26 October 2012 |
By Popular News
ဆောင်းဦးလှိုင်က ဂီတပညာရှင် ကိုရဲလွင် ဆရာမ ဒေါ်သန်းမြင့်အောင် တို့နဲ့အတူ
အောက်တိုဘာလထဲမှာ အမေရိကကို လူမှုရေး အတွေ့ အကြုံ တွေဆွေးနွေးဖို့ အတွက် သွားရောက် ကြမှာဖြစ်ပါတယ်။ ဒီခရီးစဉ်က ၁လကြာမှာ ဖြစ်ပြီး အမေရိကရဲ့ မြို့၅မြို့မှာ ဆွေးနွေးပွဲ ပြုလုပ်မှာဖြစ် ပါတယ်။ ဆောင်းဦးလှိုင်ကို ခရီးစဉ် အကြောင်းလည်း မေးရင်း လူမှုရေး သမား တစ်ယောက်ရဲ့ ဘဝနဲ့ ပတ်သက်ပြီးလည်း မေးခွန်း ၅ခု ကဏ္ဍအတွက် မေးခွန်းတွေ မေးဖြစ် ခဲ့ပါတယ်။
မေး - "အညတရသူရဲကောင်း" ဆိုတဲ့အခွေရဲ့နာမည်နဲ့ ပတ် သက်ပြီး ကိုဆောင်းဦးအနေနဲ့ ရှင်းပြပေးစေ လိုပါတယ်။ အညတရသူရဲကောင်းဆိုတာ ဘယ်လိုလူမျိုးတွေကို ရည် ညွှန်းပါသလဲ။
ဖြေ - ကျွန်တော်တို့ တိုင်းပြည်ရဲ့ ဒီမြေ၊ ဒီရေ အတွက် ပေးဆပ်ခဲ့ကြ တယ်။ နိုင်ငံရေး၊ စီးပွား ရေး၊ ပြည်သူ့ဝန်ထမ်းတွေ၊ အားကစား အရေးတွေလည်း ပါတယ်။ နယ်ပယ် ရပ်ဝန်း အသီး သီးက ပေးဆပ်ခဲ့ကြတဲ့ သူရဲကောင်းတွေပေါ့။ ဒါပေမဲ့ မကျော် ကြားဘူး။ လူသိနည်းတယ်။ သူတို့ ကို စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ အားပေးမှု နည်းနေတယ်။ အဲဒါကို ပရိသတ်တွေသိစေ ချင်တယ်။ အများပြည် သူတွေ သိစေချင်တယ်။ အဲဒီစေတနာ နဲ့ အညတရသူရဲ ကောင်းတွေ ကို တွေ့ ကြရင် ဂုဏ် ပြုဖော်ထုတ် နှုတ် ဆက်စကား ပြော မယ်။ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာတွေကို အထောက် အပံ့ပေး ဖို့နှိုးဆော် တဲ့ အနေနဲ့ အညတရသူရဲ ကောင်းလို့ ပေးတာဖြစ်ပါတယ်။
မေး - အမေရိက ခရီးစဉ်အကြောင်းကို သိချင်ပါတယ်။ ဒီခရီးစဉ်က လူမှုရေးသမား တစ်ယောက်အနေနဲ့ သွားရမှာဆိုတော့ ပရိသတ်ကို ဘာများပြောချင်ပါသလဲ။
ဖြေ - နိုင်ငံခြားသွားတယ်ဆိုတာ သိပ်တော့ လိပ်ပြာမလုံဘူး။ ဘာကြောင့်လဲ ဆိုတော့ နိုင်ငံခြားသွားရတယ် ဆိုတဲ့ လူကို အထင်ကြီး ကြလို့ ဖြစ်ပါတယ်။ လူမှုရေးသမားတွေ နိုင်ငံခြားသွားရင်တော့သိပ်အထင်မကြီးကြပါနဲ့။ ကျွန်တော် တို့ အိတ်ထဲကနေ စိုက်သုံးရတာတွေ ရှိပါတယ်။ ဟိုကရလာတဲ့ ငွေကြေးတွေကို ရခိုင်ဒေသနဲ့ကချင်ဒေသတွေကို ပြန်လည်လှူ ဒါန်းသွားမှာ ဖြစ်ပါတယ်။ လူမှုရေးသမား ဘဝကိုယ့် အတွေ့အကြုံ တွေကို တင်ပြဆွေး နွေးပြောပြသွားမှာ ဖြစ်ပါတယ်။ တက်ရောက် အားပေးမယ့် ပရိသတ်တွေက အလှူငွေထည့် မယ်လို့ သိရပါတယ်။ အဲဒီ အလှူငွေတွေကို ရန်ကုန်ကို ပြန်ရောက်တဲ့အခါ ရခိုင်ဒေသနဲ့ ကချင်ဒေသကို ပြန်လှူမှာပါ။ ခေါင်းစဉ်လေး ကတော့ အဲဒီကလူတွေ စိတ်ကူးလေး နဲ့ပေး ထားတာရှိပါတယ်။ "ပန်းခရမ်းပြာရဲ့ အိပ်မက် များ"ပါ။ ဟိုမှာရောက်နေတဲ့ ကျောင်းသား ဟောင်းတွေက ဦးဆောင်ပြီး ကျင်းပတာ ဖြစ်ပါ တယ်။
မေး - လူမှုရေးသမား တစ်ယောက် အနေနဲ့ပြည်ပ သွားပြီး ဆွေးနွေးရတာနဲ့၊ အဆိုတော်တစ် ယောက်အနေနဲ့ ပြည်ပမှာ သီချင်း သွားဆိုရတာ ဘယ်လိုကွာခြားမှုရှိပါသလဲ။ ကိုဆောင်းဦး အနေနဲ့ကောဘယ်လိုအကြောင်းအရာ နဲ့သွားရတာကို ပိုပြီးဂုဏ်ယူပါ သလဲ။
ဖြေ - လူမှုရေးသမား တစ်ယောက် အနေနဲ့ သွားရတာ ပို ဂုဏ်ယူပါတယ်။ အဆိုတော် အနေနဲ့လည်းအများကြီး သွားခဲ့ဖူးတယ်။ အဆိုတော်ကတော့ ငှားရင် သွားလို့ရတာပဲလေ။ လူ မှုရေးသမားတစ်ယောက် အနေနဲ့ သွားရတာ တာဝန်ကလည်း တအား ကြီးပါတယ်။ အဆို တော်က ပွဲရှိတယ် ဆိုရင် ဒီတစ်ပွဲ ဆိုလိုက်ရင် ပြီး သွားပြီ။ လူမှုရေးသမားကျ တော့မပြီးဘူး။ ဆွေးနွေးရ တယ်။ နောက်ထပ်၅ ယောက် ထပ်ရောက်လာလည်း အဲဒီ ၅ယောက် နဲ့ ထိုင်ဆွေးနွေး နေရတုန်းပဲ။ပရိသတ်၃ဝဝ ရောက်လာရင် ၃ဝဝ နဲ့ဆွေး နွေးရတယ်။ လူမှုရေးသမား ကျတော့ကျွန်တော် ပင်ပန်း နေလို့ပါ ဗျာလို့ ပြောခွင့် သိပ်မရှိဘူး။ အဆိုတော်ကတော့ ကျွန်တော်ပင် ပန်းနေပြီဗျာ။ခဏလေးပါဗျာဆိုရင်ရတယ်။
မေး -တွေ့ဆုံဆွေးနွေးပွဲ တွေပြုလုပ်ရမှာဆိုတော့ ဘယ်လိုအကြောင်းအရာတွေကို အဓိကထားပြီး ဆွေးနွေးသွားမယ်လို့ စဉ်းစား ထားလဲ။
