by Moenge Aung on Friday, October 26, 2012 at 6:46pm
ပထမမြန်မာနိုင်ငံတည်
အနော်ရထာမင်းကြီး
ခမည်းတော် ကြောင်ဖြူမင်းနှင့်
မယ်တော်မြောက်နန်းမိဖုရားတို့မှ မြန်မာသက္ကရာဇ် ၃၇၆-ခုနှစ်တွင် ဖွားမြင်သည်။
ခမည်းတော်ကို နန်းချ၍ ထီးနန်းစိုးစံနေသော နောင်တော်စုက္ကတေးမင်းနှင့် အနော်ရထာ သည်
မြင်းစီးချင်းတိုက်၍ အနိုင်ရသောအခါ ခမည်းတော်ရှိရာ ကျောင်းတော်သို့သွားပြီး
ခမည်းတော်အား မင်းပြန်ပြုရန် တောင်းပန်သည်၊ ခမည်းတော်က "ငါ အသက်ကြီးပြီ၊ အမောင်သာ
မင်းပြုတော့"ဟု မိန့်တော်မူမှ သက္ကရာဇ် ၄၀၆-ခုနှစ်တွင် မင်းပြုသည်။
နိုင်ငံတော်ကြီးကို ကျယ်ပြန့်ပြီး
ဖွံ့ဖြိုးတိုးတက်အောင် စည်းလုံးညီညွတ်အောင် ဆောင်ရွက်ခဲ့သလို တိုင်းသူပြည်သားတို့
ကိုးကွယ်မှုမှန်ကန်အောင်လည်း ဗြာဟ္မာ.ဗိဿနိုး.ပရမေသွာ.နတ်.နဂါး.အရည်းကြီး
ကိုးကွယ်မှုများကို တော်လှန်တိုက်ဖျက်ခဲ့သည်။
သထုံပြည်မှ ကြွလာသောဓမ္မဒဿီခေါ် အရှင်အရဟံနှင့် လက်တွဲ၍ ဗုဒ္ဓသာသနာတော်ကိုလည်း
ထွန်းလင်းတောက်ပအောင် ပြန့်ပွားအောင် ဆောင်ရွက်ခဲ့သည်။
၄၃၉-ခုနှစ်တွင်
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ လှည့်လည်လုပ်ဆောင်ပြီး ၍
နေပြည်တော်သို့ အပြန် သရပါတံခါးမှ ၀င်ခါနီး အောင်သာမြစ်ခြေအရပ်ဝယ်
ကျွဲရိုင်းတစ်ကောင်သည် လူသူမသွားလာနိုင် လောက်အောင် အန္တရာယ်ပြုနေပါသည်-ဟု
နားတော်လျှောက်သဖြင့် စီးလာသော ဆင်တော်ကို ပြန်လှည့်ကာ အောင်သာမြစ်ခြေသို့
ချီတက်သည်။ ရောက်၍ ကျွဲရိုင်းကို မြင်လျှင် ဆင်တော် သန်မြန်စွာကို ချွန်းဖွင့်လွှတ်၍
တိုက်ခိုက်သည်။ လှံပစ်ကျွမ်းကျင်သော အနော်ရထာမင်းသည် ကျွဲရိုင်းကို လှံဖြင့်
ထုတ်ချင်းပေါက်အောင် ပစ်ခတ်နိုင်သော်လည်း အသက်ပြင်းသော ကျွဲရိုင်းက
ပြန်လည်ရန်ပြုသဖြင့် ဆင်ပေါ်၌ပင် ကျွဲခတ်မိပြီး နတ်ရွာ စံရလေသည်။ (တချိန်က မိမိကို
ကြိမ်စကြာဖြင့် ရိုက်နှက်ထားသည်ကို မကျေနပ်သောထိန်ပင်စောင့်နတ်က ကျွဲရိုင်းတွင်
ဝင်ပူး၍ ခတ်ခြင်းဖြစ်သည်-ဟုလည်း ဆိုကြသည်။)
ဒုတိယမြန်မာနိုင်ငံတည်
ဘုရင့်နောင်မင်းတရားကြီး
ခမည်းတော်မင်းရဲသီဟသူနှင့်
မယ်တော်တောင်ငူ ကြွယ်စစ်မင်း သမီးတော်တို့မှ မြန်မာသက္ကရာဇ် ၈၇၇-ခုနှစ်
