by Naung Taw Lay on Monday, October 29, 2012 at 12:32pm
လက်ပန်တောင်းတောင် ကြေးနီစီမံကိန်းနဲ့
ပတ်သက်ပြီး ပြဿနာဖြစ်ပေါ်နေတဲ့အနေအထားဟာ မထင်မရှားရှိနေခဲ့ရာမှ အုံးအုံးကြွ
ဖြစ်ပေါ်လာတဲ့ကိစ္စတစ်ရပ်ပါ။ အဲဒီဒေသကို သွားရမယ်ဆိုကတည်းက လက်ပန်တောင်းတောင်နဲ့
ပတ်သက်တဲ့သမိုင်းနောက်ခံ ၊ ဒေသခံတွေရဲ့ အခြေအနေ၊ ပြဿနာကြီးထွား လာရခြင်းရဲ့ အစ၊
နိုင်ငံရေးသမားရဲ့ ရှုထောင့် ၊ ကုမ္ပဏီတွေက ဘာကြောင့်ရပ်တန့်လို့ မရသလဲ ဆိုတာ
ကိုပါပြောပေးနိုင်ရင် ပိုပြီးပြည့်စုံတာပေါ့။ သက်ဆိုင်ရာတွေဆီက ဒီကိစ္စနဲ့ ပတ်သက်တဲ့
အခြေအနေ အရပ်ရပ်ကို မှတ်တမ်းပြုစုထားကိုပါ ရနိုင်ရင် ပြည်သူအများသိအောင်
ချပြပေးစေချင်တာပါ။
လက်ပန်တောင်းတောင်
သမိုင်းနောက်ခံ
ဒီတောင်တွေရဲ့ အမည်တွေဟာ ရှေးအစဉ်အဆက်
အခြေအနေတစ်ရပ်ကို အစွဲပြုပြီး တောတွေ အမည်သတ်မှတ်ခဲ့ကြတာပါ ။
ကံကုန်းကိုရောက်ရှိတဲ့အခါမှာ ဘကြီးဦးဘိုသန်းက ငြိမ်းပျောက်တောင်ဆိုတာ
ဒေါ်ငြိမ်းပျောက်ဆုံးသွားတဲ့နေရာဖြစ်လို့ ငြိမ်းပျောက်တောင်လို့ ခေါ်တယ်။
ဒေါ်ငြိမ်းကိုလိုက်ရှာရင်း ခမောက်ကျန်ခဲ့လို့ တောင်ခမောက်လို့ အမည်တွင်တဲ့အကြောင်း ၊
အခုနာမည်ကြီးနေတဲ့ တောင်ကြီးက မောင်ဖြစ်သူကို နှမက လက်ဖွဲ့လို့ လက်ဖွဲ့တောင်
(ခ)တိတိံတ နောက်ပိုင်းမှ အခေါ်ပြောင်းလာပြီး လက်ပန်တောင်းတောင်လို့ ခေါ်ဆိုလာကြတဲ့
အကြောင်း ပြောပါတယ်။ တောင်အားလုံးမှာ လက်ပန်တောင်းတောင် ဟာအကြီးဆုံးဖြစ်လို့သာ
လက်ပန်တောင်းကို ဦးတည်ပြောဆိုနေကြပေမယ့် ဆက်စပ်နေတာ တောင်(၃၃)လုံးရှိပါတယ်။
အဲဒီတောင်တွေရဲ့ အမည်တွေက နတ်တောင်၊ ကလန့်တောင်၊ ကျောက်တွင်းတောင်၊ ကျောက်တစ်
လုံးတောင်၊ ကျောက်ကြီးလိမ်ကြား၊ ခွေးပင်ကြား၊ မဲဆမ်မိ၊ ဟင်းဖိုကုန်း၊ ၀ါးရုံတောင်၊
တောင်ပြောင် ကြီး၊ ဘုရားတောင်၊ ရွှေစာလီကြား၊ ဂျောကျတောင်၊ ကပိန်းတောင်၊
ကျောက်ကြီးတောင်၊ စွန်တောင်၊ ကျာားလန်တောင်၊ မှန်ပြတောင်၊ တောင်မကျီး၊
တောင်လက်မောင်း၊ မြောက်လက်မောင်း၊ ရေစိမ်မန်ကျီးပင်ကြားတောင်၊ တောင်နီလေး၊
တောင်နီကြီး၊ နွားချေးတောင်၊ မြေနီကုန်းတောင်၊ ခွေးပင်ချောင်တောင်၊ မွန်းတည့်တောင်၊
ဘောင်မှည့် ပင်စခန်း၊ ခြင်္သေ့လက်ပင်တောင်၊စံပါယ်တောင်၊ ကြေးစင်တောင်၊ (တိတိ
ံတ-လက်ဖွဲ့တောင်) လက်ပံတောင်း တောင်၊ ငြိမ်းပျောက်တောင် စသည်တို့ဖြစ်ပါတယ်။
လက်ပန်တောင်းတောင်ဟာ
လယ်တီဆရာတော်ဘုရားကြီးရဲ့ တရားဌာနဖြစ်တာက တစ်ကြောင်း ၊ တောင်ပေါ်မှာ
အဏုမြူကပ်ကျော်စေတီတော်ကို ကန်လယ်ဆရာတော်ဘုရားကြီးက တည်ထားကိုးကွယ်ခဲ့တာ
လည်းရှိပါတယ်။ အဲဒါတွေကို မြတ်နိုးတန်ဖိုးထားတာက တစ်ကြောင်း၊ သာဓကတစ်ခုအဖြစ်
စပယ်တောင်ရဲ့ ဆိုးကျိုးတွေကို ခံစားဖူးထားတာကြောင့်လည်း ဒေသခံတွေက
နိုင်ငံရေးသမားတွေရဲ့ အကူအညီနဲ့ ဆန့်ကျင် ကန့်ကွက်နေကြခြင်းဖြစ်ပါတယ်။
ပြဿနာအစ
ရွှေနံ့သာလယ်သမားအရေး
