ရိုမေးနီးယားမှာ Iolanda Balasလို့ခေါ်တဲ့ ကောင်မလေးတစ်ယောက်ရှိတယ်။ Balasဟာ ဆင်းရဲသားမိသားစုက ပေါက်ပွားလာပြီး ဖခင်ဖြစ်သူက ပိုလီယိုရောဂါစွဲကပ်နေတဲ့၊ ခြေတစ်ဖက်မသန်တဲ့ အရက်သမား၊ လောင်းကစားသမားတစ်ဦးဖြစ်တယ်။ မိခင်ဖြစ်သူကလည်း စိတ်မမှန်သူဖြစ်တာကြောင့် သာမန်လူတွေလို အလုပ်မလုပ်နိုင်ခဲ့ဘူး။ မိခင်ဟာ စိတ်ဖောက်ရင်ဖောက်သလို Balasကို ကန်ကျောက် ရိုက်နှက်တတ်ပါသေးတယ်။ ငယ်စဉ်ကတည်းက ထိန်းကွပ်သူမဲ့ဘဝနဲ့ Balasဟာ ယောက်ျားလေးတစ်ယောက်လိုပဲ လမ်းပေါ်မှာ ပြေးလွှားဆော့ကစားရင်း ကြီးပြင်းလာခဲ့တယ်။ Balasဟာ တခြားကလေးတွေကို အရမ်းအားကျခဲ့ပြီး သူတို့မိသားစု ချမ်းသာလာဖို့ကို အမြဲစိတ်ကူးယဉ်ခဲ့တယ်။
Balas(၁၂)နှစ်အရွယ် တစ်နေ့မှာ သူတို့ရဲ့အိမ်နီးနားချင်းဖြစ်တဲ့ ဝဲလ်ဆင်လို့ခေါ်တဲ့ အမြင့်ခုန် အားကစားသမားတစ်ဦးက သူ့ကိုအားကစားကွင်းထဲခေါ်ပြီး အမြင့်ခုန်သင်ပေးခဲ့တယ်။ စစချင်းမှာ Balasဟာ အားကစားကွင်းထဲမှာရပ်ပြီး လှုပ်တောင်မလှုပ်ရဲခဲ့ဘူး။
"ဝဲလ်ဆင်လိုပဲ နာမည်ကြီး အမြင့်ခုန်အားကစားသမားတစ်ဦး ကျွန်မ တကယ်ဖြစ်နိုင်မလား?" လို့ သူမေးတယ်။ "ဘာဖြစ်လို့ မဖြစ်နိုင်ရမလဲ?"လို့ ဝဲလ်ဆင်က ပြန်မေးတော့ Balasက "ကျွန်မတို့က ဆင်းရဲတယ်။ အဖေက အရက်သမား၊ လောင်းကစားသမား၊ အမေက စိတ်မမှန်တဲ့သူ၊ ကျွန်မအဖြစ်က ဆိုးလွန်းပါတယ်"လို့ သိမ်သိမ်ငယ်ငယ်နဲ့ ပြန်ဖြေခဲ့တယ်။
"ဒါတွေအားလုံးက မင်းအမြင့်ခုန်မယ့်ကိစ္စနဲ့ ဘာမှမပတ်သက်ဘူး" လို့ ဝဲလ်ဆင်က အားပေးစကားဆိုတယ်။
"ဝဲလ်ဆင်က အရာရာပြည့်စုံထက်မြက်ပြီး ကျွန်မက တုံးတုံးအအနဲ့ ဘာမှမရှိဘူး"လို့ Balasပြောတော့ ဝဲလ်ဆင်က ခေါင်းခါပြီး
"မဟုတ်ဘူး... ဘယ်သူမှ မွေးလာကတည်းက တော်ကြ၊ ထက်မြက်ကြတာ မဟုတ်ဘူး။ မင်းသာ သတ္တိရှိရှိနဲ့လုပ်ခဲ့ရင် မင်းလည်း တော်တဲ့သူ၊ ထက်မြက်တဲ့သူဖြစ်လာမှာပဲ" လို့ အားပေးခဲ့တယ်။
အဲဒီလိုနဲ့ ဝဲလ်ဆင်ရဲ့အားပေးစကားကြောင့် အမြင့်ခုန်အားကစားကို Balas သင်ယူခဲ့တယ်။ စစချင်းမှာ ဝဲလ်ဆင်က ဝ.၆မီတာအမြင့်ရှိတဲ့တန်းကို တန်းလိုက်ပြီး Balasကိုအခုန်ခိုင်းတယ်။ Balas ခုန်ကျော်နိုင်ခဲ့ပါတယ်။ အဲဒီနောက် ဝဲလ်ဆင်က ၁မီတာအမြင့်ရှိတဲ့တန်းကို တန်းလိုက်ပြန်တယ်။ Balas ခုန်ကျော်နိုင်ခဲ့ပြန်တယ်။ ဒီအချိန်မှာ ဝဲလ်ဆင်က "ဒီတုတ်တန်းတွေကို မင်းရဲ့ရည်မှန်းချက်ပန်းတိုင်လို့ သဘောထားလိုက်... ပြီးတော့ သတ္တိရှိရှိနဲ့ မင်းခုန်ကျော်နိုင်မယ်ဆိုတာကို ယုံထားလိုက်... ဒါမှ လုံလောက်တဲ့စိတ်ခွန်အားကို မင်းရမယ်။ အခု တုတ်တန်းကို ၁.၂မီတာအထိ တင်လိုက်မယ်။ ဒီတန်းကို မင်းကျော်ကိုကျော်နိုင်ရမယ်" လို့ပြောတယ်။ ဝဲလ်ဆင်ပြောတဲ့အတိုင်း စိတ်အင်အားတွေထည့်ပြီး ၁.၂မီတာတန်းကို သူခုန်ပျံကျော်ဖြတ်နိုင်ခဲ့ပါတယ်။ အမြင့်ခုန်အားကစားကို အကောင်းဆုံး၊ အထူးချွန်ဆုံးဖြစ်အောင် သူကြိုးစားပြီး ဆင်းရဲတဲ့သူ့မိသားစုဘဝကို ပြောင်းလဲပစ်မယ်လို့ သူဆုံးဖြတ်လိုက်တယ်။
