19 November 2012 |By 8 Days
သားမွေး ဆိုတာ အများ အားဖြင့် သိုးကနေ လုပ်ကြ ပေမယ့် တခြား တိရစ္ဆာန်တွေ ကနေ လုပ်တဲ့ သားမွေးတွေလည်း ရှိပါတယ်။ သိုးမှာ လည်း မွေးသိုးထက် တောထဲကသိုးက ပိုပြီး အမွေးများပါတယ်။ သိုးမွေး အထည်တွေဟာ တခြား အဝတ်အထည်တွေထက် ပိုပြီးတော့ ခန္ဓာကိုယ်ကို နွေးထွေးစေတယ်။ ဖက်ရှင်လည်း ကျစေတယ်။
မိန်းမတွေ ဝတ်တဲ့အခါမှာ ပိုပြီးတော့ ဣတ္တိယ ဆန်လာစေတယ်။ ဆွဲဆောင်မှု ရှိလာစေတယ်။ သားမွေးဖက်ရှင်ကို ခရစ္စမတ် ကာလနဲ့ ဆောင်းကာလ ပွဲတော် ရာသီတွေမှာ ဝတ်ဆင်နိုင်သလို တခြား ရာသီတွေမှာလည်း ပွဲအခါအလိုက် သင့်တော်သလို ဝတ်ဆင်နိုင်ပါသေးတယ်။ သားမွေးဖက်ရှင်ဟာ မိန်းမတွေကို နူးညံ့မှု၊ ဆွဲဆောင်မှု ရုတ်ချည်း တိုးပွား လာစေလာပေမယ့် ထိန်းသိမ်းရ အင်မတန်မှ ဂရုစိုက်ရပါတယ်။
သင့်တော်တဲ့ ဂရုစိုက် ထိန်းသိမ်းမှု မရှိဘူးဆိုရင် အမြန်ဆုံး ပျက်စီးသွားတတ်ပါတယ်။ ဒီတစ်ပတ်မှာတော့ 8 Days ပရိသတ်ကြီးကို သားမွေး ဖက်ရှင်အကြောင်း ဆောင်းကာလအတွက် ဖက်ရှင်လက်ဆောင်အဖြစ် တင်ဆက်ပေးလိုက်ရပါတယ်။
သားမွေးဆွယ်တာ ဝတ်မယ်ဆိုရင်
သားမွေးဆွယ်တာကို ဝတ်မယ်ဆိုရင် အောက်ကနေ ရှပ်လေး ခံဝတ်ပေးပါ။ အဲဒါမှ ယားယံခြင်း ကင်းမှာ ဖြစ်ပါတယ်။ ဆွယ်တာတွေဟာ စတိုင်လ်ပုံစံ အမျိုးမျိုးနဲ့ လာပါတယ်။ အလေး၊ အပေါ့၊ အထူ၊ အပါး ပုံစံအမျိုးမျိုး ရှိပါတယ်။
ကိုယ်နဲ့ လိုက်ဖက်မယ့် သားမွေးပုံစံကို ရွေးချယ်ပေးပါ။ သားမွေးလည်စည်း၊ ဦးထုပ်၊ လက်အိတ်များ သားမွေးဆွယ်တာ မဝတ်ချင်ဘူးဆိုရင် သားမွေးလည်စည်း၊ ဦးထုပ်နဲ့ လက်အိတ်တို့ တွဲဝတ်နိုင်ပါတယ်။ အသားနဲ့ အရောင်ကိုသာ ကိုယ့်အသားအရေ၊ ခန္ဓာကိုယ်နဲ့ လိုက်ဖက် ညီ၊မညီ ကြည့်ပြီး ရွေးချယ်ရမှာ ဖြစ်ပါတယ်။
သားမွေးဒုက္ခ
သားမွေး အဝတ်တွေဟာ အဝတ်လျှော်တဲ့ အခါမှာ ခြောက်တာ အရမ်း ကြာမြင့်တတ်ပါတယ်။ နောက်ပြီး ဝတ်တဲ့အခါမှာ လေးလံပါတယ်။ လူလည်း ယားယံတတ်ပါတယ်။ အဝတ်က ထူပြီး လုံတဲ့အတွက် ချွေးထွက်ပြီး ကိုယ်နံ့ ထွက်လာတတ်ပါတယ်။ အထူးသဖြင့် သားမွေး ဝတ်တဲ့သူတွေ ကြုံလေ့ရှိတာက ကိုယ်ယားတာပါ။ ဒါကြောင့် မယားယံရအောင် အသားအရေကို ခြောက်သွေ့မှု မဖြစ်ပါစေနဲ့။
အသားအရေဟာ ခြောက်သွေ့နေရင် ပိုပြီး ယားယံတတ်ပါတယ်။ သားမွေး ဝတ်ခါနီးကျရင် moisturizer လေး လိမ်းပေးပါ။ သားမွေးဟာ ကျုံ့လွယ်တတ်ပါတယ်။ အဲဒါကို ရှောင်ရှားဖို့အတွက် အေးမြတဲ့ နေရာမှာ သားမွေးကို သိမ်းဆည်းပေးသင့်ပါတယ်။ သားမွေးဟာ အပူနဲ့ ဓာတု ပစ္စည်းတွေကြောင့်လည်း အလွယ်တကူ ပျက်စီးတတ်ပါတယ်။