စတင်ပေါ်ပေါက်လာချိန်နဲ့ လက်ပန်းတောင်းတောင် ကိစ္စဟာ တစ်ပြိုင်နက်ထဲတစ်ချိန်တည်းမှာ
ဖြစ်ပေါ်ခဲ့ပါတယ်။ ဘာသတင်းမှ ထွက်မလာတာကလွဲပြီး နိုင်ငံရေးသမားတွေ မရှိခင် ကတည်းက
စတင်ဆောင်ရွက်နေကြခြင်းပါ။ ဒီလိုလုပ်ကြဖို့ကလည်း ဂျာနယ်စာမျက်နှာမှာ
လက်ငုတ်လုပ်ကိုင် သူတွေသဘောမတူဘဲ ဆောင်ရွက်ခွင့်မရှိဘူးဆိုတာကို ထောက်ထားပြီး
သူတို့မြေကို သူတို့စတင်ကာကွယ် လာကြခြင်းဖြစ်ပါတယ်။ ၂၀၁၁ နှစ်ကုန်ပိုင်းမှာ
ဒီကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတကြီးထံကို ဒေသခံတွေက
တင်ပြတိုင်ကြားပြီးဖြစ်ပါတယ်။ အဲဒီနောက်မှာမှ ၀က်မှေးကျေးရွာသူကျေးရွာသားတွေ
လုပ်ကိုင်စားသောက်နေတဲ့ မြေတွေပေါ်မှာ စွန့်ပစ်မြေစာတွေ လာပုံတာကို မအေးနက်၊
မသွဲ့သွဲ့ဝင်း၊ မဖြူဖြူဝင်းတို့က ယောက်ျားတွေ ရှေ့ထွက်ရင် စွဲစိမှာ စိုးတာကြောင့်
ဦးဆောင်ပြီး လှုပ်ရှားခဲ့ရာကနေ စတင်ပါတယ်။ သူတို့တွေဟာ ယာမြေတွေပေါ်မှာ
မြေစာတွေလာသွန်တဲ့ ကားကို ကားရှေ့မှာ ၀မ်းလျှားမှောက်ပြီး ကျိတ်ရဲရင် ကျိတ်လိုက်
ငါ့အသက်အသေခံပြီး ကာကွယ်မယ်လို့ ဆုံးဖြတ်ခဲ့တယ်လို့ မအေးနက်က ရှင်းပြတယ်။
မသွဲ့သွဲ့ဝင်းကလည်း ထိုနည်း၎င်းပဲ မောင်းလာတဲ့ ကားရှေ့က မတ်တပ်ရပ် ပိတ်နေပြီး ယာထဲမှာ
စွန့်ပစ်မြေတွေ မပုံဖို့ တားမြစ်ခဲ့တယ်။
အဲသလို သူတို့တွေက လုပ်တာကို တရုတ်တွေက
တောင်ပေါ်ကနေ ကော့ပြတယ်။ ကျောက်တုံးတွေ နဲ့လှိမ့်ချတယ်။ အဲဒါကို ရဲတွေလည်း
ရှိပါလျှက် မြန်မာမိန်းခလေးတွေကို တရုတ်လူမျိုးတွေက မက်မက်ရိုင်းရိုင်း
စော်ကားခြင်းအပေါ်မှာ ဖြေရှင်ပေးဖို့ ပြောတဲ့အခါ စခန်းမှူးတွေကိုယ်တိုင်က
လုပ်ပေးလို့ မရဘူးတဲ့။ မအေးနက်တို့ ဒေါသထွက်ပြီး သားသမီးချင်းကိုယ်ချင်းမစာလို့
ဒီလိုပြောတာလို့ မြင်တယ်။ နောက်ထပ် မြေစာတွေသယ်လာတဲ့ကား ရောက်လာတော့ မြေစာပုံပေါ်ထိ
တက်ပြီး တားကြတယ်။ တောင်ပေါ်က အဲသလို လုပ်ပြတဲ့ကောင်တွေကို ကားစပါယ်ယာလိုက်လာတဲ့ ဗမာ
အလုပ်သမားလေးတစ်ဦးကိုမေးတယ်။ ဗမာ အလုပ်သမားလေးကလည်း သူသိတယ်။ အလုပ်ပြုတ်ရင်
ပြုတ်ပစေ။ ဖော်မယ်လို့ပြောတော့ ရဲတွေက မင်းက ဒီကိစ္စမှာ ဘာသိလို့လဲ ကော့ပြတယ်ဆိုရင်
ဘောင်းဘီချွတ်ပြီးကော့ပြတာလား ။ ဒီအတိုင်းကော့ပြတာလားတဲ့။ ကောင်လေးက
ဒီအတိုင်းကော့ပြတာဆိုတော့ အဲဒါကော့ပြတာ မဟုတ်ဘူး။ ထမင်းစားပြီး အညောင်းအညာပြေ
အကျောရှော့တာလို့ စခန်းမှူးက ကာဗာပေးပြီးပြောဆိုသတဲ့။
အဲသလိုကိစ္စကိုပဲ ဖြေရှင်းပေးဖို့
စခန်းပေါင်းစုံမှာ အရေးဆိုရာကနေ သူတို့ဖြစ်နေတဲ့ ကိစ္စကို ဥပဒေနည်းလမ်းအရ
ဘယ်လိုကာကွယ်လို့ ရမလဲလို့ တွေးတောကြံဆရင်းကနေ ကိုမျိုးရန်နောင်သိမ်းရဲ့
ဖုန်းနံပါတ်ကို ရတဲ့အခါမှာ ဆက်သွယ်ကြည့်တယ်။ ကိုမျိုးရန်နောင်သိမ်းက
လူကိုယ်တိုင်တော့ မလာဘူး။ မန္တလေးက ဦးကိုကိုကြီးတို့နဲ့ ချိတ်ဆက်ပေးတယ်။
ဦးကိုကိုကြီးတို့ကလည်း သူတို့တတ်နိုင်သလောက် ကူညီပါ့မယ်။ အဖွဲ့အစည်းတွေကိုလည်း
