BY SPRING FLOWERS ON SUNDAY, OCTOBER 7, 2012 AT 3:42AM ·
- များသောအားဖြင့် လူမျိုးတိုင်းဟာ ကိုယ့်ယဉ်ကျေးမှု ၊ ဓလေ့တွေကို အနည်းနဲ့ အများ စောင့်ထိန်းဂုဏ်ယူတတ်တဲ့ အလေ့ရှိတတ်ကြတယ် ။ တရားဟောမလို့ မဟုတ်ရပါဘူး ။ ဒါက မဖြစ်မနေ ပြောမှဖြစ်မယ့် နိဒါန်းမို့လို့ ပါ ။
- ပြင်သစ်ဆိုရင်လည်း သူတို့ ပြင်သစ်စကားပြောတဲ့ လူမှ လူရာဝင်သလိုလို ၊ အီတလီတွေကျတော့လည်း သူတို့ အစားအစာသည်သာ ကမ္ဘာ့အကောင်းဆုံး အစာလိုလို ဂုဏ်ယူတတ်ကြသတဲ့ ။ အမေရိကန်တွေကျတော့လည်း အမေရိကန်ဆန်ခြင်းဆိုတဲ့ Americanism ဆိုတာကို သိပ်တန်ဖိုးထားတတ်ကြတယ်လို့ ကြားဖူးတယ် ။ အဲဒါ အပြစ်လို့ ဘယ်သူပြောတုန်း ။ ဘယ်လူမျိုးမဆို ကိုယ့်ယဉ်ကျေးမှုကို အနည်းနဲ့ အများ ထိန်းသိမ်းစောင့်ရှောက်ချင်တဲ့စိတ် ရှိတာ သဘာဝ မဟုတ်လား ။ တို့မြန်မာလူမျိုးတွေထဲမှာလည်း မြန်မာယဉ်ကျေးမှုဆိုတာကို ကောင်းကောင်းမွန်မွန် စောင့်ထိန်း ဂုဏ်ယူတတ်ကြတဲ့သူတွေ ရှိတာဘဲ ။ ကိုယ့်ရိုးရာယဉ်ကျေးမှုကို စောင့်ထိန်းခြင်းအားဖြင့် ကောင်းတဲ့ အကျိုးဆက်တွေ အများကြီးရှိတာကို အကျယ်ချဲ့ပြောစရာ မလိုပါဘူးနော် ။
- ဒါပေမယ့် တဖက်ကလည်း မျက်စိမှိတ်ပြီး '' ငါတို့ ယဉ်ကျေးမှု စစ်စစ်ကွ '' လို့ အော်နေတာတွေ့ရင် ပြောစရာလေးတွေ ပေါ်ပေါ်လာတယ် ။ အထူးသဖြင့် အဲဒီ ယဉ်ကျေးမှု '' စစ်စစ် '' ဆိုတဲ့ စကားကို လက်ကိုင်သုံးပြီး ရုပ်တည်ကြီးနဲ့ မုန့်တီစားနေသူများ နည်းနည်းလေး ပြုံးသွားရအောင် လျှာအနည်းငယ် ရှည်ခွင့်ပြုပါကွယ် ။
- ၀ိနည်းလွတ်အောင် အမေရိကန်လူမျိုးကိုဘဲ ဥပမာထားပြီး ပြောချင်ပါတယ် ။ အမေရိကန်ဆန်ခြင်းဆိုတာကို ရာနှုန်းပြည့် ဂုဏ်ယူတတ်တဲ့ အမေရိကန်ကြီးတစ်ယောက် ရှိတယ်ဘဲ ထားလိုက်ပါစို့ ။ သူနေ့စဉ်သုံးနေရတဲ့ အရာတွေဟာ အရင်းစစ်ရင် တစ်ခုမှ အမေရိကန်မဆန်ဘူးဆိုရင် သူဒေါကန်သွားမလား မသိ ။ ပြောနေကြာပါတယ် ..... စမ်းစစ်ကြည့်ရင်မကောင်းဘူးလား ။ ဒီတော့ ဦးအမေရိကန်ကြီး ညဘက် အိပ်ရာဝင်ရင် ၀တ်တဲ့ ည၀တ်အင်္ကျီ ( pajamas ) က စပြောရအောင် .......။
