အေးသူစံ
ရန်ကုန်၊ နိုဝင်ဘာ - ၁၀
ယခုနှစ် ကိုရီးယားရုပ်ရှင်ပွဲတော်သို့ တက်ရောက်လာသော သရုပ်ဆောင်နှစ်ဦးမှာ ယခင်သရုပ်ဆောင်များကဲ့သို့ မြန်မာပရိသတ်၏ စိတ်ဝင်စားမှုကို များစွာရရှိထားသည့် သရုပ်ဆောင်များ မဟုတ်ခဲ့ခြင်းကြောင့် ရုပ်ရှင်ပွဲတော်အား စိတ်ပါဝင်စားစွာ တက်ရောက်သူ နည်းပါးခဲ့သည်ကို တွေ့ရသည်။
နိုဝင်ဘာ ၉ ရက် ညနေက သမ္မတရုပ်ရှင်ရုံတွင် ပြုလုပ်သည့် ရုပ်ရှင်ပွဲတော်ဖွင့်ပွဲသို့ တက်ရောက်ခဲ့သည့် မင်းသား Kyoung က “ကိုရီးယားဇာတ်လမ်းတွဲတွေ၊ ကိုရီးယားမင်းသား မင်းသမီးတွေကို ချစ်ခင်အားပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ နောက်ထပ် အခွင့်အရေးရရင် အရမ်းကောင်းတဲ့ ဇာတ်လမ်းတွဲတွေနဲ့ ပရိသတ်ရှေ့မှောက် တင်ဆက်ချင်ပါတယ်”ဟု ပြောကြားခဲ့ပြီး မင်းသမီး Chae Jung An က “မြန်မာနိုင်ငံကို ပထမဆုံးရောက်ရှိလာပေမယ့် ရုပ်ရှင်ပွဲတော်ကို တစ်ဆင့်ခံပြီး ရောက်ရတဲ့အတွက် အရမ်းဝမ်းသာပါတယ်။ ကိုရီးယားရုပ်ရှင်တွေကို ဒီထက်မက အားပေးပါ။ ဆက်ပြီးကြိုးစားပါ့မယ်”ဟု ပြောကြားခဲ့သည်။ ရုပ်ရှင်ပွဲတော်ဖွင့်ပွဲပြီးနောက် အဆိုပါမင်းသားနှင့် မင်းသမီးတို့အား သံရုံးမှ ကြိုဆိုတည့်ခင်းဧည့်ခံသော ထရိတ်ဒါးဟိုတယ်ပါတီပွဲတွင် တက်ရောက်လာသော ပရိသတ်များအား အမှတ်တရ လက်မှတ်ရေးထိုးပေးသည့် အစီအစဉ်တွင် မင်းသမီး Chae Jung An အား ကမ္ဘာတွင် ခေတ်စားနေသည့် အိုဂန်းနမ်စတိုင်သီချင်းနှင့် ပတ်သက်ပြီး မည်သည့်အဖြေမှ မပေးခဲ့ပေ။ မင်းသားနှင့် မင်းသမီးတို့သည် နိုဝင်ဘာ ၁၀ ရက် နေ့လယ် ၃ နာရီခွဲတွင် Market Palace City Mart တွင် ပြုလုပ်သည့် ကိုရီးယားအစားအသောက် ရောင်းချပွဲသို့ သွားရောက်ပြီး ကိုရီးယားအစားအစာအချို့ကို ပရိသတ်များအား ဖန်တီးပြုလုပ်ပြခဲ့ပြီး ယင်းနေ့ နံနက်ပိုင်းက ရွှေတိဂုံစေတီတော်သို့ သွားရောက်ဖူးမြော်ခဲ့ကြောင်း သိရသည်။
ယခုနှစ်တွင် ကိုရီးယားသံရုံးမှ ကုန်စည်ပြပွဲ၊ အားကစားပြိုင်ပွဲများ အပါအ၀င် Korea Week ဟူသော ခေါင်းစဉ်အောက်တွင် ရုပ်ရှင်ပွဲတော်ကိုပါ ထည့်သွင်းကျင်းပခဲ့ခြင်း ဖြစ်သည်။ ယမန်နှစ်များက ကျင်းပသည့် ကိုရီးယားရုပ်ရှင်ပွဲတော်များသို့ မြန်မာပရိသတ်များကြား ရေပန်းစား အောင်မြင်မှုရရှိထားသည့် ကိုရီးယားသရုပ်ဆောင် ဂျူမုံ၊ ချယ်လင်း၊ ဒယ်ဂျိုယောင်း စသည့် သရုပ်ဆောင်များ တက်ရောက်ခဲ့သော်လည်း ယခုနှစ်တွင်မူ မြန်မာပရိသတ်များနှင့် အနည်းငယ်သာ ရင်းနှီးမှုရှိသော ကိုရီးယားသရုပ်ဆောင်များကြောင့် မြန်မာပရိသတ်များ စိတ်ဝင်စားမှုနည်းပါးသည့် ရုပ်ရှင်ပွဲတော်ဖြစ်ခဲ့ကြောင်း သိရသည်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။