တင်ပြ အကူအညီတောင်းဖို့ လမ်းညွှန်တယ်။ အဲသလိုကနေ အင်တာဗျူးဖို့ရောက်လာတဲ့ ဒီဗီဘီ
သတင်းထောက် အမျိုးသမီးတစ်ဦးရဲ့ အကူအညီနဲ့ ၈၈မျိုးဆက်ကျောင်း သားများ
ကိုမျိုးသန့်တို့အဖွဲ့နဲ့ ချိတ်ဆက်မိတယ်။ ကိုယ်မျိုးသန့် ကွင်းဆင်းပြီး အခြေအနေကို
လာအကဲခတ် သွားတယ်။ ဒုတိယတစ်ခေါက် ထပ်ရောက်လာတယ်။ ပြန်သွားတယ်။ ဦးဇင်းတစ်ပါးနဲ့
မအေးနက် ၊ မသွဲ့သွဲ့ဝင်းတို့ ရန်ကုန်ရောက်လာပြီး ကိုမျိုးသန့်တို့ရုံးမှာ
အကူအညီတောင်းတော့ သူတို့ တတ်နိုင်သလောက် ကူညီပါ့မယ်။ တခြားအဖွဲ့တွေကိုလည်း
အကူအညီတောင်းဖို့ ၈၈ က လမ်းညွှန်လိုက်တယ်။ ဂျာနယ်မှာ မြေယာ ပျောက်လို့
ရန်ကုန်ရောက်လာသူများလို့ စပါလိုက်တယ်။ သူတို့တွေ ပြန်သွားကြပြီ။ နိုင်ငံရေး
အင်အားစုတွေ ရောက်မလာသေးခင်မှာပဲ ရွာလုံးကျွတ်ကလေးပါ မကျန် လက်သီးလက်မောင်းတန်းပြီး
ကန့်ကွက်တဲ့ အဆင့်ထိ ရောက်နေပြီ။
အစိုးရ အမြင်ရှင်းစေဖို့
အထက်ပါ အပိုဒ်ကို ဖော်ပြရခြင်းဟာ
တာဝန်ယူဖြေရှင်းပေးခြင်း မရှိတဲ့အစိုးရက နိုင်ငံရေး ပယောဂ ကြောင်
အခုလိုဖြစ်ရတာပါလို့ မဟုတ်သတင်း ထုတ်ပြန်မှာစိုးလို့ပါ။ ကိုမျိုးသန့်က
အခြေအနေကိုသုံးသပ်ပြီး ကိုဝေဠုကို ကိုင်တွယ်ဆောင်ရွက်ဖို့ တိုက်တွန်းတဲ့အခါမှာ
ကိုဝေဠုကလည်း ပျောက်ကွယ်သွားပြီဖြစ်တဲ့ စပယ်တောင်ရဲ့ သာဓကကို နမူနာထားပြီး
စံပါယ်တောင်ရဲ့ အကျယ်အ၀န်းဟာ လက်ပန်တောင်တောင်းရဲ့ ၁၀ပုံ ၁ ပုံသာရှိတဲ့အတွက်
စံပယ်တောင်ရဲ့ ဆိုးကျိုးတောင် ဒီလောက်ခံစားရရင် ဒီအရေးကိစ္စဟာ ပြည်သူ အားလုံးသိပြီး
ဒီစီမံကိန်းကြီး ရပ်တန့်မှ ဖြစ်မယ်လို့ ယုံကြည်တဲ့အတွက် လက်ခံစဉ်းစားပြီး
ဒေသခံတွေဘက် ကရပ်တည်ပေးခဲ့တယ်။ အခြေချလုပ်ကိုင်ဆောင်ရွက်နိုင်မယ့်
လုပ်ဖော်ကိုင်ဖက်တွေကိုပါခေါ်ပြီး လှုပ်ရှားခဲ့ကြ တယ်။
အာဇာနည် (၃)ဦးထောင်ကျ
ဒီအရေးကိစ္စမှာ မအေးနက် နဲ့
မသွဲ့သွဲ့ဝင်း ဟာ နိုင်ငံရေး ဘိုးအေကြီးတွေလို သက်ဆိုင်ရာရဲ့ စောင့်ကြည့်နေမှုကို
အမြဲခံခဲ့ရတယ်။ တစ်နေ့မှာ သူတို့တွေ မုံရွာဘက်ကမ်းကို ဘုရားဖူးသွားကြမယ့် ကိစ္စကို
သက်ဆိုင်ရာတွေက အထင်လွဲပြီး ကတို့ပို့တဲ့စက်လှေတွေကို ပိတ်လိုက်တယ်။ မဖြူဖြူဝင်းက
နေမကောင်း ဖြစ်နေချိန် ဆေးခန်းသွားဖို့လည်း ပါတယ်။ ကတို့တွေပိတ်လိုက်မှတော့ဖြင့်
ဒီလူမမာကို ဘယ်လိုကုမလဲ။ ကျန်တဲ့သူမသွားဘူး။ သူ့တစ်ယောက်နဲ့ အဖော်တစ်ယောက်ကို
ကူးခွင့်ပေးပြီး ဆေးခန်းသွားပြခွင့် တောင်းခဲ့တယ်။ လူဆိုတာလည်း
မခံချင်စိတ်ဖြစ်ပေါ်လာရင် ပိတ်ထားတဲ့ကြားက ဖွင့်ထွက်ကြတာပဲ။ သူတို့ဟာ
အရွဲ့တိုက်ပြီးတော့ကို မုံရွာဘက်ကမ်းကို နည်းလမ်းအမျိုးမျိုးနဲ့
ရောက်အောင်ကူးသွားပြီး ဘုရားသွားဖူးကြတယ်။ ရဲတွေလုပ်သမျှဟာ သူတို့အတွက်
အထူးအဆန်းတွေချည်းပဲ။ ဘုရားပေါ်ကို သူတို့တွေ တက်သွားတဲ့အချိန်မှာ ကျန်တဲ့သူတွေ
ဝင်လို့မရအောင် ပိတ်ထားလိုက်တော့တယ်။ မအေးနက်ကလည်း သူတို့ ရင်ဆိုင်နေရတဲ့ ပြဿနာနဲ့
