အေးသူစံ
ရန်ကုန်၊ နိုဝင်ဘာ - ၉
ထွန်းအိန္ဒြာဗို၏ “Charity Live” တစ်ကိုယ်တော်ဖျော်ဖြေပွဲကို အမျိုးသားကဇာတ်ရုံတွင် ကျင်းပမည်ဖြစ်ပြီး ရရှိသည့်အကျိုးအမြတ်များအား ပရဟိတလုပ်ငန်း ခုနစ်နေရာသို့ ခွဲဝေလှူဒါန်းမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ခုနစ်နေရာမှာ ကချင်ပြည်နယ်ရှိ ဒုက္ခသည်များ၊ ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များ၊ ရန်ကုန်ကလေးဆေးရုံကြီး၊ ရန်ကုန်အထွေထွေရောဂါကု ဆေးရုံကြီး၊ ဒေါ်အောင်ဆန်းစုကြည်၏ ပညာရေးကွန်ရက်၊ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့နှင့် ဒဂုံမြို့သစ်တောင်ပိုင်းရှိ ဒေါ်ဖြူဖြူသင်း၏ HIV စင်တာသို့ လှူဒါန်းသွားမည်ဖြစ်ကြောင်း ထွန်းအိန္ဒြာဗိုကပြောသည်။
အဆိုပါလှူဒါန်းမှုတွင် အများပြည်သူအနေဖြင့် ထည့်ဝင်လှူဒါန်းနိုင်ရန် အရေးကြီးဖုန်းနံပါတ်နှစ်ခုကို တရားဝင်ထုတ်ပြန်လိုက်ပြီး အဆိုပါ ဖုန်းနံပါတ်များမှာ ၀၉၇ ၃၂၄၉၄၉၄ နှင့် ၀၉၈၆၂၄၂၄တို့ ဖြစ်ပြီး ပွဲမကျင်းပမီ ယနေ့မှစ၍ ပွဲကျင်းပမည့် နိုဝင်ဘာ ၂၈ ရက်အထိ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း ဦးကိုကိုလွင်ကပြောသည်။
“ရတဲ့အလှူငွေတွေကို ပွဲလုပ်နေတဲ့အချိန်မှာပဲ Live လှူမယ်။ မခိုင်လို ပရိသတ်ရှိတဲ့သူ၊ တစ်ကိုယ်တော်လည်း လုပ်နိုင်တဲ့သူ၊ လှူချင်စိတ်လည်း ရှိတဲ့သူမျိုးဖြစ်လို့ ဒီလိုပွဲမျိုးလုပ်ရတာ အရမ်းဂုဏ်ယူပါတယ်” ဟုဦးကိုကိုလွင်ကပြောသည်။
“ဒီခုနစ်နေရာအပြင် အများကြီးလှူဒါန်းခွင့် ရချင်ပါတယ်။ လုပ်နေကျ ရှိုးပွဲတွေရဲ့ အရည်အသွေးကို မထိခိုက်စေဘဲ စရိတ်လည်း အသေးဆုံး
ဖြစ်အောင် စီးပွားရေးလုပ်ငန်းရှင်တွေကိုလည်း အကူအညီတောင်းထားပါတယ်” ဟု ထွန်းအိန္ဒြာဗိုကပြောသည်။
ယခုဖျော်ဖြေပွဲအတွက် လက်မှတ်များကို ကျပ် ၂၅၀၀၀၊ ၂၀၀၀၀၊ ၁၀၀၀၀ နှင့် ၇၀၀၀ တို့သတ်မှတ်ထားပြီး ဖျော်ဖြေပွဲအတွက် Alpine သောက်ရေသန့်မှ ပံ့ပိုးကူညီပြီး အသံပိုင်းဆိုင်ရာအတွက် ဦးတေဇက ကူညီပေးထားကြောင်း ထွန်းအိန္ဒြာဗိုထံမှ သိရသည်။
ထွန်းအိန္ဒြာဗိုသည် ၂၀၀၂ ခုနှစ်တွင်ဒိုင်ယာရီ၊ ၂၀၀၅ ခုနှစ်တွင် Live 2005 ၊ ၂၀၀၉ ခုနှစ်တွင် Live & Request စသည့်တစ်ကိုယ်တော် ဖျော်ဖြေပွဲများကို ရန်ကုန်မြို့တွင် ကျင်းပခဲ့ပြီး မန္တလေးမြို့တွင် တစ်ကိုယ်တော်ဖျော်ဖြေပွဲနှစ်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။