Rock ဂီတကို ခုံမင်တဲ့ သအို
®®®®®®®®®®®®®®®
အနုပညာရှင်ဆိုတာ လူတစ်ရာမှတစ်ယောက် အောင်မြင်ဖို့ရာ အလွန်ခက်ခဲပါတယ်။
ဒီနေရာမှာ ကံ၊ ဥာဏ်၊ ဝီရိယအပြင် စန်းရှိဖို့ပါ လိုအပ်တယ်ဆိုတာ အများအသိပါပဲ။
ဘယ်လောက်ပဲ ကြိုးစား၊ ကြိုးစား ဖြစ်ဖို့အချိန်နဲ့ စန်းမရှိတဲ့အခါ အောင်မြင်မှုဟာ
အလှမ်းဝေးနေတတ်ပါတယ်။ ဒါပေမဲ့ အရည်အချင်း ရှိပြီး ကြိုးစားမှု ရှိသူတိုင်း
အတွက်တော့ အချိန်တန်ရင် အများက အသိအမှတ်ပြုရတဲ့သူ ဖြစ်လာနိုင်တယ်
ဆိုတာကို ၁၀စက္ကန့် စီးရီးခွေထဲက အဆိုရှင် “သအို” က လက်တွေ့ပြလို့နေပါတယ်။
ဒီ့ပြင် ဂီတလောကမှာ အောင်မြင်နေသူတွေ အများကြီးထဲမှာ တောင်ကြီးသားတွေလည်း
အပါအဝင်ပါပဲ။ ဒါကြောင့် ပရိသတ်အားပေးမှုရနေတဲ့ တောင်ကြီးသား သအိုကို
သရဖူ ပရိသတ်တွေအတွက် ဆက်သွယ်တွေ့ဆုံ ဖြစ်ခဲ့ပါတယ်။
Q - ဒီဂီတလောကထဲကို ဘယ်အချိန်ကစပြီး ဝင်ရောက်လာခဲ့ပါလဲ။
A - ၂၀၀၃၊ ၂၀၀၄ ခုနှစ်လောက်မှာ ကိုလေးဖြူ၊ ကိုအငဲတို့ရဲ့ အကူအညီနဲ့
ရောက်လာခဲ့တယ် ဆိုပါတော့။
Q - သူတို့နဲက ဘယ်လို တွေ့ဆုံခဲ့တာပါလဲ။
A - သူတို့နဲ့က တောင်ကြီးက ကျွန်တော့်သူငယ်ချင်း ဂျောစီကလည်း
I.C အဖွဲ့နဲ့အခွေ လုပ်နေတယ်လေ။ အဲဒါ သူက မိတ်ဆက်ပေးတာနဲ့
ခင်သွားပြီး ကျွန်တော့်ရဲ့ ပထမဆုံး single ခွေ “ရေသောက်မြစ်”ကို
ထုတ်ဖြစ်ခဲ့တာပါပဲ။ ကိုလေးတို့ ကိုအငဲတို့က သီချင်းကအစ ကျွန်တော့်ကို
ရွေးပေးကြတာပါ။
Q - “ရေသောက်မြစ်” ကို ဘယ်အချိန်က ထုတ်ဖြစ်ခဲ့တာပါလဲ။
အခွေအကြောင်း နည်းနည်းပြန်ပြောပြပေးပါလား ။
A - ဟုတ်ကဲ့၊ အဲဒီအခွေကို ၁၅.၉.၂၀၀၅ မှာ ထုတ်ခဲ့တာပါ။
I.C အဖွဲ့နဲ့ပဲ တီးခဲ့တာပါ။ သီချင်းတွေက ကော်ပီတွေချည်းပါပဲ။
ရေးပေးတဲ့သူတွေက ဝင်းမင်းထွေး၊ မြင့်မိုးအောင်၊ အငဲ၊
မောင်မောင်ဇော်လတ်၊ နိုင်းနိုင်၊ ဇဝါနဲ့ ကျွန်တော်ကိုယ်တိုင်
ရေးတာပါ ပါတယ်။ ကိုယ်တိုင်ရေးခဲ့တာက “အလွမ်းညည်းသူ”
ဆိုတဲ့ သီချင်းလေးပါ။
Q - အဲဒီတုန်းက ပရိသတ် အားပေးမှုက ဘယ်လိုရှိခဲ့လဲ။
