Published on Tuesday, 30 October 2012 06:45
မကြာသေးမီက
Facebook ပေါ်တွင် အောက်ပါ post လေးတစ်ခုကို တွေ့လိုက်ရပါသည်။
ပညာရေး
ပြောင်းချင်ရင် ဒီလူတွေကို အရင်ပြောင်းဖို့လိုတယ်။
- ဗိုလ်မှူးအေးကြူ - ဒုတိယဝန်ကြီး
- ဗိုလ်မှူးဘိုဝင်း - ညွှန်ချုပ် (ပညာရေးစီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန)
- ဗိုလ်မှူးကိုကိုတင် - ဒု ညွှန်ချုပ် (ပညာရေးစီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန)
- ဗိုလ်မှူးကျော်စိုး - ဒု ညွှန်ချုပ် (ပညာရေးစီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန)
- ဗိုလ်မှူးကြီးကျော်သူ - ညွှန်ချုပ် (အမှတ်(၁)အခြေခံပညာဦးစီးဌာန)
- ဗိုလ်မှူးမျိုးညွှန့် - ဒုညွှန်ချုပ် (အမှတ်(၁)အခြေခံပညာဦးစီးဌာန)
- ဗိုလ်မှူးကြီးအေးလွင် - ညွှန်ချုပ် (အမှတ်(၂)အခြေံပညာဦးစီးဌာန)
- ဗိုလ်မှူးရဲလွင်အောင် - ဒုညွှန်ချုပ် (အမှတ်(၂)အခြေခံပညာဦးစီးဌာန)
- ဗိုလ်မှူးကြီးမျိုးမြင့် - ညွှန်ချုပ် (အမှတ်(၃)အခြေခံပညာဦးစီးဌာန)
- ဗိုလ်မှူးကြီးအုန်းမြင့် - ညွှန်ချုပ် (ပညာရေးသုတေသနအဖွဲ့နှင့် မြန်မာနိုင်ငံစာစစ်ဥက္ကဌ)
ဝန်ကြီး အဆင့်မှာ စစ်တပ်ကလာလာ နိုင်ငံရေး ပါတီက လာလာပါ ဘယ်ဌာနမှာပဲ ဖြစ်ဖြစ် ညွန်ချုပ်၊ ညွန်မှူးအဆင့်ဆိုတာ operation ကို နောကျေနေတဲ့သူတွေ ဖြစ်ဖို့လိုပါတယ်။
Alex Rain
အထက်ပါစာစုလေးကို
တင်လိုက်သူက မည်သည့်ရည်ရွယ်ချက်နှင့် တင်လိုက်သည်တော့မသိ။ ကျွန်တော့် အမြင်ကတော့
ပညာရေးဌာနသို့ စစ်တပ်မှပြောင်းဝင်လာသူတွေ ဤမျှ များလာခြင်းအပေါ် များစွာ
စိတ်မကောင်းတော့ဖြစ်မိသည်။
စာသင်ခြင်းနှင့်
စစ်တိုက်ခြင်းသည် မတူပါ။ စာသင်ခြင်းတွင် အနုပညာ၊ အတတ်ပညာ၊ အသိပညာ၊ စာနာ
ထောက်ထားခြင်း၊ သနားကြင်နာခြင်း၊ ပေးဝေမျှယူ ခံစားမှုရှိခြင်းစသည့် အနုပညာပေါင်းစုံ
ပါဝင်နေပါသည်။ စစ်တပ်က စစ်သားတွေ ပညာရေးလောကထဲရောက်လာပြီး အုပ်ချုပ်ရေးကို
ကိုင်တွယ်ခြင်းသည် ပညာရေး ဌာနအတွက် ကောင်းရန်လော၊ ဆိုးရန်လောဆိုသည်မှာ