ပတ်သက်လို့ အော်ချက်ထုတ်ပြီ။ ပြန်ချိန်တန်လို့ တံခါးဖွင့်ပေးဖို့ ၊
ပြန်ခွင့်ပြုဖို့ ပြောတော့ လမ်းမှာ ဟိုဟာသည်ဟာ မအော်ပါနဲ့လို့ တားသတဲ့။
မုံရွာမြို့ပေါ်က ပရိတ်သတ်တွေကတော့ ဘုရားနဲ့ ခပ်ခွာခွာကနေပဲ သူတို့ကို
စောင့်ကြည့်နေကြတယ်။ အဲဒီနေ့မှာပဲ သူတို့ဟာ အချုပ်ထဲကနေ ထောင်ထဲရောက်ရတယ်။
ထောင်ထဲရောက်တော့ မအေးနက်ဟာ ထူးဆန်းတဲ့
အိမ်မက်တစ်ခုမက်တယ်။ မအေးနက် နဲ့ မသွဲ့သွဲ့ဝင်းသာ ထောင်ထဲရောက်သွားတာဖြစ်ပြီး
မဖြူဖြူဝင်း အဖမ်းခံရတဲ့ အထဲမှာ မပါဘူး။ ညကြတော့ မအေးနက်ရဲ့ အိမ်မက်ထဲမှာ
မဖြူဖြူဝင်း ထောင်ဝင်းကြီးထဲကို ရောက်နေပြီလို့ အိမ်မက် မက်တယ်။ ဒါကို
မသွဲ့သွဲ့ဝင်းပြောပြတော့လည်း မသွဲ့သွဲ့ဝင်းက မယုံဘူး။ မဖြစ်နိုင်ပါဘူးပေါ့။
မနက်ကြတော့ မသွဲ့သွဲ့ဝင်းကို ထောင်အရာရှိက ခေါ်တွေ့ပြီး
စိတ်ခိုင်ခိုင်ထားဖို့ပြောတယ်။ မဖြူဖြူဝင်းဆီလိုက်ပို့တယ်။ ဆေးပုလင်းချိတ်နေရ တဲ့
မဖြူဖြူဝင်းကို မသွဲ့သွဲ့ဝင်းတွေလိုက်ရတဲ့အချိန်မှာ ရှုံးပွဲချငိုတော့တာပဲ။
အဲသလိုနဲ့ ထောင်ထဲမှာ မသွဲ့သွဲ့ဝင်းတို့ ညီအမကို မအေးနက်က ပြုစုရင်း နေခဲ့ရတယ်။
ထောင်ထဲမှာ သူတို့ကို ကောင်းကောင်းမွန်မွန် ထားတယ်။ ကောင်းကောင်းကျွေးတယ်။ ဒါပေသည့်
ကျွေးတာကို မစားဝံ့ကြဘူး။ ရေပဲ သောက်နေကြတယ်။ ဒီလိုနဲ့ (၇)ပြည့်တဲ့နေ့မှာ
ကိုမျိုးသန့် ၊ ကိုဂျင်မီတို့ရောက်လာတယ်။ သူတို့တွေလက်မှတ်ထိုးပြီး ထောင်က
လွတ်ခဲ့တယ်။ သူတို့(၃)ဦးဟာ ပညာရှိ က၀ိတွေ မဟုတ်ပေမယ့် သူတို့အရပ် သူတို့ကိုးကွယ်တဲ့
ဘာသာတရားကို ကာကွယ်ရင်း အာဇာနည် ဖြစ်ခဲ့ကြရသူတွေပဲ။
နိုင်ငံရေး လှုပ်ရှားမှု
နိုင်ငံမှာ အစဉ်အဆက် အစိုးရက
အလုပ်အကိုင်တွေ ဆောင်ရွက်ရာမှာ အများပြည်သူသိရှိခွင့်မရှိဘဲ ဖုံးကွယ်ပြီး
လုပ်ကိုင်တဲ့ အလေ့အထ ရှိတယ်။ နိုင်ငံရေးသမားတွေနဲ့ အစိုးရမှာ သိသိသာသာ ကွဲပြားတာ
အဲဒါပဲ။ နိုင်ငံရေးသမားတွေက ပြည်သူကိုချပြနိုင်ဖို့ ပြည်သူအင်အားနဲ့ Action
တွေလုပ်ကြရတယ်။ အမျိုးမျိုးသော Action တွေလုပ်ခဲ့လို့ ကိုဝေဠု ၊ ကိုဟန်ဝင်းအောင် ၊
ကိုအောင်စိုးတို့အတွက် ဒီနယ်မြေကို မလာရ ကန့်သတ်ခဲ့တယ်။ တွေ့ရင်ဖမ်းမယ်။
ပွင့်လင်းမြင်သာမှု
အစိုးရနဲ့ ပြည်သူ ပြဿနာတွေ
ထိပ်တိုက်ရင်ဆိုင်လာရတာ အစိုးရသစ်လက်ထက်မှာပါ။ အစိုးရ ဟောင်းက ဖုံးဖုံးဖိဖိ
ပြည်သူလည်း ဟခွင့်မရှိ လုပ်ကိုင်ဆောင်ရွက်ခဲ့တဲ့ အလုပ်တွေ။ ဒီမိုကရေစီအစိုးရ
လက်ထက်လည်းရောက်ရော တစ်နေရာကစ တစ်နိုင်ငံလုံး အော်ချက်ထုတ်ကြတော့တာပဲ။ အစိုးရ
ဟောင်းရဲ့ အမွေကို ဆက်ခံတဲ့ ပွင့်လင်းမြင်သာမှု ရှိသော အစိုးရလို့ ကြွေးကြော်ထားတဲ့
လက်ရှိအစိုးရဟာ ဒီစီမံကိန်း အခြေအနေနဲ့ ပတ်သက်ပြီး ဘာမှ ရှင်းချက်ထုတ်ခြင်း
မရှိဘူး။ ဒေသခံတွေ နိုင်ငံရေးသမားတွေကိုပဲ အပြစ်မြင် တယ်။ တောင်းဆိုတဲ့ အချက်တွေကို
