Than Win Aung
လူငယ်များတွင် ပျောက်ဆုံးသွားသောအရာ.
ခုတလော တော်တော်များများ လုပ်ငန်းရှင်တွေ၊ Senior Level ပိုင်းတွေ၊ အလုပ်အကိုင် အခွင့်အလမ်း Agency founder တွေရဲ့ ပို့စ်တွေ share တာတွေကို မြင်ရင် ဖတ်ရင်း လူငယ်တွေ ကို အားမရတာတွေ လူငယ်တွေ ညံ့လာတာတွေ သင်ပေးသော်ငြား မခံယူ မတတ်မြောက်ကြကြောင်း အားမလို အားမရ ဖြစ်တာတွေကို တွေ့ရတယ်။
အဓိက ဘာလို့
ဖြစ်ရတယ်ဆိုတာကို အများစုကတော့ နိုင်ငံ ပညာရေး နိမ့်ကျ သွားခဲ့လို့
ဖြစ်တာပေါ့လို့ ယူဆဖို့ များတယ်။ မှန်ပါတယ်။ ပါသင့်သလောက်ပါတယ်။ ဒါပေမဲ့
ရာနှုန်းပြည့်တော့ မဟုတ်ဘူး။
ကိုယ်တွေလည်း လူငယ်ကနေ လူကြီးဖြစ်လာတာဆိုတော့ ကိုယ်ပိုင် အယူအဆနဲ့ သုံးသပ်ကြည့်ရရင်... အဓိက ပြသနာတွေက..
(၁) အချိန်ဖြုံးကြတာ
- Facebook နဲ့ သော်လည်းကောင်း၊ ရည်းစားနဲ့ သော်လည်းကောင်း မလိုအပ်ပဲ အချိန်တွေကုန်ကြတယ်။ (ကိုယ်တွေ ငယ်ငယ်က နည်းပညာ ဖွံ့ဖြိုးမှု အားမကောင်းတော့ Facebook မရှိ၊ အင်တာနက် ဆို ရုံး နဲ့ ဆိုင်တွေမှာပဲ သုံးရတော့ အချိန်အလဟသ မဖြစ်ခဲ့ရဘူး။ ရုံးကပြန်ရောက်ရင် ချက်ပြုတ် စားသောက်ပြီး စာအုပ်ကိုင်ရုံပဲ။)
(၂) လူတော် သူငယ်ချင်းများနှင့် ရှာဖွေ ပေါင်းသင်းမှု မပြုတာ
- လူမှာ သူငယ်ချင်းအပေါင်းအသင်း အရေးကြီးတယ်။ ကိုယ်နဲ့ နေ့စဉ် ထိတွေ့ရတဲ့သူတွေက ကြိုးစားသူတွေ ဖြစ်ရင် ကိုယ်လည်း တံငါနားနီး တံငါ မုဆိုးနားနီး မုဆိုး ဆိုသလို ပြောင်းလာ တိုးတက်လာနိုင်တယ်။ (ဒါပေမဲ့ ကိုယ်ကိုတိုင်က တော့ အရေးကြီးဆုံးပါ)
(၃) စာဖတ်လိုစိတ် ပျောက်ဆုံးတာ
- အဲဒါကတော့ လူကြီးတော်တော်များများ အားမရနေကြတာ။ မှန်လည်း မှန်ပါတယ်။ လူငယ်တွေ စာမဖတ်ကြတော့ဘူး။ ဖတ်ရင်လည်း အရည်မရ အဖတ်မရ စာတွေကို အဖတ်များလာတယ်။ သိသော အတွေ့အကြုံရှိသော လူများက ဒါကောင်းတယ် ဖတ်ကြည့်ဆိုလည်း နားမထောင်သလို ဖတ်လည်း မဖတ်ဘူး။ ပေါ့ပေါ့ပါးပါး စာတွေပဲဖတ်ချင်ကြတယ်။ ပေါ့ပေါ့ပါးပါးဖတ်ရင်း လေးလေးနက်နက် ဘာမှ မတွေးတတ် ဖြစ်သွားကြတယ်။
(၄) အင်္ဂိလိပ် စာအုပ်ကိုင်ရမှာ ကြောက်ခြင်း
- နိုင်ငံတကာမှာ ထွက်တဲ့ စာအုပ်တိုင်းကို မြန်မာပြန်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အဲတော့ ကျယ်ကျယ်ပြန့်ပြန့် သိချင်တတ်ချင်ရင် အင်္ဂိလိပ်စာအုပ်ကိုင်မှကို ဖြစ်မယ်။
