ပေါ်ထွန်းမြိုင်
ကျွန်တော်သည် ပညာရေးသမားစစ်စစ်ပါ။ တိတိပပဆိုရပါမူ လုပ်သက်၃၆ နှစ်ရ ကျောင်းအုပ်ကြီး တစ်ယောက်ဖြစ်ပါ၏။ မနေ့တနေ့ကမှ မိုးပေါ်ကကျလာသော မိုးကျရာထူးကြီး သခင်ပညာ့အရှင် ဝင်ကစွပ် နှစ်သီးစား အခွင့်ထူးပုဂ္ဂိုလ်ထူးမြတ် မဟုတ်ရပါကြောင်း အထူးတင်ပြလိုသည်လည်းတမုံ့။
မူလတန်းပြရာထူးကို အိပ်ယာ တစ်လိပ် လွယ်အိပ် တစ်လုံးဖြင့် ဘုန်းတော်ကြီးကျောင်းသားတစ်ပိုင်း ကျောင်းဆရာတစ်ချမ်းဖြင့် တိုင်းရင်းသားရွာကလေးမှ စခဲ့ရပါသည်။ ဆင်းရဲခြင်း ခက်ခဲခြင်း အသက်မြဲခြင်းတို့နှင့် ပတ်သက်၍ အထူးစာမဖွဲ့လိုတော့ပြီလည်းဖြစ်ပါ၏။
ဦးသန့် မှိုင်းရာပြည့်အပြီး ကျွန်တော် ကျောင်းထုတ်ခံခဲ့ရပါ၏။ ပညာရေးနှင့်ပတ်သက်၍ ရှေးဦးဆုံး ပတ်သက်ဆက်နွယ် ခဲ့ရဘူးသော သူနှစ်ဦးမှာ မော်လမြိုင်ကောလိပ် ပါမောက္ခချုပ်များဖြစ်ခဲ့ဖူသူ ဆရာကြီး ဒေါက်တာမောင်ဒီနှင့် ဆရာကြီး ဦးခင်မောင်တင့် (တက္ကသိုလ်ဘုန်းနိုင်) တို့ဖြစ်ပါ၏။ ဆိုးရွား စုတ်ပဲ့သော ခေတ် စနစ်တစ်ခု၏ ၀ါးမျို နင်းဖျက် နာကျင်အောင် နှိပ်စက်၍ အသက်ဆုံးစေခဲ့ရသူ မြောက်များလှစွာ တို့အနက် ဤဆရာကြီးနှစ်ပါးသည် တစ်မျိုးတစ်ဘာသာစီ ပါဝင်ခြင်း ခံခဲ့ကြရပါကြောင်း ဆိုရပါအံ့။
တိတိပပဆိုရပါမူ ဆရာကြီး ဒေါက်တာမောင်ဒီကို ပိုသိပါ၏။ မော်လမြိုင်ကောလိပ် ကျောင်းအုပ်ကြီးဘ၀မှ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် နောက် ပညာရေးဌာန ဒုတိယ၀န်ကြီး မှ ၈ လေးလုံးအပြီး ပညာရေးနှင့် လက်လှမ်းဝေးခဲ့ရပါကြောင်း။ ဆိုပါရစေ ။
ဦးသန့်အရေးအခင်းတွင် တုတ်တုတ်ကယ်မျှ မလှုပ်ခဲ့ရပဲ ထုတ်ပေးသော လမ်းစရိတ်၊ စီစဉ်ပေးခဲ့သော ရထား၊ ကား၊ လေယာဉ်တို့ဖြင့် ဘုမသိ ဘမသိ အိမ်ပြန်ရောက်ခဲ့ကြရသော မော်လမြိုင်ကောလိပ်ကျောင်းသား ကျောင်းသူများ မှိုင်းရာပြည့်တွင် အတိုးရောအရင်းပါ ဆပ်ကြပါကုန်၏။တောင်ဝိုင်းတောင်ခြေမှသည်မြို့လယ်ပြည်နယ်ကောင်စီ၊ ပန်းခြံ ဈေးကြီး မှတ်မိသမျှ ပြည်သူအများ၏ အားပေးထောက်ခံမှု။ ဗညားဆောင်၏ အတွင်းရေးမှူးကျွန်တော် အဆောင်ပြန် ရောက်တော့ အသံပင်ပျောက်ခဲ့ရပါ၏ ဟူလို။
နိုင်ငံတကာတွင် ရှိဖူးအံ့မဆိုထား ကြာပင်ကြားဖူးနားဝ ရှိဖွယ်မမြင်သော မိမိတို့နေထိုင်ကြရာ ဇာတိမြို့ အသီး အသီးတွင် တက္ကသိုလ်၏ အတန်းတင် စာမေးပွဲကို လွတ်လပ်ပေါ့ပါးမှု များစွာဖြင့် ဖြေဆိုခဲ့ဖူးသော ဖြစ်စဉ် အတွေ့အကြုံသည်ကား ကျွန်တော်၏ သားစဥ်မြေးဆက်မှတ်တမ်းဝင် ထိုက်လှပေသည် မဟုတ်တုံလော။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။