လျစ်လျှူရှုတယ်။ တရုတ်ကုမ္ပဏီဖြစ်တဲ့ ၀မ်ပေါင်နဲ့ တပ်မတော်သားတွေ နဲ့ ဖွဲ့စည်းထားတဲ့
ဦးပိုင်ကုမ္ပဏီကို လုံခြုံရေး အစောင့်ချထားပေးပြီး အရှိန်မပျက် လုပ်ငန်း
ဆောင်ရွက်ဆဲပဲ။ ဟုတ်ပြီ အစိုးရက ဒေသခံတွေရဲ့ ဆူပူမှုအပေါ်မှာ ဒီနယ်မြေကို ၁၄၄
ထုတ်တယ်။ ၁၄၄ ဆိုရင် ဘယ်သူမှ မ၀င်ရပေါ့။ အဲဒီ ၁၄၄က ပြည်သူနဲ့ နိုင်ငံရေးသမားတွေကို
လက်တစ်လုံခြား တားတဲ့ ၁၄၄ပါ။ ၁၄၄ ဆိုတဲ့ ဥပဒေရဲ့ အထက်မှာ တရုတ် ၀မ်ပေါင် နဲ့ မြန်မာ
ဦးပိုင် နှစ်ခု ရှိသွားတဲ့ သဘောသက်ရောက်နေပါတယ်။
မုံရွာမြို့ဘက်ကမ်းက ပြည်သူလူထုက
လက်ပန်တောင်းတောင်ကြီးဟာ ဦးပိုင်လက်ချက် ၊ ၀မ်ပေါင် လက်ချက်နဲ့ ပျောက်ပျက်ရတော့မယ်
နောင်ဆို မြင်ရတွေ့ရမှာ မဟုတ်တော့ဘူး။ ဒီတောင်ကြီးကို ကြည့်ထား မှ ဆိုတဲ့
လှုပ်ရှားမှု ပုံစံတစ်မျိုးနဲ့ တနင်္ဂနွေနေ့တွေမှာ တောင်ကြည့်ပွဲလုပ်တယ်။ ကျွန်တော်တို့
ရှိနေစဉ် တောင်ကြည့်ပွဲ ရက်မှာတော့ မုံရွာဘက်ကမ်းကို ကူးလို့မရအောင် ကတို့ဆိပ်တွေ
ပိတ်ထားပြန်ပါတယ်။ ဒီဘက်က မအေးနက် ၊ မသွဲ့သွဲ့ဝင်းတို့ သွားရင် အင်တိုက်အားတိုက်
မာန်ပါကုန်မှာကို တိုင်းဒေသကြီး အစိုးရအနေနဲ့ စိုးရိမ်တဲ့ သဘောပါ။ ခိုင်းရာနေ
စေရာသွားတွေကတော့ ညွှန်ကြားတဲ့အတိုင်း လိုက်လုပ်ကြရ တာပေါ့။
သီးနှံလျော်ကြေး - မြေလျော်ကြေး
ရွာ(၄)ရွာ ပြောင်းရွှေဖို့
အစီအစဉ်တွေချပြီးသွားပြီ ရွာသစ်တွေလည်း တည်ပြီးသွားပြီ။ ရွာသူရွာသား တွေရော
ဆရာတော်တွေပါ ပင့်ဖိတ်ပြီး သာသနာ့အဆောက်အအုံပါ မကျန် ဖျက်စီးပြောင်းရွှေ့ရမယ်။
သဘောတူတဲ့သူတွေလည်း ရှိတယ်။ မပြောင်းရွှေနိုင်သူတွေကတော့ ယာသမားတွေ။ လက်လုပ်လက်စား
တွေကတော့ ကုမ္ပဏီထဲမှာ ၀င်ရောက်လုပ်ကိုင်နေသူတွေလည်း ရှိတယ်။ ပြောင်းဟယ်
ရွှေ့ဟယ်ဆိုတော့ ပြောင်းရွှေ့သွားကြတဲ့ လက်လုပ်လက်စားတွေအပေါ် ရွားသားအချင်းချင်း
အထင်အမြင်လွဲကြတယ်။ ရွာသစ်မှာက သွပ်မိုးအိမ်လေးနဲ့ လျှပ်စစ်မီးရတယ်။ အနေသာတယ်။
ယာသမားတွေကို ပိုင်ဆိုင်မှု အလိုက် သီးနှံလျှော်ကြေး (၃) နှစ်စာပေးတယ်။ ယာသမားတွေက
ပေးပါလို့ တောင်းတာမဟုတ်ဘူး။ ငွေတွေကို အိတ်လိုက် စစ်ကြည့်ခွင့်တောင် မရှိဘူး။
ပေးသလောက်ယူသွားကြရတယ်။ ယာဧက များရင် များသလောက် သိန်း (၁၀)ချီပြီး ရကြတာပေါ့။
အဲသလို ပေးပြီးတဲ့ နောက်ပိုင်းမှာ စွန့်ပစ်မြေစာတွေကို ယာထဲမှာ လာပုံဖို့
ကုမ္ပဏီဘက်က လုပ်လာတော့ လယ်သမားတွေက လက်မခံဘူး။ သူတို့ကို သုံးနှစ်ပဲ ပေးထားတယ်။
မြေစာတွေပုံလိုက်တော့ သူတို့ဘယ်လိုလုပ်ပြီး ပြန်လည် စိုက်ပျိုးစားသောက်မလဲ။ အဲဒီမှာ
သက်ဆိုင်ရာက ပေးထားပြီးသား (၃)နှစ်စာ သီးနှံလျော်ကြေးကို
မြေလျော်ကြေးအသွင်ဆောင်ပြီးပြောတယ်။ ပညာတတ်ကြီးတွေတော့ မဟုတ်ကြဘူး။ လိမ်တာကိုတော့
လိမ်မှန်းသိတယ်။
ဒေသခံတွေ အမြင်မှား
ကျွန်တော်တို့တွေ ဟိုရောက်တော့
တွေ့တိုင်းဆုံးတိုင်း ဒီကိစ္စမေးဖြစ်တာပဲ။ လှုပ်ရှားမှုတွေက တော့ အစဉ်မပျက်ရှိနေတယ်။
