Q. ငယ်ငယ် လှုပ်ရှားနေတဲ့ အနုပညာ လှုပ်ရှားမှုလေး ပြောပေးပါ။
A. ခုတလောက တစ်ကိုယ်တော်ခွေ တစ်ခွေ ထွက်နိုင်အောင် ကြိုးစားနေပါတယ်။ ငယ်ပထမခွေ ပြီးတော့ ကြားထဲမှာ တစ်ခွေ ထပ်လုပ်လိုက်သေးတယ်။ အဲဒီခွေကို လုံးဝ အဆုံးခံလိုက်ပြီ။ အခုလုပ်တဲ့ခွေက ကိုယ်ပိုင်သံစဉ်တွေ ချည်းပဲ။
Q. သီချင်းပုံစံတွေကတော့ ..
A. R&B ပုံစံတွေပဲ များတယ်
Q. အခုမြန်မာနိုင်ငံမှာ အမျိုးသမီး အဆိုတော်တွေ ကိုယ်ပိုင်သံစဉ်ကို ဦးစားပေးပြီး လုပ်လာကြတယ်နော်။ အဲဒီအပေါ်မှာ ငယ်ငယ့်အမြင်လေး သိချင်ပါတယ်။
A. အခုလူတွေက လုပ်လည်း လုပ်နိုင်နေကြပြီ။ လုပ်လည်း လုပ်သင့်ပြီလို့ ထင်ပါတယ်။ အဲဒါကြောင့်မို့လို့ ငယ်ကိုယ်တိုင် တစ်ခွေလုံး အဆုံးခံပြီးတော့ ကိုယ်ပိုင်သံစဉ်ချည်းပဲ လုပ်ဖို့ ဆုံးဖြတ်လိုက်တာ။
Q. စွန့်လွှတ်လိုက်ရတဲ့ အခွေအတွက် ကြိုးစားအားထုတ်မှုတွေကို မနှမျောမိဘူးလား။
A. အဲဒီလိုမျိုးတော့ မရှိပါဘူး။ ငယ်က ကိုယ်ပိုင်သံစဉ်လုပ်ဖို့ စိတ်အားထက်သန်နေတာ ဆိုတော့ ဒီကိုယ်ပိုင်သံစဉ်ကို ထွက်ဖြစ်ဖို့ပဲ အသည်းအသန် ကြိုးစားနေတယ်။ ဒီအခွေပြီးသွားရင် အဲဒီထဲက သီချင်းတချို့ကို Online တင်ဖို့တော့ စဉ်းစားနေတယ်။
Q. ဒီကိုယ်ပိုင်သံစဉ်ခွေအတွက် သီချင်းတွေကို ဘယ်လို စုဆောင်းခဲ့ရသေးလဲ။
A. သီချင်းတွေကတော့ တေးရေးတဲ့သူတွေကို ကိုယ်လိုချင်တဲ့ပုံစံ သေချာပြောပြီးတော့ အပ်တယ်။ ကျားပေါက်ရေးတဲ့ သီချင်းတစ်ပုဒ်ကတော့ မေစံပယ်ညိုဆိုထားပြီးသား။ ဒါပေမယ့် ကြိုက်လို့ ပြန်ဆိုဖြစ်တာ။ အဲဒီတစ်ပုဒ်ပဲ အဟောင်းပါမယ်။ ကျန်တာ အကုန်အသစ်ချည်းပဲ။