- pajamas ဆိုတဲ့ စကားကိုက ပါရှန်းစကားလုံးဖြစ်ပြီး ခြေ၀တ်တန်ဆာ leg garment လို့ အဓိပ္ပါယ် ရသတဲ့ ။ တောင်အာရှကို အင်္ဂလိပ်ကိုလိုနီတွေ ရောက်လာပြီးတဲ့နောက် အဲဒီ pajamas ၀တ်တဲ့ ဓလေ့ဟာ အနောက်ကမ္ဘာကိုလည်း တဖြည်းဖြည်း ပြန့်သွားခဲ့တယ်လို့ ဆိုတယ် ။
- ည၀တ်အင်္ကျီဝတ်ပြီး သကာလ ဦးအမေရိကန်ကြီးဟာ အိပ်မယ်ဆိုပြီး ကုတင်ပေါ်တက်သွားသတဲ့ ။ ကုတင်ဆိုတဲ့ ( bed ) ကိုလည်း ပါရှန်းလူမျိုးတွေက စသုံးခဲ့တယ်လို့ ယူဆကြတယ် ။ အဲ....ကုတင်ဆိုတဲ့ စကားကို ပထမဆုံး စာထဲမှာ ပုံဖော်ထားတာက ခရစ်တော် မပေါ်မီ နှစ် ၈၀၀ လောက်က ရေးစပ်ခဲ့တဲ့ နာမည်ကြီး ဂရိကဗျာ Odyssey ထဲမှာ ဖြစ်ပါသတဲ့ ။ နည်းနည်းနောနော ရှေးကျတဲ့ အချိန် မဟုတ်ဘူးနော် ။
- အမေရိကန်ကြီးဟာ အလုပ်သွားတဲ့အခါ ၊ သူငယ်ချင်းတွေနဲ့ တွေ့တဲ့အခါ ၊ ဒါမှမဟုတ်လည်း မိသားစုနဲ့ ပျော်ပွဲစားသွားတဲ့အခါ ဒူးနေရာ ဒူး ၊ တော်နေရာတော် ၀တ်စားသွားရတာပေါ့နော် ။ အဲလို သူနေ့စဉ် ၀တ်နေတဲ့ အ၀တ်အစားတွေကို ထုတ်လုပ်ရာမှာ မပါမဖြစ်တဲ့ ၀ါဂွမ်း ( cotton ) ကို ပထမဆုံးစိုက်ပျိုးတဲ့ နေရာကတော့ အမေရိကန် မဟုတ်ဘဲ အခုလက်ရှိ အနောက်ပါကစ္စတန်ရှိတဲ့ နေရာပါတဲ့ ။
- ရာသီဥတု ပူလာပြီဆိုရင် ဦလေးကြီးဟာ လီနင် ( linen ) အစ အေးအေးလေးနဲ့ ချုပ်တဲ့ အင်္ကျီကို ၀တ်တတ်သတဲ့ ။ ဒါပေမယ့် အဲဒီ လီနင်စကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀၀ လောက်က အီဂျစ်မှာ စသုံးခဲ့တာဆိုတာ သူ သတိမထားမိဘူး ။ ရှေးအီဂျစ်လူမျိုးတွေဟာ ရာသီဥတုပူလွန်းတာကြောင့် အဖြူရောင် လီနင်စကို ၀တ်လေ့ရှိပြီး သေသူတွေကို မံမီလုပ်ရာမှာလည်း လီနင်စကိုဘဲ သုံးလေ့ရှိသတဲ့ ။
- အမေရိကန်ကြီးဟာ ရာသီဥတုလေး အေးလာတော့ သိုးမွေးအနွေးထည်ကလေး ကောက်စွပ်ပြီး မီးလင်းဖိုရှေ့မှာ စာအုပ်ကလေးနဲ့ ငြိမ့်ပြန်တယ်။ ခုခေတ်မှာ အမွေးရအောင် မွေးထားတဲ့ သိုးဆိုတဲ့ သတ္တ၀ါကတော့ ဥရောပနဲ့ အာရှတစ်ဝိုက်မှာ နေတဲ့ mouflon ဆိုတဲ့ အကောင်ကဆင်းသက်လာတယ်လို့ ဆိုတယ် ။ အမွေးထူတဲ့ အဲဒီ mouflon သိုးတွေမွေးမြူရေးကို ဥရောပမှာ စလုပ်တာ ခရစ်တော်မပေါ်မီ နှစ် ၄၀၀၀ လောက်ကပါတဲ့ ။
- ခရစ်တော်မပေါ်မီ ဘီစီ ၁၅၀၀ လောက်က သဘ၀အလျှောက် မံမီဖြစ်သွားခဲ့တဲ့ ဒိန်းမတ်လူမျိုးတစ်ယောက်ရဲ့ အလောင်းပေါ်မှာ သိုးမွေးအ၀တ်တခုရဲ့ အကြွင်းအကျန်ကို တွေ့ရဖူးသတဲ့ ။ ဒါဟာ ဥရောပမှာ ရှေးအကျဆုံး သိုးမွေးအ၀တ်အစားတစ်ခုဆိုရင် မမှားပါဘူး ။