ဦးဝင်းကျော့မှူး နဲ့ ကိုဥက္ကာတို့ကလည်း ဒီအရေးမှာ ပါဝင်ရမယ်ဆိုတဲ့ ခံယူချက်နဲ့
နှစ်ယောက်တည်း တက်လာပြီး ဒေသခံတွေနဲ့ လက်တွဲလုပ်ဆောင်နေတယ်။ ကျွန်တော်တို့
ရောက်နေတဲ့ အချိန်မှာတော့ အဏုမြူ ကပ်ကျော်စေတီတော် ရွှေသင်္ကန်း ကပ်လှူဖို့ ဆရာစံ
သီးချင်းတွေ ၊ လက်ပန်တောင်း တောင် အတွက် ရေးသားသီကုံးထားတဲ့ သံချပ်တွေနဲ့
ရွာစဉ်လှည့်ပြီး အလှူခံပွဲ ကျင်းပနေတယ်။ ငွေအတွက် လုပ်တယ်လို့ အစိုးရဘက်က
မမြင်နဲ့အုံး။ Action တစ်ခုအနေနဲ့ ပဲ လုပ်ကြတာ။ ဒီအရေးမှာ ပြောင်းရွှေ့ ဖယ်ရှားရမယ့်
ကျေးရွာတွေက ရွာသူရွာသားတွေက အင်တိုက်အားတိုက်ရှိပြီး ညောင်ပင်ကြီးလို ရွာမျိုးက
ဒေသခံတွေက ဘာလို့ သွေးအေးနေကြတာလဲလို့ မေးမိတယ်။ အဲဒီတော့ တချို့ကလည်း
ဒီရွာသားတွေဟာ ငွေယူပြီးမှ ဒီလိုတွေလျှောက်လုပ်တယ်လို့ မြင်ကြတယ်။ အထက်က
ဆိုခဲ့ပြီးတဲ့အတိုင်း သီးနှံလျော်ကြေးသုံး နှစ်စာပေးပြီး မြေစာပုံသွားရင်
ဒီတောင်သူတွေနောက်နောင် ဘာဆက်လုပ်ကြမလဲ။ အဓိက စီးပွားရေးက စိုက်ပျိုးရေးနဲ့
မွေးမြူရေး။ အလိမ်ခံခဲ့ရတဲ့ ဖြစ်စဉ်တွေမှာ လိမ်တယ်သူတွေဟာ ပေါ်ပေါ်ထင်ထင် လိမ်တာ
မျိုးမရှိဘူး။ အဲသလိုပဲ လက်တစ်လုံးခြားလုပ်တယ်။ ထိထိရောက်ရောက် မပါဝင်နိုင်ကြတာလဲ
ကိုယ့်စီးပွားရေး အခြေအနေတွေကြောင့်ပါ။ လိုအပ်တဲ့ ကူညီပံ့ပိုးမှုတွေကိုတော့
ရွာပေါင်း(၂၆)လုံးက ပူးပေါင်းပါဝင်ကြပါတယ်။
ရွာသစ်သို့ သွားရောက်လေ့လာ
ဆည်တည်းရွာသစ်အဖြစ် တည်ပေးထားတဲ့
နေရာကို ကိုအောင်မျိုးဦးသွားတယ်။ တစ်ယောက်တည်း သွားတော့ မေးလို့မြန်းလို့က မရဘူး။
ဆည်တည်းရွာဟောင်းအ၀င်မှာ အန္တရာယ်ဇုန် ဆိုတဲ့ ဆိုင်းဘုတ်ရှိတယ်။ ၀င်ချင်တိုင်းဝင်
ထွက်ချင်တိုင်းထွက်တော့ မလုပ်ကြရဘူး။ ရွာသားတွေက ဂိတ်စောင့်နဲ့ ရဲလာလည်း စစ်ဆေးတယ်။
လူစိမ်းဝင်လာရင် စစ်ဆေးပြီးမှ ၀င်ခွင့်ပြုတယ်။ ကြိုတင်ချိတ်ဆက်ပြီးမှ
သွားရောက်နိုင်ခဲ့တယ်။ ဆရာတော်တစ်ပါးနဲ့လည်း မေးမြန်းလျှောက်ထားဖြစ်တယ်။
ဆည်တည်းရွာထဲက အဖွားဒေါ်အေးပိုက် ဆီကို ရောက်တော့ ဒီလိုယာမြေတွေ
သိမ်းဆည်းခံခဲ့ရတဲ့အပေါ်မှာ အဖွားဘယ်လို ခံစားလဲလို့ မေးမိတယ်။ အဖွားရှင်း
မပြတတ်ဘူးတဲ့။ စိတ်ထဲမခံမရပ်နိုင် ဖြစ်လာတဲ့ အခါမျိုးမှာ အူဂျာပေါက် သီချင်းတွေ
ဆိုဖြစ်တယ်။ ဂျပန်ခေတ်က သီချင်းတွေ၊ မဆလခေတ်က သီချင်းတွေပေါ့။
သူတို့လက်ရှိခံစားနေရတဲ့ ခံစားချက်တွေနဲ့ ထပ်တူကြပါတယ်။
ရွာသစ်ကို အဖွဲ့လိုက်သွားကြတဲ့အခါ
အိမ်ကောင်းကောင်းတွေ ဆောက်လုပ်ပေးထားတယ်။ ခြံကွက်ကတော့ ဒေသခံတွေ အမြင်အရ ကျဉ်းတယ်။
လျှပ်စစ်မီးသွယ်ပေးထားတယ်။ ဆည်တည်းရွာက ပြောင်းရွှေ့နေထိုင်သူ ၂၈ ဦးပဲရှိတယ်။
သူတို့တွေနဲ့ မေးမြန်းဖြစ်တော့ သူတို့ဟာ လက်လုပ်လက်စားတွေ ဖြစ်တဲ့ အတွက် ဒီမှာက
အနေသာတယ်။ တစ်အိမ်တစ်ယောက်နှုန်းနဲ့ ကုမ္ပဏီက အလုပ်ပေးထားတယ်။ သူတို့ နေထိုင်တဲ့