Q. အဲဒီအခွေရဲ့ အနေအထားလေးက ဘယ်လောက်လောက် ရောက်သွားပြီလဲ။
A. ကျန်တာအကုန်ပြီးပြီ။ သီချင်းနှစ်ပုဒ်ပဲ ကျန်တယ်။ အဲဒီနှစ်ပုဒ်ပြီးတာနဲ့ အားလုံးပြီးပြီ။
Q. အဲဒီနှစ်ပုဒ်က ဘာကြောင့် ကြာနေတာလဲ။
A. ရေးတာပြီးသွားပြီ။ ကျန်တဲ့ အပိုင်းမှာ လုပ်ပေးမယ့်လူတွေက ဖမ်းလို့ မမိသေးလို့။
Q. ပါဝင်တဲ့ သီချင်းပုံစံတွေကရော ..
A. အမျိုးအစားစုံတယ်လို့တော့ မဟုတ်ဘူး။ ဥပမာ ဇင်မင်းခန့် ရေးတဲ့ သီချင်းနဲ့ အောင်လရေးတဲ့ သီချင်းဆိုရင် ပုံစံချင်းက တခြားစီပဲ။ အဲဒီလိုမှာမှ ငယ်က တစ်ပုဒ်နဲ့တစ်ပုဒ်မှာ တခြားစီကြီး ဖြစ်မနေအောင် ရေးဆိုတီး အားလုံးနဲ့ ညှိပြီးတော့ ကြိုးစားထားတယ်။
Q. ငယ် R&B သီချင်းတွေဆိုဖို့ ဘယ်လို လေ့လာခဲ့ရသေးလဲ။
A. ငယ် သီချင်းစဆိုမယ်ဆိုတော့ အဆိုသင်တန်းတက်မယ်လို့ ပြောတယ်။ အဖေတို့က မတက်နဲ့တဲ့။ သင်ပေးလိုက်ရင် သင်ပေးလိုက်တဲ့ ပုံစံမျိုး ဝင်သွားမှာစိုးလို့ ကိုယ့်ရဲ့ ပုံစံကွဲထွက်နေအောင် ဆိုဖို့ ကြိုးစားဖို့ပဲ ပြောတယ်။ ငယ်ကတော့ တက်ချင်တာပေါ့။ ငယ်လည်း သီချင်းဆိုတဲ့ပုံစံ အခုမှသာ ငြိမ်သွားတာပါ။ ငယ်ငယ်တုန်းက သီချင်းတွေ ပြန်နားထောင်ရင် ငယ့်ပုံစံဆိုတာ သေချာ မရှိသေးပါ။
Q. အခုအချိန်မှာ သီချင်းဆိုတဲ့အခါမှာရော ဘယ်လိုပုံစံမျိုးတွေ ဆိုတဲ့အခါ ပိုပြီး အားရကျေနပ်မှု ရှိလဲ။
A. အသက်ကြီးလာတာလဲ ပါမယ်ထင်တယ်။ မယ်လိုဒီပိုင်းကို ပိုပြီး ဆိုချင်လာတယ်။ အခု ငယ်ထွက်မယ့် အခွေထဲမှာလည်း မယ်လိုဒီပိုင်း ပိုများတယ်။
Q. ငယ်တို့ သီချင်းစဆိုတုန်းကတည်းက စိုင်းစိုင်းနဲ့ ရှိုးပွဲတွေ တောက်လျှောက် ဆိုလာတယ်။ အခုချိန်ထိပဲ ဆိုတော့ စိုင်းစိုင်းရဲ့ ရှိုးပွဲတွေက ငယ်ငယ့်အတွက် ဘယ်လို စိတ်တက်ကြွမှုမျိုး ရစေသလဲ။
A. စိုင်းစိုင်းရဲ့ ရှိုးတွေမှာ သီချင်းဆိုတာ ကရာတေးပါ တစ်ခါတည်း တတ်သွားတယ်။ သူ့ပွဲမှာ dancer တွေရော ပါတယ်။ သိတဲ့အတိုင်းပဲ။ သူတို့လက်တွေက ဟိုအပေါ်မြောက်လိုက် ဒီအပေါ်ထိုးလိုက်နဲ့။ သူတို့တွေကို ရှောင်ရင်း သီချင်းဆိုရတာဆိုတော့ အရှောင်အတိမ်း ဂျက်ဆီဂျိမ်းပဲ။