တပို့တွဲလဆန်း (၁၂)ရက် ဗုဒ္ဓဟူးနေ့တွင် ဖွားမြင်သည်။ တပင်ရွှေထီးမင်းထက် ၃-လနှင့်
၎-ရက် အသက်ကြီးသူဖြစ်၍ "ဘုရင့်နောင် ကျော်ထင်နော်ရထာ"ဘွဲ့နာမည်ကို တပင်ရွှေထီးကပင်
ပေးအပ်ခဲ့သည်။ စစ်ရေးစစ်ရာသေနင်္ဂဗျူဟာ ကျွမ်းကျင်လိမ္မာလှသဖြင့် သမိုင်းဝင်
နောင်ရိုးတိုက်ပွဲအပါအ၀င် တိုက်ပွဲကြီးများ စွာကို အောင်မြင်စွာ
ဆင်နွှဲတိုက်ခိုက်နိုင်ခဲ့သည်။
စစ်ပွဲများနှင့်ပတ်သက်၍ ဘုရင့်နောင်၏
မိန့်ဆိုချက်ကား ….." စစ်တို့၏သဘောမှာ အင်အားကြီး သည်. ငယ်သည် ပဓာနမဟုတ်၊
သူရသတ္တိနှင့် စစ်ပရိယာယ်ကြွယ်ဝမှုသာ ပဓာနဖြစ်သည်…" ဟူ၍ ဖြစ်သည်။
ဘုရင့်နောင်သည် ဇွဲသတ္တိကြီးမားမှု၌လည်း
စံထားရသူဖြစ်သည်၊ နောင်ရိုးတိုက်ပွဲ ၀ယ် နောင်ရိုးချောင်းကို ဖောင်များဖြင့်
ဖြတ်ကူးပြီးနောက် ဖောင်များ ရှိနေလျှင် နောက်ပြန်ဆုတ်ချင် စိတ်. ဖောင်ကို အားကိုး
ချင်စိတ် များ ပေါ်လာနိုင်သဖြင့် ရှေ့တွင် မည်သို့ ကြုံတွေ့ရသည်ဖြစ်စေ ၊ နောက်ပြန်
မဆုတ်စတမ်း၊ အသက်စွန့်၍ တိုက်ခိုက်နိုင်ရန် မိမိတို့ ကူးလာသောဖောင်အားလုံးကို
ဖျက်ပစ်စေရာမှ ''..ဘုရင့်နောင် ဖောင်ဖျက်.."ဟူသော မြန်မာစကားပုံတစ်ခု
တွင်လာခဲ့သည်။
ဘုရင့်နောင်သည် …" သေလျှင် မြေကြီး ၊
ရှင်လျှင် ရွှေထီး "ဟူသော သူရဲကောင်းစိတ်ဓာတ်ဖြင့် တိုက်ပွဲကြီးများ
ဆင်နွှဲခဲ့သော်လည်း ရွှေထီးကိုမူ မျှော်မှန်းခြင်း မရှိခဲ့ပေ၊ တပင်ရွှေထီးမင်း
အပေါင်းအသင်း မှား၍ အရက်သေစာများ သောက်စားမူးယစ်ကာ တိုင်းရေး ပြည်ရေးမှုများ
မစီရင်နိုင်ဘဲ ဘုရင့်နောင် ကို နိုင်ငံတော်အုပ်ချုပ်ရေးအာဏာများ လွှဲအပ်ထားစဉ်
ဘုရင့်နောင်ကို ကြည်ညိုလေးစားကြသော မှူးမတ်များက "တပင်ရွှေထီးမင်းကို နန်းချပြီး
နန်းတက်ရန် (အာဏာသိမ်းရန်) တိုက်တွန်းကြသော်လည်း ဘုရင့်နောင်သည် အရှင်၏
ကျေးဇူးသစ္စာကို စောင့်သိစွာဖြင့် ခါးခါးသီးသီး ငြင်းပယ်ပြီး နိုင်ငံတော်ကြီးကိုသာ
မတိမ်းမစောင်းအောင် ထိန်းသိမ်းစောင့်ရှောက်ခဲ့လေသည်။
၉၁၂-ခုနှစ် တပင်ရွှေထီးမင်း လုပ်ကြံခံရ၍
နတ်ရွာစံပြီးမှ ထီးနန်းစိုးစံသည်၊ မင်းဖြစ်ပြီးနောက် ထီးနန်းပြိုင်မင်း အများအပြား.
နယ်ပယ်အရပ်ဒေသ အများအပြားကို တိုက်ခိုက် စည်းရုံးသိမ်းသွင်းနိုင်ခဲ့ သဖြင့်
သူ့လက်ထက်တွင် နိုင်ငံနယ်ပယ်မှာ အကျယ်အ၀န်းဆုံးဖြစ်ခဲ့သည်။ ဇင်းမယ်. လင်းဇင်း.
အယုဒ္ဓယ မြို့များ အထိ အာဏာစက် ပျံ့နှံ့သည်။ ဘုန်းတန်ခိုးလည်း အကြီးမားဆုံးဖြစ်သည်။
လောက. သာသနာကောင်းကျိုးများစွာ သယ်ပိုးတော်မူပြီးနောက် ၉၄၃-ခုနှစ်
တန်ဆောင်မုန်းလပြည့် အင်္ဂါနေ့တွင် ရုတ်တရက် ဖျားနာ၍ နတ်ရွာစံတော်မူလေသည်။
တတိယမြန်မာနိုင်ငံတည် အလောင်းမင်းတရား
ဦးအောင်ဇေယျ
ခမည်းတော် မင်းညိုစံနှင့်
မယ်တော်မဟာဒေ၀ီ စောညိမ်းဦးတို့မှ သက္ကရာဇ် ၁၀၇၆-ခုနှစ်တော်သလင်းလပြည့်ကျော်(၁)ရက်
သောကြာနေ့ ညဉ့် တစ်ချက်တီးကျော် ဓနသိဒ္ဓိနက္ခတ် မွန်းတည့်မတ်ချိန်တွင် ဖွားမြင်သည်။
ပျိုရွယ်စဉ်က သုံကြိမ်တိုင်တိုင် လက်ရုံးတော်မှ မီးတောက်ခဲ့သည်။ ၁၁၁၃-ခုနှစ်
မွန်တို့လက်ချက် ဖြင့် အင်းဝပြည်ကြီး ပျက်စီးသောအခါ ဇာတိ မုဆိုးဘိုရွာမှ နေပြီး
မွန်တို့ရန်ကို တွန်းလှန်ကာ မြို့တည်၍ ၁၁၁၄-ခုနှစ်တွင် မင်းပြုသည်။
ဘုန်းကြီးသောမင်းယောက်ျားဖြစ်သည့်အပြင် ကြံရည်ဖန်ရည်လည်း ကောင်းလှသဖြင့်
အင်အားအဆမတန်များပြားသော ရန်သူ့စစ်တပ်ကြီးများကိုပင် အံ့သြလောက်အောင်
ချေဖျက်သုတ်သင် ပစ်နိုင်ခဲ့သည်။ ဘုရင့်နောင်ကဲ့သို့ပင် အလောင်းမင်းတရားက လည်း
…"..စစ်တို့၏ သဘောမှာ အင်အားကြီးသည် ငယ်သည် ပဓာနမဟုတ်၊ သူရသတ္တိနှင့် စစ်ပရိယာယ်
ကြွယ်ဝမှုသာ ပဓာနဖြစ်သည်.." ဟူသော သဘောမျိုးကိုပင် မိန့်ကြားတော်မူခဲ့သည်။
ရန်သူအများအပြားကို
သုတ်သင်ရှင်းလင်းပြီးနောက် မုဆိုးဘိုကို "ရွှေဘို"ဟု သမုတ်ကာ ထီးနန်းစိုက်
တော်မူသည်။ "…. အမယ်ကြီးနှင့် ဘကြီးတား၍ လားလားမနိုင် သောကြာသားက စကားခိုင်၊
သံတိုင်ကျောက်ခဲ လူပျိုချင်းတွင် ပိုလို့ကဲ။ ပဲ နှင့် ပျောင်းကို ဟောင်းလျှင် ပစ်၍
အသစ်ရှာ အောင်ပါစေ သား သောကြာသား…."ဟူသော တဘောင်ဆန်ဆန် သီချင်းကို ပြည်သူတို့
ထပ်မနား ရွတ်ဆိုနေချိန်မှာပင် အလောင်းမင်းတရားကလည်း အောင်ပွဲများ တစ်ခုပြီးတစ်ခု
ရရှိခဲ့သည်။
ရွှေဘိုမြို့တော်ကြီးမှာ
အလောင်းမင်းတရား၏ ဘုန်းရိပ် ကံရိပ်အောက်တွင် သာယာစည်ကားပြီး ဘေးရန်အန္တရာယ်လည်း