ရလဒ်များဖြင့် တိုင်းတာရမည်သာဖြစ်ပါသည်။ ၁၀ စု ပေါင်းများစွာ စစ်သားများ
ပညာရေးလောကတွင် စိုးမိုးလာခဲ့ပါသည်။ မြန်မာ့ပညာရေး ဘာတွေ တိုးတက်ပြောင်း
လဲသွားပါသနည်း။
မကြာသေးမီက
7 Day News Journal တွင် “အစိုးရဌာနများအတွင်းက မိုးကျရွှေကိုယ်များ” ဆိုသည့်
ဆောင်းပါးကို ဖတ်လိုက်ရသည်။ ရေးသူမှာ ထွန်းခိုင်ဟုသိရပြီး မြတ်စုမွန်၊ အိဖြူမွန်၊
ဝတ်ရည်အောင် တို့က အားဖြည့်ထားသည်ဟု ဆိုထားသည်။ သူတို့က အဖွင့်မှာကတည်းက
“အရပ်ဘက်အစိုးရဌာနများအတွင်း
မိုးကျရွှေကိုယ် တပ်မတော်အရာရှိများ ဝင်ရောက်တာဝန် ထမ်းဆောင်ခြင်း က လုပ်သက်ရှိ
အရပ်သားဝန်ထမ်းတို့အား မျှော်လင့်ချက်ကင်းမဲ့စေ” ဟုဖွင့်ထားသည်။ ဆက်ပြီး
“သူတို့အခေါ်
လေထီးတပ်သား (သို့မဟုတ်) မိုးကျရွှေကိုယ်များဟု လူသိများသည့် တပ်မတော်မှ ပြောင်းရွှေ့
လာသည့် လုပ်ငန်းမကျွမ်းကျင်သူများအား ရာထူးကြီးကြီးပေးကာ ဌာနအတွင်းရှိ
ကျွမ်းကျင်သူများ အထက်တွင် ထားရှိစေခြင်းသည် အဆိုပါဝန်ထမ်းများအတွက်
အနာဂတ်မျှော်လင့်ချက် ပျောက်သွားကာ လုပ်ချင် ကိုင်ချင် စိတ်များ ကုန်ခမ်းစေသည့်
အချက်များအနက် တစ်ခုဖြစ်ကြောင်း အငြိမ်းစားနှင့် လက်ရှိ လုပ်ကိုင်နေသည့် ဌာနဆိုင်ရာ
ဝန်ထမ်းများက ပြောကြားသည်” ဆိုသည့် ထောက်ပြချက်လေးသည် စဉ်းစားစရာဖြစ်လာပါသည်။
ကျွန်တော့်ကိုယ်တွေ့လေး
ပြောပြချင်ပါသည်။ ဖိုးသူတော်ကတော်တော် မယ်ဘော်ကကဲကဲတွေ ထိုတပ်မတော် သားတွေရောက်လာမှ
ဖြစ်ကြသည့် အကြောင်းဖြစ်သည်။
၁၉၈၈
ခုနှစ် အရေးအခင်းပြီးသည့်နောက်တွင် ပညာရေးဌာန တိုင်းအဆင့်ရာထူးကြီးတွေလည်း
ပြောင်းလဲမှုများ သည်။ အရေးအခင်းတွင် ခပ်ဆိုးဆိုး တိုင်းမြို့များသို့ ခပ်ဆိုးဆိုး
အရာရှိဆိုးတွေရောက်လာသည်။ ထိုအထဲတွင် ကျွန်တော်တို့ ပဲခူးမြို့လည်းပါသည်။
တိုင်းအဆင့်အရာရှိတစ်ယောက်ရောက်လာပြီး အဟိန်း အဟောက်များ ကြားတွင် ပညာရေးဌာနမှဆရာ
ဆရာမများ စိတ်တွေပင်ပန်း ညှိုးနွမ်းကြရသည်။ ပိုဆိုးသည်က စစ်တပ်စကား ကို ထို
