စာပေအနုပညာနဲ့ တေးချစ်သူပရိသတ် အားလုံးက ကိုငှက်ကြီးလို့ ခေါ်တဲ့ တေးရေးတေးဆို ထူးအိမ်သင်က “တကယ်လို့များ မင်းအပြုံးလေးများ မရှိရင်.. တကယ်လို့များ …” တေးသီချင်း တစ်ပုဒ်စပ်ဆိုခဲ့ဖူးပါတယ်။ အဲဒီသီချင်းကို နားထောင်မိရာက တကယ်လို့များဆိုတဲ့ စကားလုံးလေးက ကျွန်မခေါင်းထဲမှာ တွေးစရာ ဖြစ်လာခဲ့ပါတယ်။ ပြည်သူချစ်တဲ့ အနုပညာရှင် တွေကိုလည်း တကယ်လို့များ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ စိတ်ကူးမိသမျှ မေးဖြစ်ခဲ့ပါတယ်။
မေး-တကယ်လို့များ ထရီဇာကို လူသူမရှိတဲ့ ကျွန်းတစ်ကျွန်းပေါ် တစ်ယောက်တည်း ပို့လိုက်မယ်ဆိုရင် ဘာတွေ ယူသွားချင်လဲ။
ထရီဇာကို ဘယ်သူက၊ ဘာအတွက် ပို့မှာလဲ အဲဒီအပေါ်မှာလည်း မူတည်သေးတယ်လေနော်။ ထရီဇာသွားမှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ပြောလို့မလောက်တဲ့ ပစ္စည်းတွေ အများကြီးပဲ။ ထရီဇာက ပစ္စည်းထက်စာရင် လူသူမရှိတဲ့ ကျွန်းကြီးပေါ်မှာ တစ်ယောက်တည်းနေပြီး စိတ်ချမ်းသာမှုတွေရဖို့ ထရီဇာ စိတ်ခွန်အား မရှိသေးဘူး။
မေး- တကယ်လို့များ ဖြတ်သွားရင်း လက်ဘက်ရည်ဆိုင်မှာ ကိုယ့်ရဲ့ သီချင်း (သို့) ကိုယ်ပါဝင်ထားတဲ့ ဇာတ်ကားဖွင့်ထားတာ တွေ့ရင် ဘယ်လိုနေလဲ။
ဇာတ်ကားဖွင့်ထားတာ၊ သီချင်း ဗီစီဒီ ဖွင့်ထားတာတို့ဆိုရင် ကိုယ့်ရုပ်ကြီးကို မြင်နေရတဲ့အတွက် မနေတတ်၊ မထိုင်တတ် ဖြစ်တယ်။ သီချင်း ဖွင့်ထားရင်တော့ ရုတ်တရက် ကြားလိုက်ရရင် ပျော်တယ်။ ဒါပေမဲ့ ကိုယ်ထိုင်နေတဲ့ဆိုင်မှာ ကိုယ်ထိုင်နေလို့ ဖွင့်ပြတာမျိုး ဆိုရင်တော့ ရှက်တယ်။
မေး- တကယ်လို့များ လမ်းနာမည်ကို ကိုယ့်နာမည်နဲ့ အစွဲပြုပြီး မှည့်ခွင့်ရခဲ့မယ်ဆိုရင်ရော . . .
