ကောင်မလေးတစ်ယောက်က
ဒီလို ပို့စ်လေးတစ်ကြောင်းရေးတင်တယ်။ သူ့ပို့စ်အောက်မှာ လာရေးကြတဲ့
ကော်မန့်တွေကိုဖတ်ပြီး ကျွန်မဟာ တွင်းထဲကဖားဆိုတာ သိလိုက်ရတယ်။ အဖြစ်က
ဒီလိုပါ.....
ကောင်မလေးက နာမည်ကြီးတံဆိပ် ရှန်နဲလ်အင်္ကျီတစ်ထည်ဝယ်လိုက်တယ်။ အဲဒီအင်္ကျီတစ်ထည် သုံးသောင်းခွဲလို့တော့ ရေးထားတယ်။ တရုတ်ယွမ်ပါ။ အဲဒီအင်္ကျီကို သူက အခြောက်လျှော် (dry cleaning) ဆိုင်ပို့လိုက်တယ်။ အခြောက်လျှော်တာတောင် အဲဒီသုံးသောင်းခွဲတန်အင်္ကျီက အရောင်ကျွတ်သွားပါရော။ ဒီလိုနဲ့ သူက (ဂျပန်) အရောင်းဆိုင်ကိုဖုန်းဆက်ပြီး မေးတာပေါ့။ နာမည်ကြီးတံဆိပ်လို့လည်းပြောသေး၊ ဈေးကလည်း ကြီးသေး၊ အခြောက်လျှော်တာတောင် အရောင်က ကျွတ်တယ်ဆိုတော့ ဘယ်လိုဟာလဲပေါ့... အတုလားပေါ့။ ဒါနဲ့ ဆိုင်က ပြန်ပြောပါတယ်... ဒီအင်္ကျီကိုထုတ်ကတည်းက ဘယ်လိုလျှော်ရမယ်ဆိုတာကို ထည့်မစဉ်းစားခဲ့ပါဘူးတဲ့။ ဆိုလိုတဲ့သဘောက တစ်ခါနှစ်ခါဝတ်ပြီး ပစ်ထုတ်လိုက်တဲ့သဘော။ အဲဒီကောင်မလေးက ရေးထားသေးတယ်... ပိုက်ဆံချမ်းသာသူတွေရဲ့လောကကို သိလိုက်ရတော့ ကျွန်မတုန်လှုပ်သွားမိပါတယ်တဲ့။
သူရေးတင်ထားတဲ့ ပို့စ်က စာကြောင်းတစ်ကြောင်းကို ကျွန်မအရမ်းကြိုက်တယ်... "ဆင်းရဲခြင်းက ကျွန်မရဲ့တွေးတောနိုင်စွမ်းကို ကန့်သတ်ထားပါတယ်" တဲ့။
သူ့ပို့စ်အောက်က ကော်မန့်တွေက ပိုတောင်စိတ်ဝင်စားစရာကောင်းပါတယ်။
-- Hermes တံဆိပ်အင်္ကျီတွေရဲ့ လျှော်နည်းစာရွက် (အင်္ကျီတွေရဲ့ချုပ်ရိုးမှာ အတူကပ်ချုပ်ထားတဲ့တံဆိပ်လေး) မှာ ရေနဲ့မလျှော်ရသလို အခြောက်လည်းမလျှော်ရလို့ ရေးထားတယ်။
-- သူတို့က Hermes အင်္ကျီဝတ်ပြီး ငါတို့လို အလုပ်ကြမ်းလုပ်ကြမယ့်လူလား။ ဝတ်ပြီး လျှော်စရာဘယ်လိုမလဲ.. လိုအပ်ရင် ရေနွေးငွေ့စက်နဲ့ ပေါင်းရုံပဲ။
-- တီဗီရုပ်ရှင်တွေထဲမှာ သူဌေးတွေရဲ့အင်္ကျီကို တခြားသူလုပ်ပေမိရင် အလျော်ခိုင်းကြတယ်။ ဒီလိုအင်္ကျီတွေရဲ့သက်တမ်းက တစ်ကြိမ်ပဲရှိတာကိုး။