ဖြေ- ပြောဆိုဆွေးနွေးတဲ့အခါမှာ လက်ရှိ ပြည်သူလူထုရဲ့ ဘဝအခြေ အနေတွေပေါ့။ လူမှုရေးတွေက လုပ်ကြတယ်။ နိုင်ငံရေးသမား တွေကလည်း လုပ်တယ်။ နိုင်ငံရေးပါတီတွေ ကလည်း လုပ်တယ်။ကျောင်းသားခေါင်းဆောင် တွေကလည်း လုပ်တယ်။ လူမှု အဖွဲ့အစည်းတွေ ကလည်း လုပ်တယ်။ ဒါပေမဲ့ သေသေချာချာ အလေးအနက် ထားပြီး စဉ်းစား ကြည့်ကြပါ။ ဆင်ပါးစပ်ထဲ နှမ်း ပက်သလို ဖြစ်နေတယ်။ ဒီ ကွက်လပ်ကြီးက မပြည့်နိုင်တော့ဘူး။ အဲဒီ တော့အရင်း အမြစ်ကိုရှာမှ ဖြစ်တော့မယ်။ဆင်ပါးစပ်ထဲ နှမ်းပက်နေရုံနဲ့ မဖြစ်တော့ဘူး။ အရင်းအမြစ်ကို ရှာဖို့ တိုင်းသူပြည်သားအား လုံးမှာ တာဝန်ရှိ တယ်။ ကျွန်တော့်အနေနဲ့လှူနေရတာတို့၊လုပ်ဆောင်နေရတာတို့ကို ညည်းညူ ခြင်းမဟုတ်ဘူးနော်။ ကျွန်တော်ပြောချင်တာက ဒီအပေါက်ကြီး ပိတ်သွား မှဖြစ်မှာလေ။ ဒီအပေါက် ကြီးကို အားလုံးကလည်း ဝိုင်းပိတ်နေကြတယ်။ ဒါတောင်မပိတ်ဘဲနဲ့ ဒီအပေါက်ကြီးက ဒီ အတိုင်းပဲဆိုရင်တော့ မဟုတ်သေးဘူးပေါ့။
မေး - လူမှုရေးသမား တစ်ယောက်ရဲ့ဘဝကို ကိုဆောင်းဦး ပျော်မွေ့နေပြီလား။ တစ်ခါတလေ လိုအပ်ချက်တွေကို ဖြည့်ဆည်း ပေးနေရင်းနဲ့ ဘာကြောင့်ဒီအပေါက်ကြီးက ကျုံ့တောင်မကျုံ့သွားတာလဲဆိုပြီး စိတ်ထဲမှာတွေးမိမှာပေါ့။
ဖြေ - စလုပ်မိပြီဆိုရင် ရုန်းထွက်လို့မရတော့ ဘူး။ ကျွန်တော့်အနေနဲ့ တစ်ချက်၊ တစ်ချက် မှာတော့ ဘာကြောင့်ဒီအပေါက်က အရွယ်အစားအနေနဲ့ မကျုံ့ သွားတာလဲဆိုပြီး တွေးမိ တာပေါ့။ ဒီဒုက္ခလေးတွေကိုတိုင်းသူ၊ ပြည်သား အားလုံး ဝိုင်းဝန်းဖြေရှင်းလိုက်ရင် ပြေလည် သွားမှာပါ။ ဒီလူမှုဒုက္ခတွေက ၁ဝနှစ်ရှိနေ ဦးမယ်။အနှစ်၂ဝလည်းရှိနေဦးမယ်။ ကောင်းပြီ။ ၁ဝနှစ်၊အနှစ်၂ဝ လုပ်ရမှာပေါ့ ။ဒါ ကျွန်တော် တို့တာဝန်ပဲ။ ဒီမြေ၊ဒီရေမှာ ကြီးလာကြတာကိုး။ မွေးကြတာကိုး။ ဒါပေမဲ့ မဟုတ်ဘူး။ ထာဝရ ရှိနေမယ် ဆိုရင်တော့ အဓိပ္ပာယ် မရှိဘူး။ ဒါတစ် ခုခုမှားနေပြီ။ တစ်နေ့မှာ ဒီတိုင်းပြည်အတွင်းမှာ ရှိတဲ့ လူမှုရေး၊စားဝတ်နေရေးဒုက္ခတွေ အားလုံး ပြေလည်သွားပြီး ကျွန်တော်တို့ နိုင်ငံကတောင် တခြားနိုင်ငံကို သွားပြီးတော့ သူတို့ရဲ့ လူမှုရေး ဒုက္ခတွေကို ကူညီဖြေရှင်းပေးနိုင်တဲ့ အနေ အထားကို သွားရမှာလေ။ အဲဒီလို ရည်ရွယ်ချက် ထားရမှာပါ။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။