သားမွေးကို လှန်းတဲ့အခါမှာ နေရောင်ခြည်နဲ့ တိုက်ရိုက် ထိတွေ့မှု မရှိပါစေနဲ့။ နေရောင်ခြည်နဲ့ တိုက်ရိုက် ထိတွေ့ရင် သားမွေးဟာ အမြန်ဆုံး ပျက်စီးတတ်ပါတယ်။ ပုံစံလည်း ပြောင်းသွားတတ်ပါတယ်။ ရေအေးနဲ့ ထိတာများရင်လည်း သားမွေးဟာ ပျက်စီးနိုင်ပါသေးတယ်။ ရေစိုနေတဲ့ သားမွေးဟာ ခံနိုင်ရည် သုံးပုံတစ်ပုံ ဆုံးရှုံးသွားပါတယ်။
သားမွေးအတွက် တွဲဖက်ဖက်ရှင်
သားမွေးဝတ်တဲ့အခါ တွဲဖက်ဖက်ရှင် ပစ္စည်းတွေ လိုအပ်ပါတယ်။ သူက တွဲဖက်ဖက်ရှင် ပစ္စည်းတွေ သုံးမှ ပိုပြီး ဖက်ရှင်မိတာပါ။ ချိန်းလည်ဆွဲ၊ လည်သာဘောင်းဘီ အတိုနဲ့ ဘု(တ်)ဖိနပ်တို့ဟာ သားမွေးဖက်ရှင်ကို ပိုပြီး ထွန်းပြောင်လာစေပါတယ်။ သားမွေးအတွက် အဦးဆုံး စဉ်းစားပေးရမယ့် တွဲဖက် ဖက်ရှင်ကတော့ ဖိနပ် ဖြစ်ပါတယ်။ သားမွေးအတွက် အလိုက်ဆုံး ဖိနပ်ကတော့ ဘုတ် (တ်) ဖိနပ်ပါ။ ဘု(တ်) မစီးချင်ဘူးဆိုရင် ချန်ကီဒေါက်တွေ ရှိပါတယ်။ ဒါမှမဟုတ် ဝက်ဂ်ျ (Wedge) တွေ ရှိပါတယ်။
ခါးပတ်လည်း လိုတယ်။ လည်ဆွဲကို ကြီးကြီးနဲ့ ရှည်ရှည်လိုတယ်။ သားမွေးနဲ့ စကပ် တွဲဝတ်မယ်ဆိုရင် စကပ်နဲ့ စတော့ကင်ကို သာမန်အားဖြင့် အနက်ရောင်တွေ ဝတ်ဆင်နိုင်ပါတယ်။ အညိုရင့်ရောင်၊ မီးခိုးရောင်၊ အဖြူရောင်နဲ့ တခြား အရောင်တွေကိုလည်း အစားထိုး ဝတ်နိုင်ပါသေးတယ်။ အပေါ်က အဝတ်အရောင်နဲ့ လိုက်ဖက်ညီမယ့် အရောင်ကို ရွေးချယ်ပြီး အောက်က စကပ်နဲ့ စတော့ကင် အရောင်ကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။
တစ်ခု သတိပြုမိရမှာက စကပ်၊ ဘောင်းဘီတိုကို အနက်ရောင်တို့လို ဝတ်တဲ့ အခါကျရင် ဖိနပ်ကို အရောင်အညို၊ အနက်တွေ မဝတ်မိစေပါနဲ့၊ အရပ် ပိုပုသလို ဖြစ်သွားစေပါတယ်။ အထူးသဖြင့် ကိုယ်က အရပ်ပုနေရင်၊ ပိန်နေရင် ပိုပြီးတော့ ဆိုးသွားစေပါတယ်။ သားမွေးဝတ်မယ်ဆိုရင် အရောင်အနက်၊ အညို၊ မီးခိုးချည်းပဲ အောက်ကနေ တွဲဝတ်ရမှာ မဟုတ်ပါဘူး။ အရောင်ရင့်ရင့် တောက်တောက်တွေလည်း ဝတ်နိုင်ပါတယ်။
သားမွေး ထိန်းသိမ်းနည်း
သားမွေးဟာ တခြား အဝတ်အထည်တွေလို လျှော်၊ ဖွပ်၊ လှမ်းရတာ ကရိကထ ပိုများပါတယ်။ ဖုန်မှုန့်တွေလည်း ပိုပြီး ကပ်ငြိတတ်ပါတယ်။ ဖုန်မှုန့်တွေ ကပ်ငြိတဲ့အခါမှာ ဘီးကျဲနဲ့ တစ်ဖက်တည်းကိုဦးတည်ပြီးဖြီးသင်ပေးပါ။ အပေါ်ကနေ အောက်ကို တဖြည်းဖြည်းဆင်းပြီး ဖြီးသွားပေးပါ။ သားမွေးတွေကို လျှော်တဲ့ အခါမှာလည်း သားမွေးဟာ ၈၀ ရာခိုင်နှုန်းဟာကိုသာ လျှော်ပေးပါ။ တကယ်လို့ သားမွေးဟာ ၈၀ ရာခိုင်နှုန်းအထက် ပါတယ်ဆိုရင်တော့ ဆောင်းတွင်း တစ်တွင်းလုံး ဝတ်ထားတဲ့ သားမွေးကို တစ်နှစ်ကို အနည်းဆုံး တစ်ခါ (သို့) နှစ်ခါ လျှော်ပေးသင့်ပါတယ်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။