VCD ရော ထွက်ဖို့ရှိလား။
A - နားထောင်ဖူးတဲ့ ပရိသတ်တွေဆီကတော့ အားပေးမှု
အတိုင်းအတာ တစ်ခုအထိတော့ ရခဲ့ပါတယ်။ VCD တော့
ထွက်ဖို့ ကြိုးစားနေတုန်းပါပဲ။
Q - “ရေသောက်မြစ်” မတိုင်ခင်ကရော ဂီတနဲ့ပတ်သတ်ပြီး
ဘာတွေလှုပ်ရှားခဲ့သေးလဲ။
A - အဲဒီခွေမတိုင်ခင်ကတော့ သူငယ်ချင်းတွေနဲ့စုပြီး
ရေးထားတဲ့ ကိုယ်ပိုင်သံစဉ် အခွေတစ်ခွေကို “လင်း”
စတူဒီယိုမှာ သွင်းခဲ့ဖူးတယ်။ ဒါပေမယ့် အကြောင်းကြောင်းကြောင့်
မထွက်ဖြစ်ခဲ့ဘူး။ ပြီးတော့ ကျောင်းမှာအမြဲ ဆို၊ တီးဖြစ်ပါတယ်။
ဂီတကတော့ ငယ်စဉ်ကတည်းက ရူးသွပ်ခဲ့ရတဲ့ အရာတစ်ခုပါပဲ။
Q - ကိုသအိုက နာမည် အရင်းလား။ ပြီးတော့ ဘာလူမျိုးလဲ။
A - သားအိုဆိုတာ အိမ်နာမည်ပါ။ နာမည်ရင်းက ဝင်းထွန်းသိန်းပါ။
သားအိုကို အားလုံးက “သအို” လို့ ခေါ်ကြရာကနေ သီချင်းဆိုတော့လည်း
ဒီနာမည်ပဲ ပေးဖြစ်ခဲ့တာပါပဲ။ ကျွန်တော်က အင်းဗမာ လူမျိုးပါ။
Q - အဲဒီနောက် ဆိုဖြစ်ခဲ့တဲ့ အခွေတွေက။
A - “ခွင့်ပြုတယ်၊ ခွင့်လွှတ်တယ်” နဲ့ “၁၀စက္ကန့်” အခွေတွေမှာပါ။
Q - “၁၀စက္ကန့်” အခွေက အောင်မြင်တဲ့အခွေ ဖြစ်တဲ့အပြင် ကိုသအို
သီချင်းကိုလည်း ပရိသတ်တွေကပါ ကြိုက်နှစ်သက်ကြတော့ ဘယ်လို
ခံစားရလဲ။
A - အခုလို အောင်မြင်တဲ့အခွေမှာ ပါဝင်သီဆိုခွင့်ရလို့ ထုတ်လုပ်သူများကို
ကျေးဇူးတင်ပါတယ်။ ပြီးတော့ ပရိသတ်တွေက အသိအမှတ်ပြုတာ ခံရတဲ့
အတွက်ကြောင့်လည်း ဝမ်းသာပြီးတော့ ကျေးဇူးလည်းတင်ပါတယ်။
Q - ကိုသအိုရယ်၊ ဟန်ထွန်းနဲ့ မောင်မောင်ဇော်လတ်တို့ သုံးယောက်
အတူတူတွဲဆိုတဲ့ “ခွင့်ပြုတယ်၊ ခွင့်လွှတ်တယ်” ထဲက “အိမ်ပြန်ချိန်”
သီချင်းကိုလည်း တော်တော်ကြိုက်ကြတယ်နော်။
A - ဟုတ်ကဲ့ ပရိသတ်တွေကလည်း ပြောကြပါတယ်။ အဲဒီခွေက VCD
ရိုက်ပြီးပြီ။ မထွက်သေးဘူး။
Q - ကိုသအို ကြိုက်နှစ်သက်တဲ့ ဂီတအမျိုးအစားက။
A - ကျွန်တော့်အသံနဲ့လည်း လိုက်ဖက်တဲ့ Rock အမျိုးအစားပေါ့ဗျာ။
ဒါပေမယ့် ဘယ်ဂီတအမျိုးအစားကိုမဆို နားထောင်ဖြစ်ပါတယ်။ အကုန်လုံးက
သူ့ဟာနဲ့သူ ကောင်းပါတယ်။