-- နာမည်ကြီးတံဆိပ်ဖိနပ်သွားဝယ်ပါတယ်။ ဒီဖိနပ် ခြေထောက်ပွန်းတတ်သလား မေးလိုက်တာ ရောင်းတဲ့သူက ဒီဖိနပ်စီးတဲ့သူတွေ ကော်ဇောနီလမ်းပဲလျှောက်တာ ပွန်းမလားတဲ့။
-- ဆိတ်သားရေအောက်ခံနဲ့လုပ်ထားတဲ့ ဖိနပ်တဲ့။ စီးကြည့်ပြီး ခဏလေးနဲ့ ပွန်းသွားမယ့်ပုံပဲလို့ပြောတော့ ရောင်းတဲ့သူက ဒီဖိနပ်စီးထားတဲ့သူတွေက လမ်းမလျှောက်ကြတဲ့ သူတွေလို့ ပြန်ပြောတယ်။
-- မိတ်ဆွေတစ်ယောက်စီးနေတဲ့ ဖိနပ်ကိုကြည့်ပြီး လိုချင်တာနဲ့ ဆိုင်မှာသွားရှာပါတယ်။ ဒီလိုဖိနပ်မျိုး ဖုန်တက်ရင် ဘယ်လိုလုပ်ရမလဲမေးတော့... ရောင်းတဲ့သူက အမှန်အတိုင်းပြောရရင် ဒီလိုဖိနပ်မျိုးစီးတဲ့သူဟာ ဖုန်ထူတဲ့နေရာမျိုး မသွားကြဘူးလို့ ပြန်ဖြေတယ်။
-- ဘာလို့ နာမည်ကြီးတံဆိပ် လက်ကိုင်အိတ်တွေ ဇစ်မရှိတာလဲ.. နှိုက်ခံရမှာ မကြောက်ဘူးလားဆိုတော့.... ဒီလို အိတ်လွယ်ထားတဲ့လူဟာ လူအုပ်ကြားထဲ တိုးစရာမလိုဘူးတဲ့။
-- ဟို မင်းသမီး လက်စွပ်ကြီးစွပ်ထားတော့ ... လက်စွပ်ကြီးနဲ့ နေရထိုင်ရ မခက်ဘူးလားမေးတယ်။ အဲဒီမင်းသမီးက လယ်ထဲဆင်း ကောက်စိုက်မယ့်သူလား..တဲ့။
-- ဇိမ်ခံပစ္စည်းက အရည်အသွေးကိုကြည့်တာ မဟုတ်ဘူး။ အရည်အသွေးကိုသာ ထည့်စဉ်းစားရင် ဒါကို ဇိမ်ခံပစ္စည်းလို့ မခေါ်တော့ဘူး.. အကြမ်းခံပစ္စည်းလို့ပဲ ခေါ်တော့မှာ။ နာမည်ကြီးတံဆိပ်ဆိုတာ အရည်အသွေးညံ့ရင် ပစ္စည်းစစ်တယ်၊ အရည်အသွေးကောင်းရင် ပစ္စည်းမစစ်ဘူးလို့တောင် ပြောကြတာပဲ မဟုတ်လား....
သူများလို နာမည်ကြီးတံဆိပ်ကလည်း ကိုင်ချင်သေးတယ်။ ရှိမယ့်စုမယ့်ပိုက်ဆံလေးနဲ့ ဝယ်ပြီး အရောင်ကျွတ်ရင်၊ ခြေထောက်ပွန်းရင် ၊ ခဏလေးနဲ့ပျက်ရင် ကွန်းပရိန်းမတက်နဲ့နော်... ။ ရှက်စရာကြီး.... 😄
ကျွန်မမှာတော့ ဘာနာမည်ကြီးတံဆိပ်မှ မရှိဘူး..
ကိုယ့်ကိုယ်ကိုယ်ပဲ နာမည်ကြီးအောင်လုပ်မယ်.. ဟား..ဟား....😅
.
#NineNineSaNay

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။