အိမ် . . . တဲ့။ အဲဒီဝေါဟာရကို ကြားလိုက်ရရင်ဖြင့် ရင်ထဲမှာ ငြိမ်းချမ်း သွားသလိုပါပဲ။ မိသားစုရဲ့ အငွေ့အသက်တွေ၊ ကိုယ်နဲ့ အမြဲတစေ ထိတွေ့နေရတဲ့ အသုံးအဆောင် ပစ္စည်းလေးတွေ၊ နောက်ပြီး ကိုယ့်ရဲ့ လုံခြုံနွေးထွေးမှုကို ပေးနိုင်တဲ့ စိတ်ခံစားချက်တွေ ရောယှက် ပါနေတာက. . . အိမ် . . ဆိုတဲ့ ဝေါဟာရလေးပဲပေါ့။ ဘယ်လောက်ပဲ ဝေးကွာတဲ့ နေရာဒေသကို ရောက်ရှိနေပါစေ။
အိမ်ဆိုတဲ့ . . . ကွန်းခိုရာ နေရာလေးကိုတော့ ရောက်အောင် ပြန်ချင်ကြစမြဲပါ။ ဒါကြောင့် သူတို့နေထိုင်တဲ့ အိမ်ကလေး ဒါမှမဟုတ် အိမ်ခန်းကလေး အကြောင်း တဖွဲ့တနွဲ့နဲ့ ပြောပြဖို့ အတွက်ကိုတော့ အနုပညာရှင်တွေကို အကူအညီ တောင်းခဲ့ရပါတယ်။ အခုတစ်ပတ်မှာ အိမ်အကြောင်း ဖွင့်ဆိုမယ့် အနုပညာရှင်က နေမျိုးအောင်ပဲ ဖြစ်ပါတယ်။
အိမ်ဆိုတဲ့ ဝေါဟာရ အဓိပ္ပာယ်
အိမ်ဆိုတာက လူသားတိုင်းမှာ မရှိမဖြစ် လိုအပ်တဲ့ နေရာတစ်ခု။ ကျွန်တော်ဆိုရင် မိသားစုနဲ့အတူ စားဝတ်နေရေးကအစ ဘဝမှာ ရုန်းကန်နေရပြီး၊ အချိန်တန်ရင် တစ်နေကုန် အလုပ်ပင်ပန်းပြီး ပြန်လာခဲ့ရင် အိမ်မှာ သားသမီးတွေနဲ့အတူ ပျော်မယ်။ အိမ်မှာ သာသာယာယာ ဖြစ်အောင် စိတ်ချမ်းသာဖြစ်အောင် အိမ်မှာ Decoration တွေကအစ ပြင်ဆင်ထားပြီး ကိုယ့်အတွက် မျက်စိပသာဒ ဖြစ်ပြီး ကျွန်တော့်အတွက် နားခိုရာလေး တစ်ခုလို့ ပြောချင်ပါတယ်။
ပြည်ပက Celebrity တွေရဲ့ နေအိမ်
ပြည်ပက အိမ်တွေကိုတော့ တွေ့ဖူးတယ်။ ကျွန်တော်က ခြံထဲမှာဆိုရင် Hotel ပုံစံမျိုး ဘန်ဂလိုလေး လုပ်ထားတယ်။ တချို့ ဂျာနယ်ထဲက အိမ်ပုံစံ၊ အင်တာနက်ထဲက အိမ်ပုံစံလေးတွေ သဘောကျတယ်။ အဲဒါလေးတွေကို ပြန်ပြီး ဖန်တီးဖြစ်တယ်။
အခုလက်ရှိ အိမ်ရဲ့ Decoration အနေအထား
အခုအိမ်ကတော့ ရှစ်နှစ်၊ ကိုးနှစ်လောက် ရှိပြီလေ။ ပြန်ပြင်ရဦးမယ်။ ကျွန်တော် အခုလုပ်ထားတဲ့ ဟာလေးတွေက အများကြီး လိုပါသေးတယ်။ အရင်က ကျွန်တော်တို့ (၂၂) လမ်းက အိမ်က မပြောင်းခင်ကတည်းက အခု ဒီအိမ်လေးကို ဆောက်တော့ Decoration ဆရာကို အကုန် အပ်လိုက်တာ။ အခုချိန်ထိ ဘာမှ မလုပ်ရသေးတော့ စိတ်တိုင်းကျမှုတော့ မရှိသေးဘူး။ တော်တော် လုပ်ရဦးမယ်။ အခုလက်ရှိ အိမ်မှာဆိုရင် အပေါ်ထပ်က ကြမ်းခင်းမှာ ကိုရီးယား ကြမ်းခင်းတွေ ခင်းထားတာ။ နာဂစ်မိတော့ အကုန်လုံး ပျက်စီးသွားရော။ အဲဒါကို ပါကေး မဟုတ်ရင်တောင် တစ်ခုခု ပြန်ပြင်ဖြစ်မှာပါ။