Q. သူငယ်ချင်းတွေနဲ့ သီချင်းပြန်ဆိုရတာ တက်ကြွနုပျိုတဲ့ စိတ်မျိုးတွေ မခံစားရဘူးလား။
A. ကိုယ့်ကိုယ်ကို နုပျိုချင်ရင် ငယ်ငယ်လေးတွေနဲ့ တွဲဆိုမှာပေါ့ သူတို့နဲ့တော့ သီချင်းမဆိုတော့ဘူး။
Q. ငယ်တို့ ဒီသူငယ်ချင်းအုပ်စုက ဆယ်စုနှစ် တစ်ခုကျော်ထိ ချစ်ခင်နေကြတုန်းပဲ ဆိုတော့ ဘယ်လို စိတ်ခွန်အားတွေနဲ့ လက်တွဲခဲ့ကြလဲ။
A. တစ်ခု ရှိတာက ငယ်တို့က သူငယ်ချင်းတွေ စုပြီး ဆိုကြတယ်ဆိုတဲ့ ပုံစံမျိုးပဲ၊ အဖွဲ့နာမည်လည်း မရှိဘူး။ အဖွဲ့တစ်ဖွဲ့ ဆိုပြီးတော့လည်း ဖွဲ့ထားတာ မဟုတ်ဘူး။ စိုင်းစိုင်းကလည်း သူ့ဘာသာသူ ဆိုတာမျိုး ရှိသလို ငယ်ဆိုလည်း ကိုယ့်ဘာသာ တစ်ယောက်တည်းဆိုတဲ့ ပွဲမျိုးတွေ ရှိတာပဲ။ ကောင်းမြတ်လေးတို့ နန္ဒစိုင်းတို့ဆိုလည်း ဒီလိုပဲ။ သူငယ်ချင်းတွေ စုပြီး ဆိုမယ်ဆိုတော့လည်း ဆိုလိုက်ကြတာပဲ။ အမြဲတမ်း ညှိနေရတာမျိုးလည်း မရှိဘူး။ အဲဒါကြောင့်မို့လည်း သိပ်ပြဿနာမရှိပဲ အခုအချိန်ထိ တွဲဖြစ်နေကြတာထင်တယ်။
Q. အခုငယ်ငယ်အခွေကို ဘယ်ကနေဖြန်ဖို့ အစီအစဉ်ရှိလဲ။
A. ထုတ်လုပ်သူက အသစ်၊ စိုင်းစိုင်းတို့ကလည်း ဖြန့်ချိရေးဖက်မှာ ကူပေးမယ်လို့တော့ ပြောတယ်။
Q. ငယ့်အခွေမှာ ပါဝင်အားဖြည့် သီဆိုပေးမယ့်သူတွေရော ရှိသေးလား။
A. အဲလက်စ်၊ ရန်ရန်ချန်းနဲ့ သီရိဆွေတို့ ပါမယ်။ အဲလက်စ်နဲ့ဆိုမယ့် သီချင်းက Idiots က ရေမွန် ရေးထားပေးတာ။ ပထမတစ်ယောက်တည်းဆိုဖို့ ရည်ရွယ်ထားတာ။ အခု ကိုအဲလက်စ်နဲ့ ဆိုမယ်ဆိုတော့ ကီးတွေ ပြန်ချိန်ပြီး အတီးတွေ ပြန်တီးရမယ်။
Q. ဒီအခွေက ငယ်ငယ်ရဲ့ ပရိသတ်တွေကို ဘယ်လို အံ့သြကျေနပ်မှုမျိုးတွေ ရစေမယ်လို့ ထင်လဲ။
A. အံ့သြတယ်ရယ်လို့တော့ မဟုတ်ပါဘူး။ ငယ်ငယ် အမြဲတမ်းတော့ ဘယ်သီချင်းမဆို ဒါကတော့ ဘယ်သူကြိုက်လောက်တယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ဆိုလာခဲ့တာ မဟုတ်ဘူး။ ဒါပေမယ့် ကိုယ်ကြိုက်တဲ့သီချင်းနဲ့ ပရိသတ်ကြိုက်တဲ့ သီချင်း ပုံစံချင်းတူသွားရင်တော့ ပိုဝမ်းသာရတယ်။