(၅) စူးစမ်းချင်စိတ် အားနည်းလာတာ
- ဒီနေ့ခေတ် လူငယ်တွေဟာ သင်ရင် သင်သလောက်ပဲ ယူတော့တယ်။ ပို မသိချင်ကြတော့ဘူး။ self-study ဆိုတာ ပျောက်သွားတယ်။
(၆) ကိုယ့်ကို ကိုယ် အထင်ကြီးစိတ်များလာတာ
လူငယ်အများစု ဟာ သင်ပေးရင် တတ်ပြီးသားပါ ကြည့်စရာ မလိုတော့ဘူးဆိုတဲ့ အိုက်တင်တွေ အရမ်းလုပ်လာကြတယ်။ သင်ပေး ပြပေးရင် ကိုယ့် Brain ကို အထင်ကြီးပြီး လိုက်မမှတ်ကြတော့တာ။ အဲတော့ သင်ပေးတဲ့ သူတွေက သင်ပေးလိုစိတ် မရှိဖြစ်ပြီး သံသရာလည်နေတယ်။
(၇) ကိုယ့်ကို လမ်းပြပေးတဲ့ mentor တွေကို တန်ဖိုး မထားတတ်တာ
- လုပ်ငန်းခွင်ဖြစ်ဖြစ် ကျောင်းဖြစ်ဖြစ် ပတ်ဝန်းကျင်တိုင်းမှာ ကိုယ့်အထက်ကနေ ဘေးကနေ ဆွဲခေါ်ပေးမဲ့ သူငယ်ချင်း အထက်လူကြီး တွေရှိတတ်တယ်။ အဲဒါတွေကို သတိပြုမိပြီး လိုက်နာ တန်ဖိုးထားရမှန်း မသိတော့တာ။
(၈) တက်ကျမ်းတွေ အားပေးစကားတွေ တအားဖတ်တာ
- ဒီ ဘွဲ့ရရင် လခ (၁၀) သိန်းရတဲ့ အလုပ် တန်းရမှာ ၊ ဒီဘွဲ့နဲ့ ဒီအလုပ် မတန်ဘူး မလုပ်နဲ့၊ အာ ဘာလို့ အောက်ခြေက စလုပ်ရမှာလဲ မလုပ်နိုင်ဘူး၊ ဒီ သင်တန်းပြီးရင် ကြိုက်တဲ့အလုပ် သာဝင် အလုပ်ရှင်တွေက ခန့်ချင်လွန်းလို့ စောင့်နေတာ စသည်ဖြင့် စကားတွေကို ယုံလွယ်တာ။
(၉) သင်ယူမှု ရပ်တန့်သွားတာ
- လုပ်ငန်းခွင်ထဲရောက် သင့်တင့် သော လစာလေးလည်း ရရင် ကျေနပ်ပျော်ရွှင် နောက်တက်လှမ်းဖို့အတွက် မေ့လျော့တာ။
(၁၀) ပတ်ဝန်းကျင်ကြောင့် အစွမ်းအစ တုံးသွားတာ
- ဒီ တစ်ခုကတော့ အမျိုးသမီးငယ်များနဲ့ ဆိုင်တယ်။ အိမ်တွေရဲ့ လွှမ်းမိုးမှု၊ ရည်းစား လင်ယောက်ျား ချုပ်ချယ်မှုအောက်ကနေ ရုန်းမထွက်နိုင် အိမ်ကိုအားကိုး ယောက်ျားကို အားကိုးနဲ့ တချို့ အမျိုးသမီးငယ် တွေ လုပ်နိုင်ကိုင်နိုင် ဥာဏ်ရည်ရော အစွမ်းအစရော ရှိရဲ့နဲ့ တုံးသွားတာ။
ကဲ ဘာကြောင့်ဖြစ်ဆိုတာကို လောလောဆယ်ဆယ် ခန့်မှန်းနိုင်သလောက်က ဒီလောက်ပဲ။ ဖတ်မိတဲ့ လူငယ်တွေ ကိုယ်နဲ့ တိုက်ဆိုင်တာများ ရှိခဲ့ရင် မှန်တယ်ထင်လို့ ပြင်ချင်စိတ်လေးရှိရင်လည်း ပြင်နိုင်ကြပါစေ။
Credit to Hnin Wai Lwin

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။