by May Thandar Win on Monday, October 29, 2012 at 12:42am ·
Father of Email, Ray Tomilison
ရေးလ် တွမ်လင်န်ဆန် ဟာ ARPA ကွန်ရက်ကနေ အီးမေးလ်
ပထမဆုံး ပေးပို့ခဲ့သူပါ။ သူဟာ BBN က အင်ဂျင်နီယာတစ်ယောက်ဖြစ်ပြီး ၁၉၇၂ ခုနှစ်မှာ
ကွန်ပြူတာ တစ်လုံးကနေ တစ်လုံး ကို ဖိုင်တွေ ပေးပို့လို့ ရနိုင်မယ့် ရိုးရှင်းလှတဲ့
ပရိုဂရမ်လေးတစ်ခုကို စတင် တီထွင်ခဲ့ပါတယ်။
ပင်မ ကွန်ပြူတာတွေမှာ အရင်ကတည်းက
စာတိုက်ပုံးလေးတွေ ကိုယ်စီ ရှိပါတယ်။ ဒါပေမယ့် အဲဒီကွန်ပြူ တာမှာ လာရောက်
အသုံးပြုတဲ့သူတွေအချင်းချင်း စာချန်ထားချင်တဲ့ အခါမျိုးအတွက်ပဲ အသုံးပြုလို့ရပါတယ်။
တစ်ခြားကွန်ပြူတာကိုတော့လှမ်းပို့လို့ မရပါဘူး။
တွမ်လင်န်ဆန်ရဲ့ ပရိုဂရမ်က အဲဒါကို
ပြောင်းလဲပေးလိုက်ပါတယ်။ ဆော့ထ်ဝဲဟာ ချိတ်ဆက်မှုကိုပြုလုပ်ပြီးတာ နဲ့
တစ်ခြားကွန်ပြူတာဆီကို ဖိုင်တွေ ပေးပို့ပါတော့တယ်။ ပို့ပြီးတာနဲ့ မူလ
ပေးပို့တဲ့ကွန်ပြူတာဆီကို လိုရာ ရောက်သွားပြီဆိုတဲ့အကြောင်း
ပြန်လည်အကြောင်းကြားပေးပါသေးတယ်။
ARPA ကွန်ရက်မှာရှိတဲ့ လူတိုင်းအားလုံးမှာ
စာတိုက်ပုံးတွေ ကိုယ်စီရှိကြတယ်ဆိုတော့ သူတို့ အတွက် တစ်ယောက် ကွန်ပြူတာဆီ တစ်ယောက်
စာတွေ ပေးပို့ရတာ အလွန်တရာမှကို လွယ်ကူလှပါတယ်။ ဒါပေမယ့် အံ့အားသင့်စရာကတော့
တစ်ယောက်ကိုတစ်ယောက် စာတွေ ပေးပို့နှုန်းပါပဲ။ အဲဒီ ပရိုဂရမ်ကို
မိတ်ဆက်ပေးပြီးပြီးချင်းပဲ ကွန်ရက်တစ်ခုလုံး တစ်ယောက်နဲ့တစ်ယောက်
ပလူပျံနေအောင်ပို့ကြတော့တာပါပဲ။
တကယ်တော့ပြောရမယ်ဆိုရင် အခုချိန်ထိလည်း
အင်တာနက်မှာ လူတစ်ယောက်ချင်းစီရဲ့ အီးမေးလ်ပေးပို့နှုန်း ဟာ အခြား
သတင်းအချက်အလက်တွေကို မျှဝေတဲ့နှုန်းထက် အများကြီးပိုတုန်းပါပဲ။
တွမ်လင်န်ဆန်နဲ့ပတ်သတ်ပြီးပြောရမယ်ဆိုရင်တော့
အခုခေတ်မှာ ဘီလီယံနဲ့ချီပြီး ပို့နေကြတဲ့ အီးမေးလ်တွေမှာ ၁၉၇၂ ခုနှစ် ကတည်းက
သူချန်ထားခဲ့တဲ့ အကြီးမားဆုံးသော အမှတ်အသားကြီး တစ်ခုရှိပါတယ်။ အဲဒါကတော့ @ ဆိုတဲ့
အမှတ်အသားပါပဲ။ At လို့အဓိပ္ပါယ်ရတဲ့ အဲဒီ မျောက်လေးတစ်ကောင်ရဲ့ နားရွက်လေးနဲ့တူတဲ့
အမှတ်အသားလေးကို ရွေးချယ်ဖို့ အကြံရခဲ့တဲ့သူဟာ တွမ်လင်န်ဆန်ပါ။ လူသားတွေသမိုင်းမှာ
အချင်းချင်း ဆက်သွယ်မှု အတွက် အကြီးမားဆုံးပြောင်းလဲမှုကြီးထဲက
