၁။ ဂျော်နီ ဒပ်ဖ်နဲ့ ဝင်နိုးနား ရိုက်ဒါ တို့ရဲ့ ကြည်နူး ဆွတ်ပျံ့ဖွယ် ကာလမှာပေါ့ ။ “ Winona Forever ” ဆိုတဲ့ စာသားကို ဂျော်နီ ဒပ်ဖ်က သူရဲ့ လက်မောင်းမှာ ထိုးခဲ့ပါတယ် ။ ဒါပေမယ့် “ Forever ” ဆိုတဲ့ စာသားဟာ သုံးနှစ်အကြာမှာ ပြတ်စဲခြင်း ဖြစ်တယ်လို့ သိမြင် သဘောပေါက် သွားတဲ့ အခါမှာတော့ “ Wino Forever ” လို့ သူရဲ့ တက်တူးကို ပြောင်းလဲ ပြင်ဆင်ခဲ့တယ် ။ ပြီးတော့ အခုထက်ထိ အဲဒီ တက်တူးကို လူမြင်မခံတော့ပါဘူး ။ ဒါကြောင့် မိတ်ဆွေတို့လည်း တစ်သက်စာဆိုတာကို သတိရပါ ။ အနည်းဆုံး ဆယ်နှစ်စာလောက် ကြိုတွေးပါ ။ ကလေးဘဝက ဘောပင်နဲ့ နာရီပုံဆွဲသလို မလိုချင်တော့ဘူး ဆိုပြီး တစ်ရှူးနဲ့ သုတ်ပစ်လို့မရပါဘူး ။
၂။ တက်တူး ဒီဇိုင်းတွေကို ကျွမ်းကျင်တက်တူးပညာရှင် ၊ ဒီဇိုင်းသမားတွေနဲ့ အချိန်ယူပြီး တိုင်ပင် ဆုံးဖြတ် ပြင်ဆင်ပါ ။ ပြီးတော့ သမိုင်းရှိတဲ့ တက်တူးတွေဆိုရင်လည်း အဲဒီသမိုင်းတွေကို အကျဉ်း ချုပ် လောက်ဖြစ်ဖြစ် သိထားစေချင်ပါတယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ သင်္ကေတတွေရဲ့ အဓိပ္ပာယ်ဟာ အကောင်းရော အဆိုးဘက်မှာ ပါ ထင်တာထက် လေးနက်တာ များလို့ပါ ။
၃။ တက်တူးထိုးရင် နာမှာလားဆိုတဲ့ မေးခွန်းအတွက် ပြောပြပါ့မယ့် ။ ကျွန်တော့်ဆီမှာ ကိုယ်တိုင်ထိုး တက်တူးသုံးခု ရှိပါတယ် ။ ထိုးခါစ မိနစ်အနည်းငယ်လောက်ပဲ နာပါတယ် ။ အဲဒါက သဘာဝ အလျှောက် နာကျင်မှုကို ခံနိုင်ရည်ရှိစေတဲ့ ခန္ဓာကိုယ်တွင်းက အမ်ဒေါ်ဖင်း ဓာတ်ကြောင့်လို့ ထင်ပါတယ် ။ ဒါပေမယ့် ခံနိုင်ရည် မရှိဘဲနဲ့တော့ တက်တူးထိုးလို့ မရပါဘူး ။ လူတိုင်းလူတိုင်းဟာ နာကျင်မှုတွေကို အနည်းနဲ့ အများ ခက်ခဲစွာ ရင်ဆိုင် ရပါတယ် ။ တစ်ယောက်နဲ့ တစ်ယောက်လည်း မတူပါဘူး ။ မိတ်ဆွေတို့ မနာဘူးဆိုတဲ့ နေရာ က မိတ်ဆွေတို့ရဲ့ သူငယ်ချင်းတွေအတွက် ငရဲ ဖြစ်ချင် ဖြစ်နေနိုင်တာမျိုးပါ ။ ဒါပေမယ့် အဲဒီနာကျင်မှုတွေ ပြီး သွားတဲ့အခါမှာတော့ အခါခါ ထပ်ပြီး ထိုးဖြစ်နေဦးမှာ သေချာပါတယ် ။ ပြီးတော့ တက်တူးထိုးတယ်ဆိုတာ စပျစ်သီးခြောက် စားရသလိုပါပဲ ။ တစ်လုံးစားပြီးသွားရင် တစ်ထုပ်လုံး ကုန်အာင် စားမိသွားတာမျိုးပါ ။
၎။ တက်တူးမထိုးခင်မှာ အရက်နဲ့ ဆေးဝါးတွေကို မသုံးစွဲမိဖို့လည်း သတိထား ပေးစေချင်ပါတယ် ။ အဲဒီ အကန့်တွေက မိတ်ဆွေတို့ကို သွေးထွက်လွန်စေ၊ မိတ်ဆွေတို့ရဲ့ တက်တူးဆရာကို အာ ရုံ နောက် စေတာကလွဲလို့ ဘာအကူအညီမှ ဖြစ်မှာ မဟုတ်ပါဘူး ။ ဒါကြောင့် တက်တူးထိုးနေတုန်း ခံနိုင် ရည်ရှိချင်ရင် လူပြောသူပြော သိပ်များတဲ့ အကြံပေး စကား တွေကို ခဏမေ့ထားပြီး မိတ်ဆွေတို့ရဲ့ စိတ်နဲ့ ခန္ဓာကိုပဲ သန့်ရှင်း ကြည်လင် ကျန်းမာအောင် ပြင် ဆင်သွားပါ ။