- ဒီလိုနဲ့ အမေရိကန်ကြီးဟာဟာ ပွဲလမ်းသဘင်တွေကျတော့ ပိုးထည်ရှပ်ကလေး ၊ ဒါမှမဟုတ်လည်း ပိုးနဲ့ လုပ်တဲ့ နက်ကတိုင်လေးကို ရှိုးကျကျ ၀တ်သွားပြန်တယ် ။ ပိုး ( silk ) ဆိုတာဟာ တရုတ်ပြည်မှာ စပြီး ပေါ်ခဲ့တယ်ဆိုတာ အထူးပြောဖို့မလိုပါဘူးနော် ။ ခရစ်တော် မပေါ်မီ နှစ်ပေါင်း ၂၇၀၀ လောက်က စသုံးခဲ့တာဆိုတော့ အခုဆို ပိုးထည်လုပ်ငန်း ပေါ်ပေါက်ခဲ့တာ နှစ်ပေါင်း ၄၇၀၀ ကျော်လောက် ရှိပြီပေါ့ ။
- အဲဒီ လီနင်သား ၊ ၀ါဂွမ်း...စတာတွေကို အ၀တ်အထည်ဖြစ်အောင် ရက်လုပ်တဲ့ နည်းကတော့ ခရစ်တော်မပေါ်မီ နှစ်ပေါင်း ငါးထောင်လောက်ကတည်းက အီဂျစ်မှာ ရှိနေပြီတဲ့ ။
- နှင်းတွေကျလို့ ရာသီဥတုခိုက်ခိုက်တုန်တဲ့ အချိန်တွေမှာ သူဟာ ဘဲငန်းအမွေးထည့်ပြီး ချုပ်ထားတဲ့ စောင် ( eiderdown quilt ) ကလေးနဲ့ အိပ်ရာထဲမှာ ကွေးနေတတ်တယ် ။ အဲဒီ စောင်မျိုးကတော့ ဆွီဒင် ၊ ဖင်လန် ၊ နော်ဝေးစတဲ့ အသေအေးတဲ့ နိုင်ငံတွေရှိရာ စကန်ဒီနေးဗီးယား ဒေသမှာ စတီထွင်ခဲ့တာပါ ။
- မိုးလင်းလို့ နိုးလာတော့ သူနာရီကို လှမ်းကြည့်မိတယ်....... ရှေးဦးပေါ်ပေါက်ခဲ့တဲ့ နေနာရီတို့ သဲနာရီတို့ကို အီဂျစ်တွေ ၊ ဘေဘီလုံလူမျိုးတွေက သုံးခဲ့တယ်လို့ ဆိုတယ် ။ အဲဒီနောက် ဥရောပအလယ်ခေတ်လို့ခေါ်တဲ့ ၅ ရာစုနဲ့ ၁၅ ရာစုကြားမှာ နာရီရဲ့ ပုံစံဟာ အတော်ကြီး ခေတ်မှီပြောင်းလဲတိုးတက်လာခဲ့သတဲ့ ။
- ဒီလိုနဲ့ အမေရိကန်ကြီးဟာ အိပ်ရာက ထလာပြီး ခန်းနားကြီးကျယ်တဲ့ ရေချိုးခန်းထဲ ၀င်သွားတယ် ။ အဲဒီရေချိုးခန်းကြီးထဲမှာ သုံးထားတဲ့ ပိုက်ဆက်စနစ် plumbing ဆိုတာ Indus ဆိုတဲ့ ဒေသမှာ ဘီစီ ၂၇၀၀ လောက်ကတည်းက ပေါ်နေပြီဆိုတာ သူမသိရှာဘူး ။ Indus Valley ဆိုတာ အခု ပါကစ္စတန် နဲ့ အိန္ဒိယဆက်နေတဲ့ နေရာနားတ၀ိုက်ပါ ။ အဲဒီမှာ Indus Valley Civilization ဆိုတာ ဘီစီ သုံးထောင်ကျော်လောက်က ပေါ်ခဲ့တယ် ။ အများပြည်သူအတွက်ဆောက်ထားတဲ့ ရေတွင်းရေကန်တွေအတွက် ရေစီးရေလာကောင်းအောင် ပိုက်ဆက်စနစ်ကို သုံးခဲ့သူများထဲမှာ တရုတ်တွေ ၊ ပါရှန်တွေ ၊ ရောမသားတွေ နဲ့ ဂရိတွေလည်း ပါသတဲ့ ။