အရေးပါတဲ့အစိတ်အပိုင်းဖြစ်တဲ့ @ ဆိုတဲ့ သင်္ကေတလေးကို ဘာ့ကြောင့်များ
သူရွေးချယ်ခဲ့တာပါလိမ့်..။
“အင်း… ပြောရရင် နည်းနည်းတော့ ရီစရာကောင်းတယ်ဗျ။
ကျွန်တော့်အနေနဲ့ လူနာမည်နဲ့ ဒိုမိန်းနေရာ (ပေးပို့မယ့်ကွန်ပြူတာနာမည်) နဲ့ကို
ကြားမှာ တစ်ခုခုခံပြီး ခွဲချင်တယ်။ အဲဒီမှာ လူတွေနာမည်မှာ မပါနိုင်မယ့် သင်္ကေတတွေ
စာလုံးတွေ လိုက်ရှာတာပေါ့။ အစက အာမေဋိတ် သင်္ကေတ ! ဒါမှမဟုတ် ကော်မာ , ထားမလားလို့
စဉ်းစားမိသေးတယ်ဗျ။ ဒါပေမယ့် အဲဒါတွေက သိပ်လည်း အဓိပ္ပါယ်မရှိဘူးလေ။ အဲဒီမှာ @
ကိုသွားတွေ့တယ်။ ဆိုလိုတာကလည်း At ဆိုတော့ အဓိပ္ပါယ်လည်းရှိတယ်လေ။ နောက်ပြီး
အဲဒီအချိန်က ဘယ်သူ့နာမည်မှာမှ အဲဒီ @ ဆိုတဲ့ စာလုံး မရှိဘူးလေ။ ဒါပေမယ့် အခုတော့
မှန်သေးဦးမလား မပြောတတ်ဘူးဗျ။ ဘာလို့လည်းဆိုရင် တစ်နေ့ တစ်နေ့ ကျွန်တော် အပြင်မှာ
ကြားကြားနေရတဲ့ နာမည်စာလုံးပေါင်းတွေက ထူးပေ့ဆန်းပေ့ဆိုတာတွေ ချည်းပဲ..”
အရွှန်းဖောက်ပြီး သူရှင်းပြပါတယ်။
၁၉၇၂ မှာ ARPA ကွန်ရက်ထဲမှာ ဆိုက်တွေ ၁၂
ခုလောက်ရှိလာပါပြီ။ ဒါပေမယ့် ကွန်ရက်ဆိုတာ ဘာလဲဆိုတာ ကိုတော့ ဘယ်သူမှ မယ်မယ်ရရ
မသိသေးပါဘူး။ ရောဘတ်စ်ဟာ အဲဒီကိစ္စကို အမြန်ဆုံးပြောင်းလဲဖို့ ဆိုင်းပြင်း ပါတယ်။
BBN က ဘော့ဘ်ခန်း နဲ့တိုင်ပင်ပြီး အများပြည်သူလာရောက်ကြည့်ရှုနိုင်မယ့် ပွဲတစ်ခု
အမြန်ဆုံးစီစဉ် ခိုင်းပါတယ်။ ဘော့ဘ်ခန်း လည်း နိုင်ငံတကာ
ကွန်ပြူတာဆက်သွယ်ရေးကွန်ဖရင့် ဆိုပြီး သူတို့ရဲ့ ကွန်ရက်ပြပွဲ ပြသဖို့ အတွက်
စီစဉ်လိုက်ပါတယ်။ အောက်တိုဘာလကုန်ပိုင်းလောက်မှာ အဲဒီကွန်ဖရင့်ကို ၀ါရှင်တန်က
ဟေလ်တန် ဟိုတယ်မှာ ကျင်းပဖို့စီစဉ်ပါတယ်။
ရောဘတ်စ်ဟာ အမေရိကန်တစ်ခွင်မှာရှိတဲ့ သူ့စနစ်နဲ့
ကွန်ပြူတာကို အသုံးပြုနေတဲ့ လူတွေအားလုံးကို ဆက်သွယ်ပါတယ်။ အများစုကလည်း
အဲဒီပြပွဲကို တက်ရောက်ဖို့ စိတ်ဝင်စားကြောင်း အကြောင်းပြန်ကြပါ တယ်။ ဒါဟာ
ကွန်ရက်ကို အများပြည်သူရှေ့ အစမ်းသပ်ခံဖို့ ချပြမယ့် တကယ့်ပွဲကြီးပွဲကောင်းပါပဲ။
အဲဒီပွဲမှာ ပြသမယ့် စမ်းသပ်ချက်တွေအနက် တစ်ခုကဆိုရင် ၀ါရှင်တန်မှာရှိတဲ့
ကွန်ပြူတာတစ်လုံးကနေ UCLA မှာရှိတဲ့ ကွန်ပြူတာတစ်လုံးကို ကီလိုမီတာများစွာ
ဖြတ်သန်းဆက်သွယ်ပြီး ပရိုဂမ်တစ်ခုကို လည်ပတ်ဖို့ အမိန့်ပေး ညွှန်ကြားပါလိမ့်မယ်။