အရပ်သားအရာရှိများ အငှားသုံးလာကြခြင်းဖြစ်သည်။
“ရေဗူးပေါက်တာ
မလိုချင်ဘူး။ ရေပါတာပဲလိုချင်တယ်” ဟု အစည်းအဝေးတိုင်းတွင် မကြာခဏ ပြောလာခြင်း က
ကျွန်တော်တို့ ပညာရေးဌာနနှင့် မည်သို့မျှ မအပ်စပ်သဖြင့် စိတ်ပျက်စရာကောင်းလှသည်။
ဆရာလောက တွင် အကြင်နာမေတ္တာတွေဖြင့် လွှမ်းခြုံကာ ချစ်ကြည်ရင်းနှီးစွာ
လုပ်ကိုင်လာခဲ့ကြသော အသိုင်းအဝန်းလေး သည် “လုပ်ရင်လုပ် မလုပ်ရင်ဖြုတ်” ဆိုသည့်
အာဏာသံများနောက်တွင် ပင်ပန်းခဲ့ကြရသည်။
ကျွန်တော်တို့ဆရာလောကတွင်
တစ်ဦးနှင့် တစ်ဦး ဖေးမကူကာ၊ ဘဝတူချင်း ယိုင်းပင်းကူညီတတ်ကြသည်။ အထူးသဖြင့်
ကျေးလက်တွင် ကျွန်တော် ကျောင်းဆရာလုပ်ခဲ့သမျှ ကာလတစ်လျှောက်လုံး ရာထူးကြီးငယ် မဟူ
“ဆရာ” “ဆရာမ” ဟုသာ ချစ်စဖွယ်ခေါ်ပြီး တစ်ဦးကိုတစ်ဦး ဆက်ဆံခဲ့ကြသည်။ တစ်ရွာ
တစ်ကျောင်း ရောက် သည့်ကျောင်းတွင် စားစရာ၊ အိပ်စရာ၊ နေစရာမရှား အချင်းချင်း
ယိုင်းပင်းသည့် စိတ်ဓာတ်တွေရှိကြသည်။ ဆရာအချင်းချင်း အရာရှိက လက်အောက်ငယ်သားကို
ဆက်ဆံသလိုမျိုး မရှိခဲ့သဖြင့် ဆရာလောက စိတ်ချမ်း မြေ့စရာ ကောင်းခဲ့ပါသည်။
သို့သော်
စစ်အာဏာရှင်များ၏ အလိုတော်ရိ အရာရှိဆိုးများသည် ယခင် မဆလခေတ်မှ အာဏာကို နအဖ
ခေတ်သို့ ဆက်ယူလာသည်။ အထူးသဖြင့် မဆလခေတ်တွင် ပညာရေးဌာနနှင့် မျက်ခြေပြတ်ပြီး
ပါတီအရိပ် ဝင်ခိုကာ ဥက္ကဌ၊ အတွင်းရေးမှူး လုပ်စားသူများသည် ပညာရေးဌာနသို့ မူလရာထူး၊
အဆင့်မြင့်ရာထူးများ ဖြင့် တစ်ဖန် ရောက်လာပြန်ကာ ဖိနှိပ်မှုနှင့် အာဏာကို
ဆက်လက်အသက်သွင်းကြသည်။
အထူးသဖြင့်
ထင်ရှားသည်မှာ “မာလ်တီမီဒီယာ” ဆိုသည့် ဗိုလ်ချုပ်ခင်ညွန့်နှင့် ပညာရေးဌာနမှ
ညွှန်ကြားရေးမှူးချုပ်တို့ လက်စွမ်းပြသည့်ပွဲတွင် ကျောင်းနှင့် ကျောင်းအုပ်ကြီးများ
ကျောကော့နေအောင် ခံစားကြရသည်။
မာလ်တီမီဒီယာ
စာသင်ခန်းများမဖွင့်မီ၊ တစ်နည်းအားဖြင့် ဗိုလ်ချုပ်ခင်ညွန့်နှင့်အဖွဲ့
လာပြီးမဖွင့်မီ၊ ထိုဖွင့် မည့်ကျောင်းများကို တစ်လခန့်ကြိုတင်ပြီး ဇာတ်တိုက်ရပါသည်။