တကယ်လို့ ပြုပြင်လို့ ရမယ်ဆိုရင်
ကျွန်တော်ကတော့ ရှင်းရှင်းလေးနဲ့ သေသေသပ်သပ်လေး သူ့နေရာနဲ့သူ ကျယ်ကျယ်ဝန်းဝန်းလေးရှိတဲ့ အိမ်လေးတွေကို သဘောကျတယ်။ Decoration လှလှလေးတွေပေါ့။ အခု ဒီအိမ်လေးမှာ ဆင်ထားတဲ့ မီးတွေဆိုရင် မီးအပျောက်ပုံစံမျိုး၊ Lighting တွေက အစပေါ့။ အိမ်နဲ့ပတ်သက်ပြီး ကြိုက်နှစ်သက်တာ ဆိုရင် ပုဂံဟိုတယ်ပုံစံမျိုး အုတ်ခွက်လေးတွေ ဖော်ပြီး အထဲမှာဆိုရင်လည်း သေသေသပ်သပ်နဲ့ Lighting ပါးပါးလေးတွေဆိုရင် သဘောကျမိပါတယ်။ အခုလက်ရှိ အိမ်ရဲ့ Decoration အနေအထား အပြင်အဆင်၊ ဘယ်လိုအရောင်တွေ ကြိုက်လဲ အိမ် Decoration အရောင်ဆိုရင်၊ အိမ်ထဲက အသုံးအဆောင် ပစ္စည်းတွေနဲ့ လိုက်မယ့် အရောင်လေးတွေကို ကြိုက်တယ်။ အခုလက်ရှိ အိမ်ရဲ့ Decoration ကို Decoration ဆရာနဲ့ တိုင်ပင်ပြီး ကျွန်တော်ကြိုက်တဲ့ ပုံစံမျိုး ကတ်တလောက် ပြတယ်။ ကျွန်တော့် အမျိုးသမီးနဲ့ တိုင်ပင်ပြီး အိမ်ထဲက Decoration အနေအထားကို လိုချင်တယ်ဆိုပြီး ငွေအပြတ် ပေးလိုက်တယ်။ ကျွန်တော် ကိုယ်တိုင်လည်း စီစဉ်ပြီး ညွှန်ကြားခဲ့တာ မဟုတ်ဘူးလေ။ (၂၂) လမ်းမှာ နေတုန်း အချိန်ပေါ့။ အဲဒီတုန်းက ကျွန်တော်ကလည်း လာမကြည့်နိုင် ဆိုတော့ အဆင်မပြေရယ်လို့ မဟုတ်ဘူး။ စိတ်တိုင်းကျတာ ရှိသလို၊ စိတ်တိုင်း မကျတာလည်း ရှိပါတယ်။
ပြီးပြည့်စုံတဲ့ သိရိဂေဟာ
ဒီအိမ်လေးက ကိုယ့်ရဲ့အိမ်၊ ကိုယ့်ရဲ့မိသားစု၊ ကိုယ့်ရဲ့ဘဝ၊ သားသမီးတွေနဲ့ ပျော်ရွှင်ဖို့ဆိုတာက အိမ်ထောင်ဦးစီး အပေါ်မှာ မူတည်တယ်လို့ ကျွန်တော် မြင်တယ်။ အိမ်ထောင်ဦးစီးက ရိုးရိုးသားသားနဲ့ ထိန်းထိန်းသိမ်းသိမ်း ကြိုးစားမယ်ဆိုရင် မိသားစုလေးက ပျော်ရွှင်စရာ သီရိဂေဟာလေး တစ်ခု ဖြစ်မှာပါ။
8 Days Journal
http://www.delodelo.com/news/local/%e1%80%99%e1%80%ad%e1%80%9e%e1%80%ac%e1%80%b8%e1%80%85%e1%80%af-%e1%80%b1%e1%80%95%e1%80%ba%e1%80%ac%e1%80%b9%e1%80%9b%e1%82%8a%e1%80%84%e1%80%b9%e1%80%96%e1%80%af%e1%80%ad%e1%82%94%e1%80%86%e1%80%af/ မှ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။