- ရေချိုးခန်းမှာတပ်ထားတဲ့ မှန်ကရော ။ အဲဒါကိုတော့ မက်ဆိုပိုတေးမီးယားလို့ ခေါ်တဲ့ အရပ်မှာ ဘီစီ ၃၅၀၀ လောက်က စသုံးခဲ့တယ်လို့ ဆိုတယ် ။ မက်ဆိုပိုးတေးမီးယားဆိုတာ ခုခေတ် အီရန် ၊ အီရတ် ၊ ဆီးရီးယား ၊ တူရကီ စတဲ့နိုင်ငံတွေ နည်းနည်းစီ ပါဝင်တဲ့ အရပ်တစ်ခုဖြစ်တယ် ။ ရေချိုးခန်းမှာ ခင်ထားတဲ့ ကြွေပြားတွေနဲ့ ကြွေအစစ်တွေကိုတော့ တရုတ်ပြည်မှာ စတီထွင်ခဲ့တာပါ ။ ဖန်ကို ကြိုချက် ၊ အရောင်ထည့်ပြီး ပစ္စည်းပစ္စယတွေပေါ်မှာ ဆေးချယ်တဲ့အတတ်ပညာကတော့ ရှေးခေတ်အီဂျစ်တွေ တွေ့ရှိခဲ့တဲ့ အတတ်ပါတဲ့ ။
- သူ စိန်ပြေနပြေ ရေစိမ်ချိုးတဲ့ ရေချိုးကန် bathtub က Indus Valley ဒေသမှာ စသုံးခဲ့ပြီး ရှေးအကျဆုံး ရေသုံး အိမ်သာ toilet ကို တွေ့ရှိခဲ့တဲ့ နေရတစ်ခုကတော့ စကော့တလန်နိုင်ငံက Skara Brae ဆိုတဲ့ ရှေးဟောင်းနေရာတစ်ခုမှာပါ ။ မွှေးကြိုင်ဆွတ်ပျံ့တဲ့ ရနံရှိတဲ့ ဆပ်ပြာမြုပ်ထဲမှာ စိမ်နေတဲ့ အမေရိကန်လူမျိုးကြီးဟာ ရှေးခေတ်အီဂျစ်တွေလည်း တိရစ္ဆန်ဆီ ၊ အပင်တွေကရတဲ့ အဆီတွေကိုသုံးပြီး ဆပ်ပြာအဖြစ် စသုံးခဲ့ကြတယ်ဆိုတာ သတိရချင်မှ ရမှာပါ ။ နောက်တော့ သူဟာ သွားတိုက်ပါလေရော ....သွားတိုက်ခြင်းအပြုအမူကတော့ ၁၈ ရာစုနှောင်းပိုင်းလောက်မှ ဥရောပကနေ အမေရိကကို ရောက်လာခဲ့တာပါ ။
- ဂလိုနဲ့ ဦးအမေရိကန်ကြီးဟာ မုတ်ဆိတ်ရိတ်ပါတယ် ။ သူ မတွေးမိတာတစ်ခုကတော့ မုတ်ဆိတ်ရိတ်ခြင်းဆိုတာ တချိန်တခါတုန်းက အီဂျစ်ပြည်က ဘာသာမဲ့အရည်းကြီးတွေ ကျင့်သုံးခဲ့ဖူးတဲ့ ဓလေ့တစ်ခုဆိုတာပါဘဲ ။ တစ်ခုရှိတာက အမေရိကန်ကြီး သုံးတဲ့ ဓါးဟာ စတီး ( သံနဲ့ ကာဘွန်ရောစပ်ထားတဲ့ ဒြပ် ) နဲ့လုပ်ထားပြီး ခေတ်မှီစွာ ပြောင်လက်ထက်ရှနေတာဆိုတော့ ရှေးအီဂျစ်ကြီးတွေ သုံးထက်တော့ ဓါးတွေထက်တော့ အများကြီး နာကျင်မှုကို လျော့နည်းစေတာပေါ့ ။ ရှေးအကျဆုံး စတီးနဲ့ လုပ်ထားတဲ့ ပစ္စည်းဟာ အနှစ် ၄၀၀၀ လောက်သက်တမ်းရှိပြီး တွေ့တဲ့နေရာကတော့ Anotolia ဆိုတဲ့ အရပ်တဲ့ ။ ( ယခုခေတ် တူရကီနေရာ )
( စကားမစပ် တချိန်လုံး တူရကီ တူရကီဆိုလို့ မမေ့ခင် ထည့်ပြောချင်ပါတယ် ။ တူရကီဟာ ဂရိအင်ပါယာ ၊ ရောမအင်ပါယာ ၊ မွန်ဂိုအင်ပါယာ လက်အောက်ကို ကျရောက်ခဲ့ဖူးတယ် ။ ဒါကြောင့်အလွန်ရှေးကျတဲ့ ဂရိယဉ်ကျေးမှု ရောမယဉ်ကျေးမှုအကြွင်းအကျန်တွေ များစွာရှိရာနေရာတစ်ခုပါ )