ပထမဦးဆုံး ညွှန်ချုပ်ကြီးကိုယ်တိုင်ဆင်းပြီး ကျောင်းအုပ်ကို
ဟိန်းဟောက်ခြိမ်းခြောက်မည်။ မလုပ်ရင်ဖြုတ်မည်။ ပြောင်းမည်။ ပင်စင်ပေးမည်စသည်ဖြင့်
စိတ်ဆင်းရဲအောင်ပြောပြီး တာဝန်တွေပေးအပ်ကာ ပြန်သွားမည်။
ထိုအချိန်တွင်
ညွှန်ချုပ်ကြီးလူယုံ စစ်သံ၊ စစ်ဟန်ပေါက်နေသော လက်ထောက် ညွှန်ကြားရေးမှူး တစ်ယောက် ကို
ထိုကျောင်းတွင် ကျောင်းအိပ်ကျောင်းစားထားခဲ့မည်။ ထိုသူက ကျောင်းအုပ်ကိုလည်းကောင်း၊
ဆရာ ဆရာမများကိုလည်း ကောင်း လူမထင်သည့်မျက်နှာပေးဖြင့် တစ်ကျောင်းလုံးလှည့်ကာ
ဟိန်းဟောက်ပြီး ခိုင်းချင်တာတွေ ခိုင်းမည်။ ကျောင်းအုပ်ကြီးနှင့် ကျောင်းဆရာများကို
ကွင်းထဲထုတ် နေလှမ်းကာ သတိ၊ သက်သာ၊ အေးစေဆွဲခိုင်းပြီး ကမ္ဘာမကြေသီချင်းကို
မညီမချင်းဆိုခိုင်းမည်။ ကျောင်းမိဘဆရာ အသင်းအဖွဲ့ဝင် လူကြီးများကို
ဗိုလ်ချုပ်ခင်ညွန့်ကို ကြိုသလို ဇာတ်တိုက်မည်။ သူကိုယ်တိုင် ဗိုလ်ချုပ်ခင်ညွန့်လို
ကားပေါ်မှ ဆင်းလာသည့်စတိုင်လုပ်ပြီး မိဘဆရာအသင်းလူကြီးတွေကို လက်အုပ်ချီကာ
ကြိုခိုင်းမည်။ “ပဉ္စဂုဏံ အဟံဝန္တာမိ၊ အာစရိယဂုဏံ အဟံဝန္တာမိ၊ မင်္ဂလာပါ
ဘဘဗိုလ်ချုပ်ကြီး” ဆိုသည့်စကားလုံးကို တစ်ကျောင်းလုံး မညီမချင်း ပြန်ရွတ်ခိုင်းမည်။
မိဘဆရာအသင်းမှ လူကြီးများကို ကမ္ဘာမကြေသီချင်းမရသဖြင့် ကွင်းထဲတွင် မောင်းရာမှ အသက်
၇၀ ကျော် ကျောင်းသားဘိုးအေကြီးတစ်ယောက် မတ်တပ်လဲကျသွားပြီး ဆေးရုံ တင်ရသည်အထိ
ညွှန်ချုပ်၏လက်ပါးစေကလည်း လက်စောင်းထက်လှသည်။
မာလ်တီမီဒီယာဖွင့်ပွဲ
ကျင်းပချိန်သည် ၁၅ မိနစ်ခန့်လောက်သာရှိပါလိမ့်မယ်။ လမ်းလျှောက်မြန်လှသော
ဗိုလ်ချုပ်ခင်ညွန့်သည် တစ်ခန်းဝင်တစ်ခန်းထွက် “မင်္ဂလာပါ ဘဘဗိုလ်ချုပ်ကြီး” ဆိုသည့်
စကားသံလေးတွေကို ပြုံးပြပြီး နောက်ဆုံး လက်ကလေးဝှေ့ယမ်းကာ ကျောင်းမှထွက်ခွာသွားမှ
ထိုကျောင်းလည်း စစ်မိန့်၊ စစ်သံဖြင့် အရပ်သားစစ်စစ်၏ ဟိန်းဟောက်သည့်ဒဏ်မှ
ကင်းလွတ်ကာ သက်ပြင်းချနိုင်ကြသည်။
စစ်ဗိုလ်ကြီးများက