Q - ဂီတလျှောက်လမ်းပေါ်မှာ လျှောက်လှမ်းတဲ့အခါ အခက်အခဲတွေ
တွေ့ရလား။
A - အခက်အခဲကတော့ အနည်းနဲ့အများ ရှိခဲ့ပါတယ်။ ဒီလိုပါပဲ။
အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားခဲ့ရတာပါပဲ။ ဂီတက
ကျွန်တော့်အတွက် ငယ်စဉ်ကတည်းက အရေးပါခဲ့တယ်ဆိုတော့
ဒီလမ်းပေါ်မှာ ဆက်လျှောက်နေဦးမှာပါ။
Q - ကိုယ်တိုင်တီးတတ်တဲ့ တူရိယာက ဘာဖြစ်မလဲ။
ပြီးတော့ အသံအတွက် ထူးထူးခြားခြား လေ့ကျင့်ရတာရှိလား။
A - ဂီတာကိုတော့ အမြဲတီးဖြစ်ပါတယ်။ အသံအတွက်က
ထွေထွေထူးထူး လေ့ကျင့်တာမျိုး မရှိပါဘူး။ အမြဲတမ်း
သီချင်းတွေဆိုနေရင်းနဲ့ လေ့ကျင့်နေတာပါပဲ။
Q - ကိုသအို ပထမဆုံး ဆိုခဲ့ဖူးတဲ့ Show ပွဲကို မှတ်မိသေးလား။
A - ကျွန်တော့် ပထမဦးဆုံး show ပွဲက ၂၀၀၄ ခုနှစ် New Yearည
မြရိပ်ညိုမှာ ဆိုခဲ့ရတဲ့ ပွဲပါပဲ။ ခွေမထွက်ခင် ပထမဆုံး ဆိုရတာဆိုတော့
အမှတ်တရလည်းဖြစ်သလို့ IC Band နဲ့လည်း ဖြစ်ပါတယ်။ စိတ်ကတော့
တအား လှုပ်ရှားတာပေါ့ဗျာ။
Q - ဒုတိယခွေအတွက် ပြင်ဆင်နေပြီလား။
A - သီချင်းတွေကတော့ ရွေးနေတုန်းပါပဲ။ မထွက်ဖြစ်ခဲ့တဲ့
ကိုယ်ပိုင်သံစဉ်ထဲက သီချင်းတွေပါ ပြန်ထည့်မလားလို့ စိတ်ကူး
ထားပါတယ်။
Q - ကိုသအိုကို အားပေးနေမယ့် ပရိသတ်အတွက် အမှတ်တရလေး
ပြောပေးပါဦး။
A - ကျွန်တော့်ကို အားပေးနေမယ့် ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။
ကျွန်တော့်မှာ အားနည်းချက်တွေ၊ လိုအပ်ချက်တွေ ရှိမှာပါ။ ဒါကြောင့်
ကျွန်တော် အများကြီး ကြိုးစားသွားပါ့မယ်လို့ ပြောချင်ပါတယ်။
Q - ဆက်သွယ်နိုင်တဲ့ တောင်ကြီးက လိပ်စာက...။
A - အမှတ် ၆/၇၊ YMCA တိုက်တန်း၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊
တောင်ကြီးမြို့ ပါ။
email - thao.tgi@gmail.com
ခင်ဥမ္မာချို
သြဂုတ်လ၊ ၂၀၀၈
သရဖူ မဂ္ဂဇင်း
#Rockနှင့်ပတ်ဝန်းကျင် ဖဘဂရု

အခွေအကြောင်း နည်းနည်းပြန်ပြောပြပေးပါလား

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။