၅။ တက်တူးမထိုးခင်မှာ အာဟာရပြည့်ဝတဲ့ အစားအစာတစ်ခုကို ဝမ်းဝအောင် စားသောက် လာဖို့လည်း လိုပါတယ် ။ အဲဒီ အစားအစာတွေက တက်တူးထိုးနေတုန်းမှာ လျော့ပါးသွားတဲ့ ခန္ဓာကိုယ်ထဲက အာဟာရ ဓာတ်တွေကို ပြန်လည် ဖြည့်ဆည်းပြီး သွေးတွင်း သကြားဓာတ်ကို ပုံမှန်ဖြစ်စေပါတယ် ။ ဒါကြောင့် တက်တူး မထိုးခင်နဲ့ တက်တူး ထိုးနေစဉ်မှာ အစားအစာတစ်ခုခုကို စားသောက်ထားမယ်ဆိုရင် နာကျင် မှုတွေကို အကောင်းဆုံး ထိန်းချုပ်ထားနိုင်မယ်လို့ မြင်ပါ တယ်။
၆။ လမ်းဘေးမှာ တစ်ထောင်တန် နိုက်ကီ တီရှပ်တွေ ရှိတယ် ။ ဒဂုံစင်တာမှာကျတော့ အဲဒီ တံဆိပ်မျိုး တီရှပ်ပဲ ။ ဒါပေမယ့် တစ်သောင်းကျတယ် ။ ဘာကွာလဲ ။ ဘာမို့လို့လဲ ။ မေးကြတယ်နော် ။ ဝတ်ကြည့်မှ သိမှာ ။ လူ တော်တော်များများက ဈေးကိုပဲ မြင်ကြတယ် ။ အရည်အသွေးကို မသိကြဘူး ။ ကျွန်တော်တို့ တက်တူးလောကမှာ “ Cheap Tattoos Aren’t Good And Good Tattoos Aren’t Cheap .” ဆိုတဲ့ စကားပုံ တစ်ခုရှိတယ် ။ အဓိပ္ပာယ်က အဖိုးနည်း အိုးကွဲ ဆိုတဲ့ မြန်မာ စကားပုံအတိုင်းပါ ။ ငါးထောင် တစ်သောင်းလောက်နဲ့ G Tone လို ၊ လေးဖြူလို ၊ R ဇာနည်လို ထိုးချင်လို့ ဘယ်ဖြစ်မှာလဲ ။ စေတနာနဲ့ ထိုးပေးချင်ရင်တောင်မှ ဒီနေ့ရတဲ့ ဝင်ငွေဟာ မနက်ဖြန်အတွက် အရင်းဖြစ် လို့ အဲဒီ တက်တူးဆရာဟာ အချိန်ကြာလာတဲ့အခါ ကောင်းကောင်းကြီး ဒုက္ခတွေ့လာမှာ သေချာပါတယ် ။ ပြီးတော့ တက်တူးဆိုတာ ပန်းချီ အနုပညာ အမျိုးအစားတွေထဲက တစ်ခု ။ တက်တူးဆရာ ဆိုတာ အဲဒီ ပန်းချီ အနုပညာကို ဖန်တီးမယ့် အနုပညာရှင်တွေပါ ။ ဒါကြောင့် အနုပညာနဲ့ အနုပညာရှင်တွေကို တန်ဖိုးဖြတ်ဖို့ ဆိုတာ သိပ်တော့ ပေါ့ပါးတဲ့ ကိစ္စတစ်ခု မဟုတ်ပါဘူး ။ အရာအားလုံးကို ကိုယ်နဲ့ နှိုင်းပြီး စဉ်းစား ဆင်ခြင်နိုင် ပါတယ် ။
ကကြီး ( Tattoo Artist )
Thursday , May 03 , 2012
မှတ်ချက် ။ ။ အထက်ပါ စာမူဟာ ပုံနှိပ် ထုတ်ဝေဖို့ ရည်ရွယ်ထားတဲ့ ကျွန်တော့်ရဲ့ ကိုယ်ပိုင် စာမူတွေထဲက တစ်ခု ဖြစ်ပါတယ် ။ ဒါကြောင့် မိတ်ဆွေတို့ရဲ့ စာနယ်ဇင်း နဲ့ ဝဘ်ဆိုဒ်တွေ ပေါ်မှာ ကူးယူ ဖော်ပြချင်တယ်ဆိုရင် kagyie @ gmail.com ကို email ပို့ အသိပေးပြီးမှ ဖော်ပြကြဖို့ မေတ္တာရပ်ခံ ပါတယ် ။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။