မာလ်တီမီဒီယာကို အကောင်အထည်ဖော်ခိုင်းသည်။ ပညာရေးဝန်ကြီးနှင့် ညွှန်ချုပ်ကြီးတွေ က
မဖြစ်နိုင်မှန်း၊ သဘာဝမကျမှန်း သိလျက်နှင့် လိမ်ညာပြီး ဇာတ်ထွက်ခိုင်းသည်။
ကျောင်းနှင့် ဆရာများက ကလိမ်ခြုံဇာတ်ကို ဝိုင်းကပေးကြသည်။ ဗီလိန်တွေက ဇာတ်နာအောင်
ခြေဖြင့်နင်းပြီး မိုးလင်းအထိ နှစ်ပါးသွား ခိုင်းသည်။ ၈၈ အရေးအခင်းကတည်းက
ဦးကျိုးနေသော ကျောင်းဆရာများသည် ပြန်လည်းမပြောရဲ၊ မဖြစ်နိုင် တာကို မဝေဖန်ရဲ၊ မဖြစ်
ဖြစ်အောင် ဝိုင်းပြီး နားညည်းသက်သာစေရန် အကောင်အထည်ဖော်ပေးလိုက်ကြ သည်။ ဤသို့ဖြင့်
မာလ်တီမီဒီယာသည် ကျောင်းများတွင် ဖွင့်ပြီးနောက် မအီမသာ နိဂုံးချုပ်ကြရသည်။
ငှားထားသည့်
ကွန်ပျူတာတွေပြန်ပို့ကြ၊ ဆေးသုတ်ထားသည့် အခန်းများတွင် စာသင်ခုံတွေပြန်ထားကြ၊
ဟန်ပြတပ်ထားသော နားကြပ်တွေ ကက်ဆက်တွေကို ပြန်ဖြုတ်ပြီး ဆိုင်ပြန်ပို့ကြ၊
နောက်ပိုင်း မာလ်တီ မီဒီယာပွဲအတွက် အငှားလိုက်တပ်ပေးသော အဖွဲ့တွေတောင်
ခေတ်စားလာသည်။ ကားနှင့်လာ၊ တပ်ဆင်၊ ပွဲပြီးလျှင် ပြန်ဖြုတ်သိမ်း၊ ငှားခကို
နေ့စားနှင့်ရှင်းပေး၊ ဟန်ကျလိုက်သည့် ခေတ်မီကျောင်းများထူထောင်ရေး စနစ်။
ဤသို့
လိမ်ညာလုပ်ကာ ဟန်ရေးပြရသည်ကို အထက်မှ မသိပါ။ အောက်ခြေမှလုပ်တာဖြစ်သည်ဟု ပြောလျှင်
ကျွန်တော်လက်မခံပါ။ အဘယ်ကြောင့်ဆိုသော် ဘယ်ပစ္စည်းကို ဘယ်မှာယူ၊ ဘယ်အဖွဲ့ကို
ဘယ်ကသာငှား၊ ကိုယ့်လူ ကိုယ့်အဖွဲ့သားများနှင့် ဇာတ်ကသလို ရောက်လာစေရန် အဆိုပါ
အထက်ပိုင်းမှသာ စီစဉ်လာကြခြင်း ဖြစ်သောကြောင့် အောက်ခြေက ညာသည်ဟူသော အပြောမျိုးကို
ကျွန်တော်လက်မခံရခြင်းဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ကွန်ပျူတာမရှိသော
ကျောင်းများတွင်၊ ကွန်ပျူတာမတတ်သည့် ကလေးများကို တစ်နေ့တစ်ညလောက် ဖွင့်/ပိတ်
တတ်စေရန်သင်ပေးပြီး လူကြီးတွေကို ညာခိုင်းရသည့် ဇာတ်တိုက်မှုတွင်
ကိုယ်တိုင်ပါဝင်ခဲ့ရသောကြောင့် ဖြစ်ပါသည်။
နောက်တစ်ပတ်ဆက်ပါမည်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။