အဲဒီလိုရှိဖို့ စိတ်ဆန္ဒကြီးတော့ မရှိပါဘူး။ ရှိနေရင်လည်း မကြိုက်တာမျိုး မဟုတ်ဘူး။ ရှိနေရင်တော့ ကောင်းတာပေါ့။ အဲဒီလို ဆန္ဒမျိုးတော့ တစ်ခါမှ မဖြစ်ဘူး။
မေး- တကယ်လို့များ နိုင်ငံခြားက ကိုယ် Crazy ဖြစ်တဲ့ အနုပညာရှင်က သူနဲ့ အတူတွဲပြီး အလုပ်လုပ်ဖို့ ကမ်းလှမ်းလာမယ် ဆိုရင်ရော ဘယ်လို အကြောင်း ပြန်မလဲ။
အရင်ဆုံးသူနဲ့ တွဲလုပ်နိုင်တဲ့ အရည်အချင်းမျိုး ကိုယ့်မှာ ရှိရဲ့လား ကြည့်ရမယ်။ ကိုယ်နဲ့ တွဲလုပ်ရအောင် စိတ်ဓာတ်တွေ တူသလား။ ကိုယ်ဒီလူနဲ့တွဲပြီး အလုပ်လုပ်လိုက်လို့ ကိုယ့်မှာ စိတ်ချမ်းသာမှာလား Stress တွေပဲ ရမှာလား ဆိုတာ ကြည့်ရဦးမယ်။ အလုပ်လုပ်တာ မဟုတ်ဘဲ သူနဲ့ အတူ စကားပြောဖို့ဆိုရင် အားတက်သရော warmly welcome ပေါ့။ အချိန်တွေ ကုန်ဆုံးဖြစ်မယ် ထင်တယ်။
မေး – တကယ်လို့များ ကိုယ်သိပ်မုန်းတဲ့သူ တစ်ယောက်နဲ့ ဓာတ်လှေကား တစ်ခုထဲမှာ ပိတ်မိနေရင် ဘယ်လို တုံ့ပြန်မလဲ။
ထရီဇာ သိပ်မုန်းတဲ့သူ မရှိဘူး။ စိတ်ထဲမှာ လူရယ်လို့ သတ်မှတ်လို့ မရတဲ့ လူမျိုးတော့ ရှိတယ်။ အဲဒီလို လူမျိုးနဲ့များ ဓာတ်လှေခါးထဲမှာ ဆုံခဲ့မယ် ဆိုရင် ကိုယ့်ရဲ့အာရုံငါးပါးမှာ သူဆိုတာ ဖြစ်တည်မှု မရှိတော့ဘူး။ အဲဒီတော့ သူမရှိသလိုလေးပဲ ထရီဇာက နေလိုက်မယ်။ နေနိုင်တယ်။
မေး- တကယ်လို့များ တစ်ရက်သာ အသက်ရှင်ခွင့် ရတော့မယ်လို့ သိခဲ့ရင် . . .
ထရီဇာမှာရှိတဲ့ ခွန်အား၊ ငွေကြေးတွေ အကုန်လုံးကို လိုအပ်တဲ့ သူတွေကို ပေးလိုက်မယ်။ တစ်ရက်တာ ရှိနေသမျှ အချိန် အကုန်လုံးကို ထရီဇာချစ်တဲ့သူနဲ့ ကုန်ဆုံးပြီး လိုက်လုပ်ပေးနေမိမယ် ထင်တယ်။
မေး- တကယ်လို့များ ထရီဇာကို နံပတ်တွေနဲ့ ပတ်သက်ပြီး အယူသည်းမှု ရှိလားလို့ မေးလာရင် . . .
နံပါတ်တွေနဲ့ ပတ်သက်ပြီး ထရီဇာက အယူသည်းတာမျိုး မရှိပါဘူး။ နံပါတ်တွေထဲမှာ အကြိုက်ဆုံး နံပါတ်ရယ်လို့လည်း မရှိဘူး။ တချို့က 13 ဂဏန်းကို Unlucky No လို့ သတ်မှတ်ကြပေမယ့် ထရီဇာအမြင်အားလုံးက အကြောင်းအရာတွေနဲ့ တိုက်ဆိုင်သွားပြီး အစွဲဖြစ်သွားတာပေါ့။ ဒါတွေက စိတ်နဲ့ပဲ ဆိုင်ပါတယ်။ စိတ်က အစွဲကြီး တစ်ခု ဖြစ်သွားပြီဆိုရင် ဖျောက်ရခက်တယ်။ စိတ်ရဲ့ Willpower က၊ စိတ်က ဦးဆောင်နေတဲ့အရာက တကယ်ဖြစ်လာတယ်။ ကိုယ့်စိတ်က ကောင်းတဲ့ဘက်ကို ဦးဆောင်နေတယ်ဆိုရင် အကောင်း ဖြစ်လာမှာပဲ။ ဒါကြီးကို မကောင်းဘူးလို့ အစွဲပြုသွားရင် ဘယ်တော့မှ အဆင်ပြေလာမှာ မဟုတ်ဘူးလို့ ထရီဇာ ထင်တယ်လေ။
Ref : 8 Days Journal
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။