လုံခြံစိတ်ချရသဖြင့် ''..ဒို့မေလေး မကြေဖျက်၊ မြောက်ဘက်ကယ်တဲ့ ဟိုတခို၊
ပြေးစို့ နှစ်ကိုယ်၊ ဆိုင်းစိုစို ရန်လုံးပြိုပါတဲ့၊ ပြည့်ရွှေဘို ထိုမြို့မှာ
မိုးခိုစို့လေး.." ဟူသောသီချင်းများ ပေါ်လာသည်။
အလောင်းမင်းတရားသည် ၁၁၁၇-ခုနှစ်တွင်
ဒဂုံကို အောင်မြင်ပြီးနောက် " ရန်အပေါင်းကို ကုန်စင်အောင် လုပ်ကြံတော်မူမည်"ဟု
အမိန့်ရှိ၍ "ရန်ကုန်"ဟု သမုတ်တော်မူသည်။ မြန်မာနိုင်ငံတွင် ရန်သူ သူပုန်များ
ကုန်စင်သလောက်ရှိသွားသောအခါ ထိုခေတ်စစ်ဘုရင်ကြီးများ၏ ထုံးစံအတိုင်း ယိုးဒယားသို့ပါ
ချီတက်တိုက်ခိုက်ပြန်ရာ အောင်မြင်မှုအလီလီ ရရှိတော်မူခဲ့သည်။
၁၁၂၁-ခု၊ ၀ါဆိုလဆုတ် (၁၀)ရက်
ကြာသပတေးနေ့တွင် ယိုးဒယားသို့ ချီတက်တိုက်ခိုက်ရန် အလောင်းမင်းတရားသည်
ကျောက်မြောင်းဆိပ်တော်မှ အောက်ပြည်သို့ စုန်တော်မူသည်။ ၀ါခေါင်လဆန်း(၁၁)ရက်နေ့၌
နေပြည်တော် ရွှေဘိုမြို့ပေါ်သို့ မိုးကြိုး (၁၃)ချက် ကျသည်။ မိုးကြိုးကျရာ
ဌာနများကား……….ဆင်ချည်တိုင်.မြင်း.လွှစင်.ကျုံးနင်းကြမ်း.နဘဲပင်.တမာပင်.လက်ခုပ်ပင်.ပေါက်ပန်းဖြူပင်.
ညောင်ပင်.ကျောင်း.မင်းကျော်သီရိအိမ်.တပယင်းမြို့တံခါးနှင့် မြ၀တီပြအိုးတို့ဖြစ်သည်။
အလောင်းမင်းတရား ကြားသိ၍ ပညာရှိများအား ဖတ်ကြားတင်လျှောက်စေရာ စာဆိုတော်ပညာရှိ
စိန္တကျော်သူက မိုးကြိုးကျခြင်းမှာ ဣဋ္ဌမင်္ဂလာများဖြစ်ကြောင်း ရတု ၆-ပုဒ်ဖြင့်
မင်းတရားကြီး သဘောတော် မျှစေရန် မမှန်မကန် လျှောက်တင် လိုက်လေသည်။
စိန္တကျော်သူ၏ လျှောက်တင်ချက်ကို
အဟုတ်မှတ်၍ သဘောတော်ကျကာ (ပြုသင့်သောယတြာများ မပြုဘဲ)အောက်ပြည်သို့
ဆက်လက်စုံဆင်းပြီး ယိုးဒယားကို ချီတက်တိုက်ခိုက်ရာ မအောင်မမြင်ဖြစ်ပြီးလျှင်
၁၁၂၂-ခုနှစ် ကဆုန်လဆုတ် (၁၀)ရက် တနင်္ဂနွေနေ့တွင် မုတ္တမမြို့နယ် ကင်းရွာ၌
ရုတ်တရက်ဖျားနာ၍ နတ်ရွာစံတော်မူခဲ့ရလေသည်။
(ပထမမြန်မာနိုင်ငံတော်
ပျက်စီးနေချိန်သည် နှစ်ပေါင်း ၁၈၀-ကျော်ကြာခဲ့သော်လည်း ဒုတိယမြန်မာ နိုင်ငံတော်
ပျက်စီးချိန်ကမူ ၁-နှစ်သာကြာပြီး တတိယမြန်မာနိုင်ငံတော်ခေတ်သို့
ကူးပြောင်းရောက်ရှိခဲ့လေသည်။)
စတုတ္ထမြန်မာနိုင်ငံတည်
ဗိုလ်ချုပ်အောင်ဆန်း
ရှေ့နေဦးဖာနှင့် ဒေါ်စုတို့မှ
၁၂၇၆-ခုနှစ် တပေါင်းလဆန်း ၁-ရက် (၁၃-၂-၁၉၁၅) စနေနေ့တွင် ဖွားမြင်သည်၊ ငယ်မည်မှာ