အိမ်ခြံတွေနဲ့ ပတ်သက်လို့တော့ ပြောစရာ စကားရှိနေတယ်။ အိမ်နဲ့ခြံအတွက် ဂရံလာပေးတော့
ယာယီပုံစံဖြစ်နေတယ်။ ဒေသခံတွေက ဘာတွေးသလဲဆိုရင် ခိုင်ခိုင်မာမာ မဟုတ်ရင်
သူတို့ဘုံပျေက်မယ်။ ယာယီကို လက်မခံဘူး။ ဘယ်သူမှ မယူကြဘူး။
ကုမ္ပဏီက မက်လုံးပေးတာလား
ရွာဟောင်းကနေ ရွာသစ် အိမ်အသစ် ၊
လျှပ်စစ်မီးရမယ်။ ဒါတွေဟာ ဒေသခံ ဆင်းရဲနွမ်းပါးသူတွေ အတွက် မက်လုံးပါ။ သို့ပေသည့်
လုံလောက်သော မက်လုံးလား။ ကုမ္ပဏီမှာ အလုပ်လုပ်နေတဲ့သူတွေ အလုပ်ခွင်မှာ
ကတောက်ကဆဖြစ်ရင် ဒါနဲ့ ကိုင်ပေါက်မှာလား။ ရေရှည်အကျိုးစီးပွားအတွက် လုပ်ငန်း
ကိုင်ငန်းမရှိရင် ဒေသခံတွေဟာ ဒိလိုနေရာမျိုးက ဒီလောက်အိမ်လေး မပြောနဲ့
လုပ်ကိုင်စားသောက်နိုင်တဲ့ အလုပ်မရှိရင် ရန်ကုန်မြို့က ကွန်ဒိုမှာ ခေါ်ထားတောင်
မနေဘူးလို့ ဦးနေမျိုးဝေက သုံးသပ်ပြောဆိုတယ်။ သူတို့တွေပြောင်းရွှေ့လာတဲ့အပေါ်မှာတော့
မပြောင်းရွှေ့တဲ့သူတွေက အမြင်မမှားသင့်ပါဘူး။ သူတို့အကျိုး အတွက်လည်း လိုအပ်ရင်
ဝိုင်းကူပေးကြရမှာပါ။ ဒီကုမ္ပဏီကြီးက သတ္တလုပ်ငန်းမရှိတော့လို့ ရပ်ဆိုင်းသွားမယ်။
ပြောင်းရွှေ့သွားမယ်ဆိုတဲ့ အခြေအနေမျိုးနဲ့ ရင်ဆိုင်လာရပြီဆိုရင် နေထိုင်သူတွေ
ဘုံမပျောက်ဖို့ ကုမ္ပဏီမက်လုံးပေးတာ မက်လောက်စရာတော့ မရှိသေးဘူးဆိုတဲ့အကြောင်း
နိုင်ငံရေးသမားဘက်က ပြောရအုံးမှာပဲ။
နိုင်ငံရေးသမားများ ခံယူချက် ကွဲလွဲ
နိုင်ငံရေးအင်အားစုတွေထဲမှာမှ
မျက်နှာမရှိတဲ့ မျက်နှာကြီးတဲ့ အင်အားစု နှစ်မျိုးခွဲရမှာပေါ့။ မျက်နှာကြီးရင်
သွားလေရာလူစည်တယ်။ အဲဒီကိစ္စမှာလည်း မျက်နှာကြီး နိုင်ငံရေးအင်အားစုထဲက အစိုးရ
စီမံကိန်းဖြစ်တဲ့အတွက် ဒေသခံတွေလည်း လက်လျော့ကြဖို့ ဆိုတဲ့အပေါ် ကွဲလွဲတော့တာပဲ။
နိုင်ငံတော် စီမံကိန်းလို့ ဆိုရအောင် ဦးပိုင်ကလည်း တပ်မတော်သားများပိုင် ၀မ်ပေါင်က
တရုတ်ကုမ္ပဏီ ။ အဲဒီမှာ ကိုယ့်လမ်းကိုယ်လျှောက်ဖြစ်ပြီး မျက်နှာကြီးအင်အားစုလည်း
လက်ရှောင်သွားတယ်။ လူငယ်အင်အားစုတွေ ပဲ ဆက်လက်ရပ်တည်နေတယ်။
ဥက္ကဌ တစ်ဦးပြုတ် - ရဲ နှစ်ဦးအဖမ်းခံရ
ဒီတိုက်ပွဲအစဟာ ကိုဇော်ဦးလည်း
ဖြစ်ကောင်းရာသည်။ ပြောင်းရရွှေ့ရမယ်ဆိုပြီး အစည်းအဝေးခေါ် တယ်။ ပြီးတော့
အစည်းအဝေးတက်ရောက်ကြောင်း လက်မှတ်ထိုးခိုင်တယ်။ လက်မှတ်ကို ဘယ်လိုအသုံးချမယ်
မသိဘူး။ ကိုဇော်ဦးက ၀က်မှေးဥက္ကဌ။ သူတစ်ဦးသာ လက်မှတ်မထိုးဘူး။ အကြောင်းပြချက်မလို။
အော်တို ပြုတ်တယ်။ စနစ်ဟောင်းရဲ့ လက်ကျန်။ ရဲတွေဟာလည်း ခိုင်းတာလုပ်ရ တဲ့ဘ၀။
ဒေသခံတွေနဲ့ အစောပိုင်းမှာ တင်းတင်းမာမာဖြစ်ခဲ့တယ်။ နောက်ပိုင်း သူတို့တွေဟာ
ဒေသခံတွေ အပေါ်နားလည်လာပြီး ဦးပိုင်နဲ့ ၀မ်ပေါင်ကို မကာကွယ်နိုင်တော့ဘူးဆိုလို့
ရဲနှစ်ဦး အဖမ်းခံထားရတယ်။
ဒီတိုက်ပွဲက ပြီးပြီလား
နိုင်ငံရေးအင်အားစုတွေမှာ
ပူးပေါင်းဆောင်ရွက်လိုသူတွေရှိသလို နာမည်ကောင်းဝင်ယူမှာကို မလိုလားတဲ့ သူတွေလည်း