- ရေချိုးပြီးတော့ သူဟာ တူရကီနိုင်ငံမှာ စတီထွင်ခဲ့တဲ့ တဘက်နဲ့ သုတ်ပါတော့တယ် ။ တူရကီနိုင်ငံက Bursa ဆိုတဲ့ မြို့ဟာ Turkish towel တွေထုတ်လုပ်တဲ့ မြို့ဆိုပြီး ခုထိ နာမည်ကြီးတုန်းပါတဲ့ ။ ပြီးတော့ ဦးလေးကြီးဟာ ကုလားထိုင်မှာ တင်ထားတဲ့ အ၀တ်အစားတွေကို ယူဝတ်ပါတယ် ။ ကုလားထိုင်ဆိုတာက ရှေးခေတ် အီဂျစ်တို့ ၊ ဂရိတို့မှာ တွင်ကျယ်စွာသုံးခဲ့တဲ့ ယဉ်ကျေးမှုတစ်ရပ် ဖြစ်ပါတယ် ။
- သူ့အကျီ င်္တွေဟာ ကွက်တိတိုင်းပြီးချုပ်ထားလို့ သူနဲ့ ကွက်စတိပါဘဲတဲ့ ။ အဲဒီအ၀တ်အစားတွေရဲ့ မူရင်းပုံစံဟာ ရှေးအာရှတိုက်သားတွေ ၀တ်တဲ့ တိရစ္ဆာန်သားရေနဲ့ချုပ်ထားတဲ့ အ၀တ်တွေက ဆင်းသက်လာမှန်း သူသိချင်မှလည်း သိမယ် ။ အဲဒီ အ၀တ်အစားတွေမှာ တပ်ထားတဲ့ ကြယ်သီးတွေရဲ့ ပုံစံဟာ ၁၃ ရာစုမှာ ဂျာမနီမှာ စသုံးခဲ့တယ်ဆိုတာလည်း သူသိချင်မှ သိမှာပေါ့ ။( မတိတော့ ဘာဖစ်တုန်းကွာ )
- ဒီလိုနဲ့ သူဟာ သားရေနဲ့လုပ်ထားတဲ့ ဖိနပ်ကို စီးတယ် ။ တိရစ္ဆာန်သားရေနဲ့ အသုံးအဆောင်တွေလုပ်နည်းကတော့ ရှေးအီဂျစ်တွေ တီထွင်ခဲ့ပြီး ဖိနပ်ရဲ့ ပုံစံကို ခြေရာခံရရင်တော့ ဂရိလူမျိုးတွေ ထွင်ခဲ့တဲ့ ဒီဇိုင်းပါတဲ့ ။ ဖိနပ်တွေ ပြောင်လက်နေရဲ့လားလို့ စစ်ဆေးတတ်ပေမယ့် အဲလိုလုပ်တာဟာ ဂရိလူမျိုးတွေက စတယ်ဆိုတာ သူမသိပြန် ။
- သူဟာ နက်ခ်တိုင် ( necktie ) ကို ကျွမ်းကျင်စွာ တပ်လိုက်တယ် ။ နက်ခ်တိုင်ဆိုတာကတော့ ၁၇ ရာစုလောက်တုန်းက ခရုတ်ထ် Croats လူမျိုး ( ခရိုးအေးရှား ၊ ဘော့စ်နီးယားဘက်မှ ဒေသခံများ ) တွေရဲ့ ၀တ်စားပုံဓလေ့က အကြွင်းအကျန်ပါ ။
- မှန်ထဲမှာ ကိုယ့်ကိုယ့်ကို အားရကျေနပ်စွာကြည့်လိုက်တဲ့ သူဟာ မှန်ရဲ့ မူလအစဖြစ်တဲ့ ပြောင်နေအောင် တိုက်ထားတဲ့ ကျောက်တုန်းကို Anatolia အရပ်ဒေသ ( လက်ရှိ တူရကီ ) မှာ သုံးခဲ့ကြောင်းနဲ့ လက်ရှိပုံစံ မှန်ကို ရအောင် တီထွင်ခဲ့တဲ့ ၁၉ ရာစု ဂျာမန်ပညာရှင် Justus von Liebig တို့အကြောင်း သိဖို့ လိုတယ်လို့ စာဖတ်သူ ထင်ပါသလား ။ ( ငါလည်း မသိဘူး )