အဲဒီနောက် ဝဲလ်ဆင်ရဲ့အကူအညီနဲ့ အားကစားလောကထဲ သူဝင်ရောက်ခဲ့တယ်။ အဲဒီမှာ ရိုမေးနီးယား အမြင့်ခုန်ချန်ပီယံ Sauteursရဲ့လေ့ကျင့်သင်ပြမှုကြောင့် ၁၉၅၆ခုနှစ် အသက်(၁၉)နှစ်ရှိတဲ့ Balasဟာ ၁.၇၅မီတာအမြင့်ကို ခုန်ပျံကျော်လွှားနိုင်ခဲ့ပြီး ကမ္ဘာ့စံချိန်တင်နိုင်ခဲ့တယ်။
အဲဒီနောက် အားကစားလောကမှာ အမြင့်ခုန်ချန်ပီယံအဖြစ် Balas တစ်ခေတ်စားခဲ့တယ်။ ၁၉၅၆ခုနှစ်ကနေ ၁၉၆၁ခုနှစ်ထိ Balasဟာ ကမ္ဘာ့စံချိန်၁၄ကြိမ်တိတိတင်ခဲ့ပြီး ၁၉၆ဝခုနှစ် ရိုမေးနီးယားအိုလံပစ်ပြိုင်ပွဲမှာ ၁.၈၅မီတာအမြင့်နဲ့ ရွှေတံဆိပ်ဆုကို ဆွတ်ခူးရရှိခဲ့တယ်။ ၁၉၆၁ခုနှစ်မှာ ကမ္ဘာ့စံချိန် ၁.၉၁မီတာအမြင့်ကို(၁ဝ)နှစ်တိတိ သူထိန်းထားနိုင်ခဲ့တယ်။ သူရခဲ့တဲ့ ဆုတွေက မရေမတွက်နိုင်ခဲ့ပါဘူး။ အဲဒီခေတ်က အမြင့်ခုန်အားကစားလောကမှာ သူဟာဆုအများဆုံးရရှိတဲ့ အမျိုးသမီးဖြစ်ခဲ့ပြီး Carpathian တောင်တန်းပေါ်က "လင်းယုန်မ"လို့ အမည်တွင်ခဲ့ပါတယ်။
Balasအောင်မြင်ခဲ့ပါတယ်။ သူရဲ့ခွန်အားနဲ့ ဆင်းရဲတွင်းထဲကနေ သူရုန်းထွက်နိုင်ခဲ့ပြီး ငယ်ငယ်တုန်းကမက်ခဲ့တဲ့ စိတ်ကူးအိပ်မက်ကို အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။ သူ့ကိုယ်သူလဲ အားကစားလောကမှာ အမြင့်ခုန်ချန်ပီယံတစ်ဦးအဖြစ် မှတ်တမ်းတင်နိုင်ခဲ့တယ်။ တကယ်တော့ ကျွန်တော်တို့လူတိုင်းရဲ့ အရှေ့မှာ တုတ်တန်းတစ်ခုစီ ရှိပါတယ်။ အဲဒီတုတ်တန်းက ဆင်းရဲခြင်း၊ ငတ်မွတ်ခြင်း၊ အလုပ်လက်မဲ့၊ ဆင်းရဲဒုက္ခ ဒါမှမဟုတ် တခြားစိတ်တိုင်းမကျတဲ့အရာတွေ ဖြစ်ပါတယ်။ အဲဒီတုတ်တန်းက အတားအဆီးမဟုတ်ပါဘူး။ တုတ်တန်းက ကျွန်တော်တို့ရဲ့စိတ်ကိုမြင့်တင်ပေးတဲ့ စံပေတံတစ်ခုဖြစ်တယ်။ တုတ်တန်းကိုခုန်ကျော်နိုင်ဖို့ အင်အားလိုသလို ခုန်ကျော်ရဲတဲ့သတ္တိရှိဖို့လည်း လိုပါတယ်။ ခုန်ကျော်ရဲတဲ့သတ္တိနဲ့ ရှေ့တိုးရင်ဆိုင်မှ စိတ်ကူးအိပ်မက်ဆီကို ကျွန်တော်တို့ အရောက်လှမ်းနိုင်မှာဖြစ်ပါတယ်။
မူရင်း--- ten classes for happy life attitude(တရုတ်စာအုပ်)စာအုပ်မှ ကြိုက်နှစ်သက်တာကို ကောက်နှုတ် ဘာသာပြန်ပါတယ်။
နိုင်းနိုင်းစနေ ဘာသာပြန်သည်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။