သူလုပ်ခိုင်းတဲ့အတိုင်း လုပ်ပြီးတာနဲ့ ညွှန်ကြားချက်ရလာဒ် ကို ခုနက ညွှန်ကြားသူ
ဝါရှင်တန်က ကွန်ပြူတာဘေးက ပရင်တာမှာ ပရင့်ထုတ်ပြီး စားပွဲပေါ်မှာ အဆင်သင့်
လုပ်ပေးပါလိမ့်မယ်။
နောက်ထပ် ပြသမယ့် အရာတွေလည်းအများကြီးပါ။ ဥပမာ
ကီလိုမီတာ ထောင်ချီတဲ့နေရာက ကွန်ပြူတာထဲက ဂိမ်းတွေကို ပြပွဲက လူတွေအနေနဲ့
ဝင်ရောက်ကစားနိုင်မှာမျိုးတွေ၊ နောက်ပြီး MIT ဆိုတဲ့ အုပ်စုက စက်ပင့်ကူ တစ်မျိုးကို
သယ်လာပြီး အဲဒီ ပင့်ကူက ကွန်ပြူတာကတဆင့် ဟိုအဝေးကြီးမှာရှိတဲ့ အိမ်တစ်အိမ်ထဲက
ပရိဘောဂအပြည့်အလှဆင်ထားတဲ့ အခန်းတွေဆီကို တစ်ခန်းပြီးတစ်ခန်း ၀င်ပြီး ပြသလိုမျိုး
ပြသမှာမျိုးတွေ စသဖြင့် ထူးဆန်းထွေလာ ကွန်ရက်ကမ္ဘာ လို့ပြောရမယ့်
ပြပွဲမျိုးပါပဲ။
ဒါပေမယ့် ထုံးစံအတိုင်း ပြည်ပန်းညို
ချိုချင်ပါလျက် ဆားကဖျက်ဆိုသလို စီစဉ်ထားတာတွေကတော့ တကယ့် စိတ်ဝင်စားစရာပါ။
ဒါပေမယ့် စက်ဆိုတဲ့အမျိုးဟာလည်း ဆားလိုပဲ အခန့်မသင့်တာနဲ့ အရသာကို အကုန်ဖျက်
အကုန်လွဲချော်ကုန်တတ်တာပဲလေ။ တကယ့်ပွဲနေ့မှာ စက်တွေက ထဖောက်တော့တာပဲ။ ၀ါရှင်တန်က
ကွန်ပြူတာဘေးက ပရင်တာက ထုတ်မရ။ နောက် စက်ပင့်ကူကြီးကလည်း ဗရိတ်ဒန့်ဆွဲသလို ခုန်ဆွ
ခုန်ဆွနဲ့ဖြစ်လိုဖြစ် တခါတည်းကို အကုန်လုံး လွဲကုန်တော့တာပဲ။ ဖြစ်ပုံကတော့ UCLA က
ကွန်ပြုတာ က ကွန် ရက်က တစ်ဆင့် စက်တပ်ပင့်ကူ ကို မှားပြီး သွားချိတ်မိပြီး
ပင့်ကူကြီး ခုန်ဆွ ခုန်ဆွ ဖြစ်သွားရတဲ့အကြောင်း ကတော့ UCLA က
ဝါရှင်တန်ကွန်ပြူတာဆီကို ညွှန်ကြားချက်အတိုင်း အချက်အလက်တွေ ပရင်တာထုတ်ရ အောင်
ပို့တဲ့အခါ ပင့်ကူဆီကို မှားပို့မိတော့ ပင့်ကူက တဆတ်ဆတ်နဲ့ ဒေတာ စီးဆင်းတဲ့အတိုင်း
ထခုန်တော့ တာပါပဲ။
ဒါပေမယ့်လည်း ကံကောင်းတယ်ပြောရမယ်.. ခုနကလို
အလွဲတွေရှိပေမယ့် တက်ရောက်လာတဲ့ ဧည့်သည်တွေ အားလုံး ကွန်ရက်ကို တအံ့တသြ နဲ့
တစ်ခါတည်းကို စိတ်ဝင်စားသွားကြတာပါပဲ။ အဲဒီပွဲ ပြီးတဲ့အခါ ARPA ကွန်ရက်ဟာ အရင်ကထက်
ပိုပြီး မြန်မြန်ဆန်ဆန် ကျယ်ပြန့်ကြီးထွားလာပါတော့တယ်။
(အပိုင်း ၁၁ ဆက်ရန်)
မေသန္တာဝင်း
အောက်တိုဘာ ၂၉ ရက် ၂၀၁၂
နေ့လည် ၃ နာရီ ၁၀ မိနစ်
Ref: The Story of the Internet by Stephen
Bryant
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။