- စတိုင်နဲ့ မလိုင်နဲ့ ၀တ်စားဆင်ယင်ပြီးသွားတဲ့ သူဟာ မနက်စာစားဖို့ အောက်ထပ်ကို ဆင်းလာခဲ့ပါတယ် ။ အဲဒီမှာလည်း ဘူမိနက်သန် အမေရိကန်မဟုတ်တဲ့ ပစ္စည်းတစ်ပုံတစ်ခေါင်းက သူ့ကို ကြိုနေပါတယ် ။ မုန့်၊ ကော်ဖီ ၊ အချိုရည်စတဲ့ စားကောင်းသောက်ဖွယ်တွေထည့်ထားတာက တရုတ်ကြွေတွေ မဟုတ်လား ။ စကားမစပ် China ဆိုတာ တရုပ်ပြည်တင်မကဘဲ ကြွေထည်ပစ္စည်းတွေကိုလည်း ခေါ်တဲ့နာမည်လေ ။ ဆိုလိုတာက ကြွေနဲ့ တရုတ် ၊ တရုတ်နဲ့ ကြွေခွဲမရလေတဲ့ သဘောပေါ့ ။ ဦးလေးကြီးဟာ ကိတ်မုန့်တစ်ပိုင်းကို ခက်ရင်းလေးနဲ့ ကော်ပြီး ဟန်ပါပါ စားလိုက်တယ် ။ စားသောက်ရာမှာ သုံးတဲ့ ခက်ရင်းကို ၁၄ နဲ့ ၁၆ ရာစုအတွင်းမှာ အီတလီတွေက တီထွင်ခဲ့တာလေ ။ ကြေးဇွန်းတို့ ၊ ငွေဇွန်းတို့ကိုတော့ များသောအားဖြင့် ဂရိတွေ ၊ ရောမသားတွေ သုံးခဲ့တာများသတဲ့ ။
- သူမနက်တိုင်း မသောက်ရမနေနိုင်တဲ့ ကော်ဖီရဲ့ စွမ်းပကားကိုတော့ အီသီယိုးပီးယန်းလူမျိုးတွေက အရင်ဆုံး သိခဲ့တာပါ ။ ဟဲဟဲ...ညက သောက်ထားတဲ့ ယမကာလေးတွေရဲ့ အရှိန်ကို ပျောက်အောင်လုပ်ဖို့ မနက်မှာ ကော်ဖီကတော့ လိုကိုလိုတယ်လေ ။ သြော် ...ဒါနဲ့ ယမကာအရက်သေစာတွေကိုတော့ ၁၁ ရာစုလောက်မှာ ဂရိလူမျိုး alchemist တွေက အရင်သုံးခဲ့တယ်လို့ ဆိုတယ် ။ ဘိုလိုတွေပါ ရေးနေလို့ ဘူးယိုလို့ မထင်လိုက်ပါနဲ့ ။ အဲဒီစကားတွေကို အဘိဓါန်မှာ ရှာလိုက ရှာနိုင်အောင် ထည့်ရေးထားတာပါကွယ် ။ တခါတလေလည်း ဘာသာပြန်ရတာခက်လို့ပါ ။
- alchemist ဆိုတာက မသေဆေး ( elixir of life ) ကို ဖော်ဖို့ ကြိုးစားတဲ့လူတွေကို ခေါ်တာပါ ။ မြန်မာလိုဆိုရင် ဇော်ဂျီဖြစ်ဖို့ ကြိုးစားတဲ့ လူတွေလို့ ဆိုရမလား မသိဘူး ။ သူတို့ရှာတဲ့ မသေဆေးကို ဓါတ်လုံး ( Philosopher's stone ) လို့လည်း ခေါ်ကြတယ် ။ အဲဒါနဲ့ ထိလိုက်ရင် အရာရာဟာ ရွှေ သို့မဟုတ် ငွေ ဖြစ်သွားသတဲ့ ။ ( တွေ့လား.....ငါတို့ချည်း ဂလို အယူရှိတာမဟုတ်ဘူးနော် ...အဖော်ရှိတယ် )
- ဆက်ရရင် တို့ဇာတ်လိုက်ကျော် ဦးလေးကြီးဟာ ကော်ဖီထဲကို ( အိန္ဒိယမှာ စတင်စပျိုးခဲ့တဲ့ ) သကြားတစ်ဇွန်း ခတ်လိုက်သတဲ့ ....။ အဲဒါနဲ့ မလုံလောက်သေး ခရင်မ်လေးလည်း ထည့်ဦးမှ ဆိုပြီး အာရှမိုင်းနားဒေသ ( ယနေ့ခေတ် တူရကီပတ်ဝန်းကျင် ) မှာ စတင် ထုတ်လုပ်သုံးစွဲခဲ့တဲ့ cream ကိုပါ ထည့်လိုက်ပါသေးတယ် ။ တခါတလေလည်း အမေရိကန်ဆန်ဆန် မနက်စာမှာ ( မြေထဲပင်လယ်ဒေသမှာ စိုက်လေ့ရှိတဲ့ လိမ္မော်ပင်တွေကလာတဲ့ ) လိမ္မော်ရည်လေးတစ်ခွက်လည်း ပါတတ်သေးတယ် ။ ဒါမှမဟုတ်လည်း ပါရှန်းဒေသထွက် သခွားမွှေး ၊ သိုမဟုတ် အာရှမိုင်းနားဒေသထွက် စပျစ်သီးနဲ့လုပ်တဲ့ စပျစ်ရည်လေးပေါ့ ။