ရှိနိုင်တယ်။ သို့ပေသည့် လုပ်သင့်လုပ်ထိုက်တာကိုတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့
လုပ်ကြတယ်။ ဒါဟာ အားရစရာတစ်ခုပေါ့။ လုပ်သင့်တာကို မလုပ်ဘဲနဲ့
လေကြီးမိုးကြီးဆိုရင်တော့ ကြီးကြီး ငယ်ငယ် မဆဲရုံတမယ်ပါပဲ။ ကိုဝေဠုတို့
ဆက်လက်ရပ်တည်ဖို့ မလွယ်တော့တဲ့အချိန်မှာ သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက် ညီငယ်တွေ
ကိုသော်ဇင်တို့ ကိုဗထူးတို့ ဆက်လက်ရပ်တည်နေတယ်။ ဦးဝင်းကျော့မှူးတို့
ကိုဥက္ကာတို့ကလည်း ကမ်ပိန်းတွေ ဖော်ဆောင်ပြီး ဒီစီမံကိန်း ရပ်တန့်သွားဖို့အထိ
ဆောင်ရွက်သွားမယ်။ တစ်ခါသေဖူး ပျဉ်ဖိုးနားလည်ဆသလို စပယ်တောင်လို
အဖြစ်မခံနိုင်တော့တာရယ် ၊ စံပါယ်တောင်မှာ တူးဖော်ထုတ်လုပ်သွားတဲ့ အစိုးရကတော့
ငွေစား ၊ ဒေသခံတွေကိုတော့ ရောဂါစားသွားမယ့် အဖြစ်မျိုးမရောက်လိုတာပါ။ အဲဒီအတွက်ပဲ
ဦးတည်တိုက်ပွဲဝင်သွားကြမယ့်သူတွေချည်းပဲ။ ဆရာစံသီချင်း ကိုသီဆိုပြီး အလှူခံထွက်တယ်။
သံချပ်တွေ သီဆိုတယ်။ ဘုရားရွှေသင်္ကန်းကပ်လှူပွဲနီးတော့ ရွားသားတွေ ဟာတောင်တက်လမ်း
သွားရှင်းကြတယ်။ ဒါကိုလည်း ရဲကား နှစ်စီးနဲ့ လာပြီးတာသေးတယ်။ နောက်ဆုံး
ရွှေသင်္ကန်းကပ်လှူတဲ့နေ့မှာလည်း တားမြစ်တာတွေရှိတဲ့ ကြားက လူထုအင်အားနဲ့
ပွဲပြီးဆုံးသည်အထိ ဆောင်ရွက်သွားခဲ့ကြတယ်။
အစိုးရ ရှင်းပါ
၁၄၄ ထုတ်ပြီး တားမြစ်ထားတဲ့ နယ်မြေမှာ
ဝမ်ပေါင်နဲ့ ဦးပိုင် ဘာလို့ဆက်လုပ်နေလဲ။ ဒီစီမံကိန်းက ရတဲ့ နိုင်ငံတော်ရဲ့
အကျိုးအမြတ်ကို ပြည်သူကို ပြပါ။ အကျိုးအမြတ် တကယ်ရရိုးမှန်ရင် နစ်နာသူ ဒေသခံ
ပြည်သူတွေရဲ့ အကျိုးကို ရှေးရှုပြီး စဉ်းစားပါ။ နေရာတကာ အစိုးရကိုချည်းအားကိုးတာ
မကောင်းဘူးဆိုတာ မှန်၏။ သို့ပေသော်ငြား လက်ရှိအစိုးရသစ်လက်ထက်မှာ မြေတစ်ကွက်မှ
မရောင်း ပေမယ့် အစိုးရ ဟောင်းက နောင်နှစ်ပေါင်း ဘယ်လောက်ကြာကြာအထိများ
မြေငှားဂရမ်တွေ ချထားပေးခဲ့သလဲ။ ပြည်သူတွေအကျိုးရှိမယ့် အလုပ်ဆိုရင် ဘယ်ပြည်သူကမှ
အပင်ပန်းခံပြီး ကန့်ကွက်မှာလည်း မဟုတ်ဘူး။ နိုင်ငံရေး သမားသွေးထိုးတိုင်း လည်း
ဟောဒီပြည်သူက တက်ကြွတဲ့ အမျိုးမဟုတ်ဘူး။ ကိုယ့်ဒေသ ကိုယ့်နယ်ပယ် နောက်ဆုံး
ကိုယ်ကျိုးစီးပွား ကို ထိပါးလာတဲ့အတွက် သေလည်းမထူး ဆိုတဲ့ဇာတ်ခင်းရတဲ့ ပြည်သူ။
အခုနောက်ပိုင်း ပြည်သူတွေရဲ့ လက်နက်ဟာ ဆန္ဒဖော်ထုတ်ခြင်းဖြစ်ပြီး
အကြောင်းအရာတိုင်းမှာ ဆန္ဒဖော်ထုတ်တာတွေ လုပ်တဲ့အထိ ဆန္ဒပြချင်လည်းပြ
အော်ချင်လည်းအော် ရေးချင်သလိုရေး ပြည်သူတွေ လုပ်ချင်ရာတော့ လုပ်ခွင့် ပြုတယ်။
ပြည်သူတွေ လုပ်ချင်သလို ငါတို့ကတော့ လုပ်မပေးနိုင်ဘူးလို့များ
ဆုံးဖြတ်ထားလေရော့သလားပဲ။ လက်ပန်တောင်းတောင် ကိစ္စမှ မဟုတ် ဘယ်အရေးကိစ္စကိုမှ
ထိထိရောက်ရောက် ဖြေရှင်းပေးခြင်း မရှိသေးပါ။
နောင်တော်လေး
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။