မောင်ထိန်လင်း ဖြစ်၏၊ သို့ရာတွင် သူ့အထက်အကိုမှာ မောင်အောင်သန်းဖြစ် သဖြင့် "သူ
အောင်သန်းဆိုရင် ကျနော် အောင်ဆန်းပေါ့" ဟု ဗိုလ်ချုပ်ကိုယ်တိုင် နာမည်ခံယူလိုက်
မှုကြောင့် မောင်အောင်ဆန်း-ဟုသာ ခေါ်ခဲ့ကြသည်။
နိုင်ငံလွတ်လပ်ရေးအတွက် ငယ်စဉ်မှစ၍
အခန်းကဏ္ဍမျိုးစုံမှ ပါဝင်ပြီး နယ်ချဲ့ကို တော်လှန်ခဲ့သည်။ ၁၉၄၁-ခုနှစ်တွင်
ရဲဘော်သုံးကျိပ်ဝင်များကို ဦးဆောင်ကာ ဂျပန်ပြည် ဟိုင်နန်ကျွန်းသို့ သွားရောက်၍
စစ်ပညာများ သင်ကြားခဲ့ပြီး ၁၉၄၂-ခုနှစ်တွင် ဂျပန်တပ်များနှင့်ပူးပေါင်း၍
မြန်မာနိုင်ငံသို့ ချီတက်ကာ အင်္ဂလိပ်ကို တိုက်ခိုက်သည်၊ ဂျပန်ခေတ်တွင်
ဗမာ့ကာကွယ်ရေးတပ်မတော် စစ်သေနာပတိချုပ်အဖြစ် တာဝန်ယူကွပ်ကဲ ဆောင်ရွက်ခဲ့သည်။
၁၉၄၅-ခုနှစ် မတ် ၁၇-ရက်နေ့တွင် ရန်သူကို
တိုက်ခိုက်ရန် မြန်မာ့တပ်မတော်ကြီးကို ဖွဲ့စည်း တည်ထောင်ကာ ဦးဆောင်၍ စစ်မြေပြင်သို့
ထွက်ခဲ့ပြီး မတ်လ ၂၇-ရက်နေ့တွင် ဖက်ဆစ်ဂျပန်ကို စတင် တော်လှန်တိုက်ခိုက်သည်၊
ဖက်ဆစ်တော်လှန်ရေးအပြီး (၁၈-၈-၄၅)နေ့၌ နေသူရိန်အစည်း အဝေးကြီး ကျင်းပကာ သဘာပတိအဖြစ်
ဆောင်ရွက်၍ ဗမာ့လွတ်လပ်ရေးကို တောင်းဆိုသည်။
အင်္ဂလိပ်ခေတ် ၁၉၄၆-ခုနှစ်တွင်
အင်္ဂလိပ်ဘုရင်ခံ၏ အမှုဆောင်ကောင်စီ၌ ဒုတိယသဘာပတိ အဖြစ် ဆောင်ရွက်ခဲ့သည်၊ ၁၉၄၇-ခုနှစ်
ဇန်န၀ါရီလတွင် မြန်မာကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး ဗြိတိန်နိုင်ငံ လန်ဒန်မြို့၌
"အောင်ဆန်း-အက်တလီစာချုပ်"ကို လက်မှတ်ရေးထိုး ချုပ်ဆိုသည်။ ဖေဖော်ဝါရီ ၁၂-ရက်နေ့
တွင် တိုင်းရင်းသားသွေးစည်းရေးဖြစ်သော " ပင်လုံညီလာခံကြီး" ကို
ဦးစီးကျင်းပခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းသည်
တိုင်းရင်းသားအားလုံးကို စည်းလုံးညီညွတ်အောင် ဦးဆောင်နိုင်ခဲ့သူ ဖြစ်သည်၊ သူ၏
အထူးခြား အထင်ရှားဆုံးသောဂုဏ်ရည်မှာ---" တည်ကြည် ရိုးသား ဖြောင့်မတ်မှု " ဖြစ်ရာ
ထိုအချက်ဖြင့်ပင် တိုင်းသူပြည်သားအားလုံးတို့သည် ဗိုလ်ချုပ်၏ ဦးဆောင်မှု ကို
ခြွင်းချက်မရှိ ယုံကြည်လက်ခံ ခဲ့ကြလေသည်။
ဗိုလ်ချုပ် ထိုသို့
တည်ကြည်ရိုးသားဖြောင့်မတ်ရာ၌ သူ၏ ပင်ကိုယ်စိတ်ဓာတ် ဖြူစင်သန့်ရှင်းမှု.