- မနက်စာမှာပါတဲ့ cereal ( ဂျုံစေ့နဲ့လုပ်ထားတဲ့ အစားအစာ ) တွေကလည်း တကယ်တော့ အမေရိကန်မှာ စိုက်ပျိုးတာနည်းပါတယ် ။ ထောပတ်များများသုတ်ထားတဲ့ ဝေဖာတွေကတော့ စကန်ဒီနေးဗီးယားကျွန်းဘက်မှာ ဘူမိနက်သန် မွေးဖွားခဲ့တာပါ ။ အဲဒီနောက်မှာ အရှေ့တောင်အာရှဘက်က ကြက်တစ်ကောင်ကောင်ဥလိုက်တဲ့ ကြက်ဥကြော် စားပြန်တယ် ..... ။ ဒါမှမဟုတ်လည်း ဥရောပ မြောက်ပိုင်းမှာ စတီထွင်ခဲ့တဲ့ နည်းနဲ့ ကျပ်တိုက်ထားတဲ့ အသားတစ်မျိုးမျိုးတော့ ပါမှ သူက ကျေနပ်တတ်တယ်လေ ။
- စားပြီးလို့ အပြင်ထွက်မယ်ဆိုတော့ အရှေ့အာရှက ခြေသလုံးအိမ်တိုင်လျောက်သွားတတ်တဲ့ nomad တွေ စတင်အသုံးပြုခဲ့တဲ့ ဦးထုပ်ကို ကောက်ဆောင်းလိုက်တယ် ။ တကယ်လို့ မိုးရွာမယ့် အရိပ်အယောင်မြင်ရင်တော့ ရှေးခေတ်မက္ကစီကိုလူမျိုးတွေ တွေ့ရှိခဲ့တဲ့ ရာဘာသုံး ရှူးဖိနပ်တွေကို ထုတ်စီးတတ်တယ် ။ ပြီးတော့ လိုလိုမယ်မယ် ( အိန္ဒိယမှာ စသုံးခဲ့တဲ့ ) ထီးတစ်ချောင်းလည်း ယူသွားတာပေါ့ ။
- ကိုယ်တော်ချောဟာ တခါတလေလည်း ရထားလွတ်သွားမှာစိုးလို့ ဘူတာရုံကို အပြေးကလေး သွားတတ်တယ် ။ ရထား = လက်ရှိပုံစံရထားကို အင်္ဂလိပ်တွေ စတင်တီထွင်ခဲ့တာလေ ။
- ရထားဘူတာမှာ သတင်းစာဝယ်ဖို့ ခဏရပ်တယ် ။ အဲဒီမှာ ပေးလိုက်တဲ့ ပိုက်ဆံအကြွေစေ့က ခရစ်တော်မပေါ်မီ ( ၇ ) ရာစုမှာ Lydia ( ယခု တူရကီ ) မှာ စတင်သုံးခဲ့တယ် ။ ရထားပေါ်ရောက်လို့ စိတ်အေးလက်အေး သောက်တဲ့ စီးကရက်ရဲ့ မူလပေါက်ဖွားရာနေရာကတော့ မက္ကစီကို နိုင်ငံပါတဲ့ ......အဲ....တကယ်လို့သာ ဆေးပေါ့လိပ်သောက်မယ်ဆိုရင်တော့ ဘူမိနက်သန်နေရာက ဘရာဇီးလို့ ပြောရမှာပေါ့ ။
- ရထားစီးရင်း ဖတ်လိုက်တဲ့ သတင်းစာ ( စက္ကူ ) က တရုတ်ပြည်မှာ စထွင်ခဲ့ပြီး စာလုံးတွေကတော့ ရိုမန်လက်တင်စာလုံးတွေက ဆင်းသက်လာတာပေါ့ ။ သတင်းစာမှာ ပါတတ်တဲ့ တခြားနိုင်ငံတွေက သတင်းဆိုးတွေကို ဖတ်ရင်း သူဟာ အမေရိကန်ဖြစ်ရတဲ့ အတွက် ဘုရားသခင်ကို ကျေးဇူးတင်တတ်တယ် ။ သူကျေးဇူးတင်တတ်တဲ့ ယေရှုဘုရားသခင်ဟာ ဟီဘရူးလူမျိုးတစ်ယောက်လို့ များစွာသော သမိုင်းပညာရှင်တွေက ယူဆထားကြပါသတဲ့ ။