Q. ငယ်ပရိသတ်ကိုရော ဘာတွေ ပြောချင်သေးလဲ။
A. အားလုံး စိတ်ချမ်းသာကြပါစေ၊ ငယ်လည်း အခု စိတ်ချမ်းသာအောင်ပဲ နေတယ်။
Q. ငယ်ငယ် အရင်တုန်းက အက်စစ်အဖွဲနဲ့လည်း သီချင်းတွေ ဆိုခဲ့သေးတယ်။ အက်စစ်အဖွဲ့ထဲက ရန်ရန်ချန်းတို့ ဇေယျာသော်တို့တောင် အပြောင်းအလဲလေးတွေ ဖြစ်ကုန်ပြီ။ ငယ်ရော …
A. တစ်ခါတလေကျရင် ကျောင်းတုန်းက သူငယ်ချင်းတွေနဲ့ တွေ့တယ်။ ကလေးကလည်း နှစ်ယောက် လက်ဆွဲထားသေးတယ်။ ဗိုက်ကလည်း တစ်ဗိုက်နဲ့။ ဒါပေမယ့် ငယ်ခုပေါင်းနေတဲ့ သူငယ်ချင်းတွေကျတော့ တစ်ယောက်မှ မယူသေးဘူး။ အမြဲတွေ့ဖြစ်နေကြတဲ့ လူတွေကြားထဲမှာ ကိုယ့်ကိုယ်ကို အသက်ကြီးတယ်လို့တော့ မထင်ဘူး။ ကျောင်းတုန်းက သူငယ်ချင်းတွေကို တွေ့ရင်ကျတော့ ကလေးနှစ်ယောက်၊ အသက် သုံးဆယ်နှစ်နှစ်လို့ သိလိုက်ရင် သြော် ငါ အဲဒီအသက်အရွယ် ရောက်နေပြီဆိုပြီး ဆံပင်ဆိုးတာကအစ စဉ်းစားဖြစ်လာတယ်။ ဒီအသက်အရွယ်ပြီးရင် ဆံပင်က ဘယ်အချိန်ဖြူမလဲ မသိဘူး။ အဲ့အချိန်ကျရင် ဆံပင်က ဆိုးကိုဆိုးရမှာ။ မဆိုးချင်လည်း ဆိုးရမှာဆိုတော့ အခုလောလောဆယ် ဆံပင်တောင် မဆိုးဖြစ်ပဲ အမည်းအတိုင်းပဲ ထားဖြစ်တယ်။
Q. အသက်ကြီးလာတာက ငယ်ငယ့်ကို ဘယ်လို ရင့်ကျက်မှုမျိုးတွေ ရစေလဲ။
A. ကိုယ့်ဘာသာကိုယ် သတိမထားမိပေမယ့် သူများအမြင်မှာကျတော့ တော်တော်ပြောင်းလဲတယ်။ အရင်လို အပြင်လည်း သိပ်မသွားချင်ဘူး။ အိမ်ထဲမှာပဲ ဇာတ်ကားကြည့် သီချင်းနားထောင် အဲဒီလိုမျိုးပဲ နေချင်တော့တယ်။ အရင်တုန်းက ကလပ်ဆိုရင် သိပ်သွားချင်ပေမယ့် အခုချိန်မှာ ကလပ်ရောက်ရင် ကိုယ့်အတွက် နေစရာ မရှိသလိုပဲ အရမ်းကို ဆူညံနေပြီးတော့လေ။ အေးအေးဆေးဆေးလည်း စကားပြောလို့ မရဘူး။ ဇီဇာလည်း ပိုကြောင်လာတယ်။
Q. ဒါဆို အပျိုကြီးဖြစ်ဖို့ နီးစပ်နေပြီလား။
A. အင်း ဟုတ်လောက်မယ် ထင်တယ်။
Ref: 8 Days Journal
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။