တိုင်းပြည်အပေါ်စေတနာထားမှုများအပြင် ဇနီး-ဖြစ်သူ ဒေါ်ခင်ကြည်၏
စိတ်ထားမြင့်မြတ်မှုများလည်း အကြောင်းတစ်ရပ်အနေဖြင့် ပါဝင်နေပေသည်၊ ဒေါ်ခင်ကြည်သည်
အခြားအရာရှိကတော်များလို "မောင်ရယ်.. စိန်နားကပ်က သေးတယ်၊ အကြီးကြီး
ဝယ်ပေးကွယ်" ဆိုသော ကတော်မျိုးမဟုတ်ပေ၊ တိုင်းပြည်အတွက် စေတနာသန့်သန့်ဖြင့်
ဆောင်ရွက်ရန် ဗိုလ်ချုပ်အား အမြဲတမ်း သတိပေးတိုက်တွန်းခဲ့ သလို ထိုသို့
ဆောင်ရွက်နိုင်အောင် နောက်ပိုင်းမှ အစွမ်းကုန် ကူညီပံ့ပိုးပေးခဲ့သူလည်း
ဖြစ်ပေသည်။
ဗိုလ်ချုပ်ကလည်း ဇနီးသည်၏ အချိုပေါ်
သကာလောင်းပေးမှုကို ကျေနပ်စွာ လက်ခံခဲ့သည်၊ ထို့ကြောင့်ပင် သူတည်ထောင်ခဲ့သည့်
တပ်မတော်ကြီးအတွက် ဦးတည်ချက် ဆောင်ပုဒ် သတ်မှတ်သော အခါ "တပ်မတော်သည်
တိုင်းပြည်အတွက် ဖြစ်စေရမည်၊ တိုင်းပြည်သည် တပ်မတော်အတွက် မဖြစ်စေရ" ဟု
သတ်မှတ်ပေးခဲ့ခြင်းဖြစ်သည်။ (တပ်မတော်သည် တိုင်းပြည်အတွက်
လုပ်ပေးစရာရှိတာတွေကို အကုန်လုပ်ပေးမည်၊ သို့သော် တိုင်းပြည်အပေါ်မှ
မည်သည့်အခွင့်အရေး မှ ပြန်မယူ-ဆိုသည့် သဘောဖြစ်သည်၊ ဗိုလ်ချုပ်၏ ထိုဆောင်ပုဒ်ကို
ရှေးက စစ်တပ်အခမ်းအနားများတွင် ရွတ်ဆိုခဲ့ကြသော်လည်း ယခုနောက်ပိုင်းတွင်မူ
မဆိုကြတော့၊ အချို့သော တပ်မတော်သားများဆိုလျှင် ထိုဆောင်ပုဒ်ကို မေ့၍ပင်
နေကြလေပြီ။)
ဗိုလ်ချုပ်သည် ၁၉၄၇-ခုနှစ် ဇူလိုင်လ
၁၃-ရက်နေ့တွင် မြို့တော်ခန်းမ၌ အရေးကြီးဆုံးသောမိန့်ခွန်း
(နောက်ဆုံးမိန့်ခွန်း)ကို မြွတ်ကြားခဲ့ပြီးနောက် တိုင်းပြည်လွတ်လပ်ရေးရရန်
၅-လကျော်အလို ၁၃၀၉-ခုနှစ် ၀ါခေါင်လဆန်း ၂-ရက် (၁၉-၇-၄၇) စနေနေ့ နံနက်
(၁၀း၃၇)နာရီတွင် နယ်ချဲ့လက်ပါးစေ လူမသမာများ၏ လုပ်ကြံမှုကို ခံရ၍
ကွယ်လွန်ခဲ့လေသည်။
(ဆရာတော် ဦးသီလက္ခန္ဓာဘိဝံသ၏
တိပိဋကဓရဘွဲ့ရ ၁၀-နှစ်ပြည့် အမှတ်တရ
ဘ၀နှင့်မှတ်တမ်းများ စာအုပ်မှ ထုတ်နှုတ်ဖော်ပြပါသည်။)
မောင်သန့်စင်(အညတရသာကိယ)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။