ မြန်မာစာပေ တိုးတက်ရေးအတွက် အရေးပါပါတယ်"တဲ့ဗျာ။
သည်နေရာမှာ ဝေဖန်တာနဲ့ မြန်မာစာပေ တိုးတက်တာနဲ့ ကွင်းဆက်ကလေးကို ကျွန်တော် ရှာကြံ စဉ်းစား ကြည့်မိပါတယ်။
'ဝေဖန်တာဟာ အပြစ်ရှာတာပါ'တဲ့။ 'တရားနည်းလမ်းကျတော့ ဖြစ်ရမယ်'တဲ့။ ဒါက ဆရာကြီး ဖွင့်ဆိုထားတဲ့ စာပေဝေဖန်ရေး သဘောတရားပါပဲ။
စာတစ်အုပ် စာတစ်ပုဒ်ကို ဝေဖန်ဖို့ ဆိုတာ ဝေဖန်တဲ့သူမှာ စာပေ အရည်အချင်း ရှိဖို့တော့ လိုပါတယ်။ ဝေဖန်တာဟာ ဆရာဝန်က လူနာကို ကုသပေးဖို့ ရောဂါရှာတာနဲ့ တူတယ်လို့ ဆိုချင်ပါရဲ့။
ကိုယ့်စာကို ဆန့်ကျင်ဘက်လူ နေရာက စဉ်းစားပြီး အပြစ်ရှာကြည့်တဲ့ အကျင့်ကလေး လုပ်ကြည့်ဗျာ။ ထောင့်စေ့အောင် အကွက်စေ့အောင် လစ်ဟာချက် မရှိအောင် စာရေးနိုင်လာပါလိမ့်မယ်။ ဆရာဝန်က ရောဂါတွေ့လို့ ကုသပေးလိုက်ရင် လူနာဟာ လူကောင်းပကတိ ဖြစ်သွားသလိုမျိုးပါပဲ။
ကိုးတန်းပြဋ္ဌာန်းစာ "စာဖတ်ခြင်းအလေ့" စကားပြေမှာ ဆရာဇေယျက "စာဖတ်တာဟာ စာရေးသူနဲ့ ကိုယ်နဲ့ ပညာပြိုင်တာ ဖြစ်ကြောင်း" ပြောခဲ့တာကလေး ရှိပါတယ်။
ဆရာဇေယျရဲ့ အဆိုအမိန့်ကို ကျွန်တော် တော်တော် သဘောတွေ့မိတယ်ဗျ။ တကယ်တော့ စာရေးတဲ့သူတွေ ဆိုတာဟာ ဒိဗ္ဗစက္ခု ဉာဏ်အမြင်ရတဲ့ နတ်သားတွေမှ မဟုတ်တာပဲဗျာ။ သူလို ကိုယ်လို မှားနိုင်တဲ့လူတွေပဲ မဟုတ်ပါလား။ (သည်စကားက ပိဋကတ်စာပေကိုတော့ ခြွင်းချက်ထားရမယ်ဗျို့။ အဲဒါက သဗ္ဗညုတဉာဏ်နဲ့ ဟောတာကို ရေးတဲ့စာကိုးဗျ။)
ဒါပေမဲ့ တချို့ကတော့ ကိုယ့်ထက် သာလွန်တဲ့ ဉာဏ်ကြီးဉာဏ်ကျယ်တွေ ဖြစ်နေတတ်သဗျ။ တချို့က ကိုယ်နဲ့ တန်းရည်တူလောက်ပါပဲ။ တချို့ကတော့ ကိုယ့်လောက်တောင် ဉာဏ်မသွားတာလဲ တွေ့နိုင်ပါတယ်။ စာတွေကို ဝေဖန်ဖတ်ရင် ကိုယ်သိလျက် ဖြစ်စေ၊ မသိနိုးနား ဖြစ်စေ အဲသည်လိုကလေး နှိုင်းယှဉ်ကြည့်မိတတ်ပါတယ်။
ကိုယ့်ထက် ဉာဏ်ကြီးသူရဲ့စာကို ဖတ်ရရင် ပညာတိုးတာပေါ့ဗျာ။ တန်းတူရည်တူ ဆိုရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တိုးလာတာပေါ့ဗျာ။ ကိုယ့်အောက်ဆိုရင် ကိုယ့်ရဲ့ ပညာဗဟုသုတ အဆင့်ကို မြင်နိုင်တာပေါ့ဗျာ။
ဒါနဲ့ အမေရိကန် သမ္မတကြီး ဖြစ်ခဲ့တဲ့ အိုဘားမားက သုံးရက်ကို စာတစ်အုပ်တော့ ပြီးအောင် ဖတ်ဆိုပဲဗျ။ အဲသည်အကြောင်း ကြားသိရတော့ ကိုယ့်ဘာသာကိုယ် အိုဘားမားလောက် အလုပ်မများဘဲ အလုပ်များတာ အကြောင်းပြ စာမဖတ်ဖြစ်တာ ရှက်မိပါရဲ့။
စာဖတ်တယ်ဆိုတာ ဉာဏ်ရည်ပြိုင်ရင်း ဉာဏ်ရည်မြှင့်နေတာပဲဗျ။ ဒါ့ကြောင့်လဲ သည်လူတွေဟာ ဉာဏ်ကြီးဉာဏ်ကျယ်တွေ ဖြစ်ပြီး ကမ္ဘာကို လွှမ်းမိုးနိုင်ကြတာ ထင်ပါ့ဗျာ။
ဉာဏ်ကြီးဉာဏ်ကျယ်က ရေးမှ စာကောင်းပေကောင်း ဖြစ်မှာပေါ့ဗျာ။ စာကောင်းပေကောင်းတွေ များများ ရှိမှလဲ ကိုယ့်မြန်မာစာပေ တန်ဖိုးရှိမှာပေါ့။ တန်ဖိုးရှိတဲ့စာပေ ဖြစ်မှလဲ လူအများက အရေးထားတာ ခံရပေမပေါ့။ လူအများက အရေးထားမှ ကိုယ့်မြန်မာစာပေက တိုးတက် ဖွံ့ဖြိုးလာပေမပေါ့ဗျာ။ သည်လိုဆိုတော့ ဝေဖန်တာနဲ့ မြန်မာစာပေတိုးတက်တာ ကွင်းဆက်မိနေပါကလားဗျာ။
"ဝေဖန်ပြီး စာဖတ်ရမယ်" ဆိုတာ တကယ်ကောင်းတဲ့ နည်းလမ်းကလေးပဲဗျို့။
ဦးမြင့်ဇော် (ရွှေတံခါး)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။