(တစ်)
ဟိုးခပ်ငယ်ငယ်တုန်းကတော့ အမေ့အိပ်ရာဝင် ပုံပြင်တွေထဲမှာ မှော်ဆရာ ဆိုတာကို စပြီးကြားဖူးခဲ့ပါသည်။ မှော်ဆရာနှင့်အတူ မှော်ပညာတွေ ရော၊ ဆယ့်နှစ်ကြိုးတွေရော၊ ကဝေတွေရော၊ တစ္ဆေတွေရော၊ စုန်းတွေရော၊ သိုက်တွေရော၊ အိုစုံလို့။ နောက်တော့ ကိုကိုလေး အမည်ခံ ဒဂုန် ခင်ခင်လေး၏ “မှော်ဆရာမှတ်တမ်း”ကို ဖတ်ရပါသည်။ တကယ့်မှော်ဆရာ ဇာတ်လမ်းတွေ။ ထို့နောက် ဆရာမြသန်းတင့် ဘာသာပြန်သော “မှော်ရုံတောမှာ မောလှပြီ” ပန်းချီကျော်ဂေါ်ဂင်၏ ဘ၀ပုံရိပ်။ ထို့နောက် ထူးအိမ်သင်၏ “မှော်ဆရာအိပ်မက်”သီချင်းအယ်လ်ဘမ်။ မှော်ဆိုတာ လှည့်စားတတ်တယ် ထင်ပါရဲ့။ သီတာဒေ၀ီ ပူဆာ၍ ရာမမင်းသား သမင်လိုက်ရင်း မျက်စိလည်သွားခဲ့ရသည့် တောမှာ မှော်ရုံတောပဲမဟုတ်လား။ နောက်တော့ လူ့ဘ၀ရဲ့ မှော်သားဆန်ဆန် အသက်ရှင်နေထိုင် ရုန်းကန်ရသော ဘ၀မှော်တောကြီးများရှိရာဆီသို့ တစ်ခါတစ်ခါ ရောက်သွားရပြန်ပါလေသည်။
(နှစ်)
မြန်မာနိုင်ငံ မြောက်ဖျားရှိ နာမည်ကျော် ဖားကန့်ဒေသ ကျောက်စိမ်းမှော်များရှိရာသို့ ရောက်သွားခဲ့ဖူးပါသည်။ “မှော်ဆိုတာ လုပ်ကွက်ကို ခေါ်တာဗျ”ဟု လိုရင်းတိုရှင်း ရှင်းပြသော ဒေသခံများနှင့်အတူ တစ်တောင်တက် တစ်တောင်ဆင်းကာ မှော်တွေထဲမှာ လျှောက်သွားခဲ့ဖူးပါသည်။ ချင်းတွင်းမြစ် အနောက်ဘက် ကမ်းပါးပေါ်က ဟုမ္မလင်း၊ ခန္တီး ဒေသတစ်ဝိုက် နာဂတောင်တန်းများဆီက ရွှေမှော်များ ရှိရာဆီသို့လည်း ရောက်ခဲ့ဖူးပါသည်။ ကမ္ဘာကြီးကိုယ်တိုင်က မှော်ရုံတောကြီးများလား။ သူ့ဝမ်းဗိုက်ကြီးထဲကနေ ဟိုနားဆီမှာ ကျောက်စိမ်းတွေ ထုတ်ပေးလိုက်။ သည်နားဆီမှာ ရွှေတွေထုတ်ပေးလိုက်။
သည့်အပြင် ပတ္တမြားတွေ၊ သဘာဝဓာတ်ငွေ့တွေ၊ ရေနံတွေ။ တစ်ခါက ရေနံများရှိရာဆီသို့ ဖျိုးခနဲဖျတ်ခနဲဆိုသလို ရောက်သွားဖူးပါသည်။ ရန်ကုန် ကနေ ပုဂံညောင်ဦးအထိ လေယာဉ်နှင့် ပျံသန်းချိန်က တစ်နာရီဝန်းကျင်။ ထို့နောက် လေဆိပ်ရှေ့ရှိ အဆင့်သင့်စောင့်နေသော ကားပေါ်သို့ တက်ကာ ပုဂံညောင်ဦးကနေ ဧရာဝတီမြစ်ကိုဖြတ်ပြီး အနောက်ဘက်ကမ်းပါးရှိ ပခုက္ကူသို့။ ထို့နောက် ချင်းတွင်းမြစ်ကိုယှဉ်ကာ သွားနေရင်း ရေစကြိုဘက်သို့ မလိုက်ဘဲ မြိုင်ဘက်သို့လှည့်ကာ မြိုင်ကနေ ကျောက်ခင်းလမ်းအတိုင်း လမ်းကြမ်းကြီးထဲ မောင်းချသွားလိုက်ရာ ဘောင့်ဘင်၊ ဗဟင်းစသည့် ရွာများကို ဖြတ်သန်းသွားပြီးသည့်နောက် တောင်ခြေအစပ်က ၀ယ်လောင်ရွာ၌ လမ်းဆုံးသွားပါသည်။ ၀ယ်လောင်ရွာ၏ အနောက် ဘက်၌ တန့်ကြည့်တောင်၏အဆွယ် တောင်တန်းခပ်ရွယ်ရွယ်က တောင်မြောက်တန်းလျက် ရှိပါသည်။ သူ့ဟိုဘက်မှာက ပုံတောင်ပုံညာ တောင်တန်း။ ရေနံမှော်တွေက ပေါက်နယ်နှင့် မြိုင်နယ်စပ်ကြား တန့်ကြည်တောင်စွယ်တွေ တစ်ဝိုက်မှာရှိနေခြင်း ဖြစ်ပါသည်။ ရေနံမှော်တွေထဲ ရှိရာဆီသို့ ကားနှင့်သွားဖို့ကတော့ မလွယ်လှ။
တရုတ်ဆိုင်ကယ်များသာ ဖုန်အလူးလူး၊ ရွံ့အလူးလူးဖြင့် အဆင်းအတက် ခက်ခဲလှသော မတ်စောက်ကျဉ်းမြောင်းသည့် တောင်ရိုးတောင်စွယ် လမ်းတွေပေါ်မှာ လွန်းထိုးနေကြခြင်းဖြစ်ပါသည်။ အားအကိုးရဆုံးကတော့ နွားလှည်းတွေ၊ ရေနံတိုင်ကီတွေကို သယ်တာလည်း သည်နွားလှည်း တွေ။ မှော်ထဲက စားသောက်ဆိုင်ကလေးများ၊ စတိုးဆိုင်ကလေးများအတွက် လိုအပ်သမျှ ပစ္စည်းတွေကို သယ်တာလည်း သည်နွားလှည်းတွေ။ ရေနံတွင်းတူးဖို့အတွက် လိုအပ်သမျှ သံပိုက်ကအစ မီးစက်အဆုံးကို သယ်တာလည်း သည်နွားလှည်းတွေ။ ရေနံတူးသူများ ခပ်သူများ ယာယီခိုနား နေထိုင်ဖို့ တဲဆောက်ရန် ၀ါးလုံးကအစ ၀ါးကပ်အဆုံးကို သယ်တာလည်း သည်နွားလှည်းတွေ။ “ခေတ်အဆက်ဆက်ကတော့ ဓားမဦးချမြေမှာ စိုက်ပျိုးစားသောက်လာကြတာပေါ့ဗျာ။ အခုတော့လည်း မှော်တောပေါ့။ ၁၉၉၈ လောက်တုန်းက ဦးဖိုးနီဆိုတဲ့လူကြီးကစပြီး စမ်းတူးကြည့်တာ။ အဲသည့် ဦးဖိုးနီကလည်း ဆူးဝင်းဘက်မှာ အင်္ဂလိပ်ခေတ်က တစ်ပိုင်တစ်နိုင် ရေနံတွင်းကလေးတွေ တူးခဲ့ကြဖူးတာကို သိထားတော့သည်မှာလည်း ရမယ်ထင်ပြီး တူးကြည့်တော့ အဲသမှာ ရေနံရတာနဲ့ သူလိုက်တူး ကိုယ်လိုက်တူး တူးကြရင်း ခုလိုများလာတာဆိုပါတော့” ဟုတ်ပါသည်။
ဆူးဝင်းဘုရားလေး ကုန်းဘက်က မှော်တွေက အင်္ဂလိပ်ခေတ်ကတည်းက လက်စလက်နရှိခဲ့ဖူးသော မှော်များဖြစ်ပါသည်။ အခုဝယ် တောင်ရွာ ပတ်ဝန်းကျင်မှာက ၀ယ်တောင်တရုတ်ကုန်းမှော်တဲ့။ ၀ယ်တောင်ဆီ ကြည်ကုန်းမှော်တဲ့။ ၀ယ်တောင်ကျောက်စ လောင်းမှော်တဲ့။ ၀ယ်တောင် တောင်ကြပ်မှော်တဲ့။ ၀ယ်တောင် ထောက်ခွမှော်တဲ့။ မှော်တွေ မှော်တွေ။ ရေနံမှော်ကလေးတွေ။ တောင်ကုန်း တောင်တန်းတွေကြားမှာ ဟိုနားဆီမှာ ရေနံတစ်တွင်း၊ သည်နားဆီမှာ ရေနံတစ်တွင်း။ ဟိုနားဆီမှာ တဲအစုစု သည်နားဆီမှာ တဲအစုစု။ ပေါက်တို့ မြိုင်တို့ ရေစကြိုတို့ဝန်းရံ စသည့် နယ်မြေမို့လားမသိ။ သနပ်ခါးပင်တွေကတော့ ဘယ်နေရာကိုကြည့်ကြည့် မိုးတိုးမတ်တတ်။ အ၀ီစိတွင်းတူးသလို နှစ်လက်မသံပိုက်ကို မြေကြီးထဲ ပေတစ်ထောင်၊ တစ်ထောင့်ငါးရာဝန်းကျင်အထိ စက်နှင့်တူးသွင်းကာ ရေနံကြောကို ရှာကြရသည့် လုပ်ငန်းဖြစ်ရာ တွေ့သည်လည်းရှိ မတွေ့သည် လည်းရှိမို့ မှော်ဆန်သည်ကတော့ အမှန်ပဲဖြစ်ပါသည်။ ရေနံကြောကိုတွေ့ကာ ရေနံကလည်း အထွက်ကောင်းပြီ ဆိုလျှင်ဖြင့် မှော်ပေါက်သည်ဟု သူတို့ဆိုကြပါသည်။
မှော်ပေါက်သော ရေနံတွင်းတစ်ကွင်းဘေးသို့ ရောက်သွားပါသည်။ ရေနံအကြည်က ပိုက်ခေါင်းကနေ တဗွမ်းဗွမ်းထွက်ကျနေရာ ခပ်၍မနိုင်တော့။ မြေကြီးကိုကျင်းတူးကာ တာလပတ်ဖြင့်ခံပြီး ခပ်ယူနေကြရပါသည်။ “သည်မှော်ကပေါက်တာ လေးငါးရက်ပဲ ရှိသေးတယ်။ တစ်နေ့ တိုင်ကီအလုံး ငါးဆယ်” ကြားရုံနှင့်လန့်သွားလောက်သည့် ကိန်းဂဏန်းဖြစ်ပါသည်။ ရေနံအကြည်က တိုင်ကီတစ်လုံးကို တစ်သိန်းနှစ်သောင်း ဈေးလောက် ပေါက်နေရာ အလုံးငါးဆယ်နှင့် မြှောက်လိုက်ပေတော့။ ရေနံချေး အနှစ်တွေချည်းပဲ ထွက်သည့်တွင်း တစ်ခုနားသို့လည်း ရောက်သွားပါသည်။ သည်တွင်းကတော့ ခပ်တွင်း။ စက်ဖြင့်မောင်းကာ ရေနံချေးကို အပေါ်သို့တက်လာအောင် ငင်ယူပြီး ပုံးထဲသို့ခပ်ထည့်နေရခြင်း ဖြစ်ပါသည်။ “တစ်နေ့လုံးမှ ရေနံချေးက သံပုံးလေးငါးလုံးစာပဲ ရတော့တယ်။ တွင်းကခန်းစပြုပြီလေ” ရေနံဈေးကတော့ တိုင်ကီတစ်လုံးကို ကိုးသောင်းဝန်းကျင် သာ ဈေးပေါက်ပါသည်။ သူ့ဈေးနှင့်သူ မဆိုးလှသော်လည်း တွင်းက ခန်းစပြီးမို့ အားမကိုးလောက်တော့။
“တဗွမ်းဗွမ်းထွက်နေတဲ့ ရေနံအကြည်တွင်းတွေက အလွန်ဆုံးခံလှရင် ခြောက်လပေါ့။ စိမ့်ထွက်နေတဲ့တွင်းရယ် ရေနံချေး တွင်းရယ်ကတော့ ကံကောင်းရင် သုံးလေးနှစ် ဆက်ထွက်နေတတ်တယ်” ဒေသခံက မှော်ပုံကြမ်းကို အဆက်မပြတ်ဆိုသလို ပါးစပ်ဖြင့် ရေးခြစ်ပြ၍သာ နေပါသည်။ မှော်ဆရာတွေကတော့သည် မှော်တောထဲမှာ တစ်တွင်းခန်းသွားလိုက် နောက်တစ်တွင်း ထပ်စမ်းလိုက်။ “ဓားမဦးချ စိုက်ပျိုးစားခဲ့တဲ့ မြေတွေဆို တော့ ပိုင်ရှင်ရှိတယ်ပေါ့။ သူ့မြေထဲမှာ ကိုယ်ကရေနံဝင်တူးရင် တိုင်ကီခုနစ်လုံး။ ဒါမှမဟုတ် ရှစ်လုံး။ ဒါမှမဟုတ် ကိုးလုံးထွက်ရင် မြေရှင်ကို တစ်လုံး ပေးရတယ်။ တွင်းတစ်တွင်းတူးတဲ့ စရိတ်ကလည်း သိန်းတစ်ရာ တစ်ရာ့ငါးဆယ် ၀န်းကျင်ဆိုတော့ တချို့မြေရှင်က ပထမတွင်းကို ကြိုက် သလောက်ထွက်၊ လုံးဝမယူဘဲ အလကားပေးတာမျိုးလည်း ရှိတတ်ပါတယ်” ရေနံက ဆောင်းတွင်ပိုထွက်တတ်ပြီး နွေ၌ ဆွံ့အသွားလေ့ရှိသည်ဟု ဆိုပါသည်။ ၀ယ်တော်ရွာက တစ်လကို တိုင်ကီအလုံး သုံးထောင်ခန့်ထွက်ပြီး သည်နားတစ်ဝိုက် မှော်တွေကနေ လစဉ်အလုံး တစ်သောင်းလောက် ထွက်သည်ဟု ဆိုပါသည်။
သည်ကနေ ရေနံချက်သည့် မုံရွာ၊ ကျောက္ကာ ဒေသများသို့ သယ်ယူကြရခြင်းဖြစ်ပါ၏။ ၀ယ်လောင်က ရပ်ရွာဖွံ့ဖြိုးရေးအတွက် ရေနံတစ်တိုင်ကီ သယ်ဆောင်သွားတိုင်း ငွေ ၈၀၀၀ (သို့မဟုတ်) ၉၀၀၀ ကောက်ယူကာ ရပ်မိရပ်ဖ တာဝန်ရှိသူများနှင့် ရန်ပုံငွေ စုဆောင်းကြသည်ဟု ဒေသခံ တချို့က ရှင်းပြလာပါ၏။ သည်ရန်ပုံငွေက ဒေသဖွံ့ဖြိုးရေးအတွက် တကယ့်ကို အသုံးချသင့်သည့် ငွေပဲဖြစ်ပါသည်။ လျှပ်စစ်မီးရဖို့။ ကတ္တရာ လမ်းခင်းဖို့။ စာသင်ကျောင်းဆောက်ဖို့။ ဆေးရုံဆေးခန်းဆောက်ဖို့။ စာကြည့်တိုက်ဆောက်ဖို့။ စသည်ဖြင့် စသည်ဖြင့်။
သဘာဝ သယံဇာတဆိုသည်က အမြဲတမ်းမထွက်။ အချိန်တန်တော့ ခန်းကြမြဲခြောက်ကြမြဲ။ ကာရာအိုကေလေးဆိုလိုက်။ Black Label လေး သောက်လိုက်၊ ပခုက္ကူတို့၊ မကွေးတို့ဘက်သို့ တက်ကာ အညောင်းအညာဖြေလိုက်၊ ကိုယ်ပိုင်ကားကြီးတွေကို တောလမ်းတွေထဲ ၀ုန်းဒိုင်းကြဲ ဖြတ်မောင်းသွားနေလိုက်နှင့် ကျေနပ်ကာ အနာဂတ်ကို မျက်စိမှောက် မနေဖို့ကိုတော့ ဆရာချစ်ဦးညိုတို့ မနုနုရည် (အင်းဝ) တို့ကိုယ်စား ကျွန်တော်က သတိပေးခဲ့မိပါသည်။ မှော်ရုံတောတွေက ပဉ္စလက်ဆန်လှသည် မဟုတ်လား။ ရေနံမှော်တွေကရော ဘာသားနဲ့ ထုထားလို့တဲ့တုံး။ ဘယ်နေ့ခန်းမလဲ မသိ။ ဘယ်နေ့ခြောက်မလဲ မသိ။ အခုတော့ မှော်ဆရာအိပ်မက်တွေ မက်ကာ မှော်ရုံတောမှာ မောကြပေဦးပေါ့။ ။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။