by Ter Tee on Thursday, October 25, 2012 at 10:23am ·
ရေးသူ - ဒေါက်တာခင်မောင်ဝင်း ( ဒဿနဗေဒ )
လူတို့သည်အဘယ်ကြောင့် စီးပွားရှာကြပါသနည်း။
အဘယ့်ကြောင့် ပညာရှာကြပါသနည်း။
လူတို့စီးပွားရှာကြသည်မှာ စီးပွားဖြစ်လာလျှင်
စိတ်ချမ်းသာဖို့ဖြစ်သည်။ စီးပွားဖြစ်လာလျှင်
အခြားသူများနှင့် ဝေငှခံစားဖို့ဖြစ်သည်။
လူတို့ပညာရှာကြသည်မှာ ပညာရှိလာလျှင် ၊
ဆင်ခြင်တိုင်းထွာလာတတ်ဖို့ဖြစ်သည်။ မိမိပညာကို
အများနှင့် ဝေငှခံစားဖို့ဖြစ်သည်။
သို့သော် အချို့သောလူတို့မှာဤသို့ဖြစ်မလာ။
စီးပွားဖြစ်လာသောအခါ မာန်မာနတက်လာသည်။
လူကို လူမှန်းမသိ ၊ လေးစားရမည့်သူကို
လေးစားရမှန်းမသိ ၊ ကြင်နာရမည့်သူကို ကြင်နာရမှန်းမသိ ဖြစ်လာသည်။
ကျွန်တော် အကဲခတ်ကြည့်ရသလောက် အကယ်၍
သတိတရားမထားလျှင် လုပ်ရင်းကိုင်ရင်းနှင့်
လူတို့သည် ပန်းတိုင်ပျောက်သွားတတ်၏။
ငွေကြေးဆိုသည်မှာ သူ့သဘာဝဖြင့်သူ တန်ဖိုးရှိသည်မဟုတ်ပါ။
သူနှင့် မိမိလိုအပ်သောပစ္စည်းများကို
လဲလှယ်၍ရသောကြောင့်သာ တန်ဖိုးရှိခြင်းဖြစ်ပါသည်။
အကယ်၍ ကျွန်တော်သည် လူသူကင်းဝေးသော
ကျွန်းလေးတစ်ကျွန်းတွင် သောင်တင်နေသည် ဆိုကြပါစို့ ၊
ထိုသို့သောအခါ ကျွန်တော့်အား ငွေတစ်သိန်းနှင့်
ငှက်ပျောသီးတစ်လုံးကို ရွေးခိုင်းလျှင် ကျွန်တော်သည်
ငှက်ပျောသီး တစ်လုံးကိုသာရွေးမည်ဖြစ်ပါသည်။
ငွေတစ်သိန်းကိုရွေးမည်မဟုတ်ပါ။
ဤသို့သော လူသူမရှိသောကျွန်းတစ်ကျွန်းပေါ်တွင်
ငွေကြေးကို မည်သည့်ပစ္စည်းနှင့်မျှ လဲလှယ်၍မရပါ။
ငွေကြေးသည် တန်ဖိုးမရှိလှပါ။ ငွေစက္ကူများသည်
မီးဖိုရာတွင် စက္ကူအဖြစ် အသုံးချဖို့လောက်သာ တန်ဖိုးရှိမည်ဖြစ်ပါသည်။
သို့သော် ငွေကြေးကို သုံးစွဲရင်း ၊
သုံးစွဲရင်းနှင့် သူ၏တန်ဖိုးအနေအထားမှာ ပြောင်းလဲတတ်ပါသည်။
သူသည် သူ့သဘာဝနှင့်သူ ငှက်ပျောသီးကဲ့သို့
လူသားတစ်ဦးအဖို့ တိုက်ရိုက်တန်ဖိုးရှိလာသည်ဟု ထင်လာကြပါသည်။
ထိုအခါ ငွေသည် လူသားတို့၏
အသုံးချခံပစ္စည်းအဖြစ်မှသည် လူသားတို့အားအသုံးချနေသော အရှင်သခင်ဖြစ်လာပါသည်။
လူကငွေကိုခိုင်းစေရမည့်အစား
လူသားကိုငွေကခိုင်းစေလာပါသည်။ ထိုအခါမျိုးတွင်
လူသားသည် လူသားအဖြစ်မှ ကင်းကွာလာသည်။ လူသည်
လူသားချင်းစာနာတတ်သော
လူသားစိတ်မှကင်းကွာလာသည်။
ထိုသို့ကင်းကွာလာခြင်းကို Existentialist များက
"alienation" သို့မဟုတ် "estrangement"
ဟုခေါ်ထားသည်။
လူသားက ငွေကြေးကိုခိုင်းစေရမည့်အစား
သက်မဲ့ပစ္စည်းဖြစ်သော ငွေကြေးက လူသားကို
ခိုင်းစေလာသောအခါ လူသား၏စိတ်ထားသည်
သက်မဲ့ပစ္စည်းလိုဖြစ်လာသည်။
အရာရာကို တန်ဖိုးဖြတ်ရာတွင် လူသားတို့၌ရှိအပ်သော
ရိုးသားဖြောင့်မတ်ခြင်း ၊
အကြင်နာတရားထားတတ်ခြင်း ၊ လူကို
လူလိုမြင်တတ်ခြင်းတည်းဟူသော
လူတို့၌ရှိအပ်သော စိတ်ထားများသည်ပျောက်ကွယ်သွား၍
လူသားတစ်ယောက်တန်ဖိုးကို
ငွေကြေးအရေအတွက်ရှိမှုပမာဏဖြင့်
တန်ဖိုးဖြတ်တတ်လာသည်။
ထိုသို့သောအခါ ငွေကြေးရှာခြင်း၏
မူလပန်းတိုင်ဖြစ်သော စိတ်ချမ်းမြေ့ခြင်း ၊
မတောင့်မတ ပြည့်ဝသောဘ၀ကို ရရှိခြင်းတို့မှာ
တမုဟုတ်ခြင်း ပျောက်ကွယ်သွားတော့သည်။
ယင်းတို့နေရာတွင် ငွေကြေးကိုစံထား၍ ဆက်ဆံခြင်း ၊
ငွေကြေးရမှုကိုသာမြင်၍ မိမိ၌ ဖြစ်ပေါ်လာမည့်
အန္တရာယ်များကို
မမြင်ခြင်းတို့သည်ဖြစ်ပေါ်လာတတ်သည်။
ဒေါက်တာခင်မောင်ဝင်း ( ဒဿနဗေဒ )
အနောက်တိုင်း ဒဿနဗေဒကို
မြန်မာ့မျက်စိဖြင့်ကြည့်ခြင်း - ၂ စာအုပ်မှ ကောက်နှုတ်ချက်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။