- ကျေးဇူးတင်စကားကို မသိမသာ ရေရွတ်ရင်း သတိမထားမိလိုက်တာက သူပြောတဲ့ အင်္ဂလိပ်စကားဟာ အင်ဒိုဥရောပဘာသာတွေ Indo-European languages ထဲမှာ ပါတယ်ဆိုတာပါဘဲ ။ '' အမေရိကန်စစ်စစ် ရာနှုန်းပြည့် ဖြစ်ရတာ ဂုဏ်ယူစရာပါဘဲ '' လို့ မကြာခဏစဉ်းစားမိတတ်တဲ့သူ သတိမထားမိလိုက်တဲ့ နောက်တစ်ချက်ကတော့ ရာနှုန်းဆိုတဲ့ အတိုင်းအတာကို တီထွင်ခဲ့သူဟာ ဂရိတွေဆိုတာပါဘဲ ။
- နောက်ဆုံးတချက်ဖြစ်တဲ့ America ဆိုတဲ့ စကားလုံးဟာ အီတလီပထ၀ီပညာရှင် Amerigo Vespucci ကို အစွဲပြုပြီး ထည့်ခဲ့တယ်ဆိုတာကတော့ အဝေးကြီးပေါ့လေ ........။
- ကဲ.......ဘာယဉ်ကျေးမှု ၊ ညာယဉ်ကျေးမှုလို့ ပြောတဲ့နေရာမှာ '' စစ်စစ် " ဆိုတာကြီးကို ထည့်ချင်သေးသလား ကိုယ့်လူ ။
- အဲဒီတော့ '' ယဉ်ကျေးမှု စစ်စစ် pure culture '' ဆိုတာ ကမ္ဘာပေါ်မှာ မရှိပါဘူးဆိုရင် ပြည်ပအားကိုး ပုဆိန်ရိုးလို့ ဆိုချင်မလားဟင် ။ လူ့သမိုင်းတလျှောက်မှာ အဲဒီလို culture လို့ ခေါ်တဲ့ ယဉ်ကျေးမှုတွေ ပေါင်းယှက်နေတတ်တာကို acculturation လို့ ခေါ်သတဲ့ ။ culture တိုင်းဟာ တခြား culture တွေနဲ့ ပေါင်းပြီး ဖက်စပ်ပုံစံတွေနဲ့ နောက် culture တွေအဖြစ် ပြောင်းလဲတည်ရှိနေတတ်ကြတယ် ။
ဟင်....ဒီလိုဆိုရင် ငါတို့က ကိုယ့်ယဉ်ကျေးမှုကို ကိုယ်မထိန်းသိမ်းရတော့ဘူးလားကွ ။ အဲဒီလို မဟုတ်ပါဘူး ။ ကိုယ်ဟာ ဘယ်သူပါဆိုတာကို ခွဲခြားသိမြင်စေတဲ့ national identity ကိုတော့ ထိန်းသိမ်းသင့်တယ် ။ ကိုယ့်တိုင်းပြည်အပေါ်မှာ ချစ်ခင်ပေးဆပ်လိုမှု သို့မဟုတ် မျိုးချစ်စိတ် Patriotism ဆိုတာလည်း ရှိသင့်ပါတယ် ။ ဒါပေမယ့် ဒူးနေရာဒူး တော်နေရာတော်လည်း ရှိသင့်တယ်ဆိုတာကို မမေ့လိုက်ပါနဲ့ ။
- အဲဒီ Patriotism အလွန်အကျွံ ဖြစ်ပြီး မျက်ကန်းမျိုးချစ်ဝါဒ Chauvinism ဆိုပြီး ဖြစ်မသွားဖို့လည်း လိုသေးတာပေါ့လေ .................။
( Miss International ကို ဆဲတဲ့ ကွန်းမန့်များကို ကြည့်ရင်း သတိရသွားလို့ ရေးမိတာဖြစ်သည် ။ ဆိုင်ချင်ဆိုင် မဆိုင်ချင် နေပါစေလေ )
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။